စာပေညီလာခံ (၂ဝ၁၇)

ခင်မောင်ဌေး (ပညာရေး)

မြန်မာနိုင်ငံတွင် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်၍ နိုင်ငံလုံးဆိုင်ရာ စာပေညီလာခံကြီးစတင် ကျင်းပတော့မည်ဖြစ်သည်။ အဓိကရည်မှန်းချက်မှာ မြန်မာစာပေအဆင့်အတန်း တိုးတက်မြင့်မားစေရေး၊ မြန်မာစာပေလောက တိုးတက်စေရေးအတွက် စာပေလောကအတွင်း အခက်အခဲများ၊ အတားအဆီးများကို စာပေလောကသားများကိုယ်တိုင်ဆွေးနွေးညှိနှိုင်း ပြုပြင်ကြရင်း အစိုးရနှင့်အတူ ပိုမိုကောင်းမွန်သည့်စာပေ အသိုင်းအဝိုင်းကို ဖန်တီးနိုင်စေရန် ဖြစ်သည်။

၁၉၆၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံ၌ ပထမဆုံးပြုလုပ်သည့် အမျိုးသားစာပေညီလာခံကြီးကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေတွင် ခမ်းနားထည်ဝါစွာ ကျင်းပခဲ့သည်။ ယင်းညီလာခံကို နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပ၍ စာရေးဆရာများသည်(၁) စာပေရေးသားပြုစုရန်အကြောင်းအရာ၊ (၂) စာပေ ရေးနည်းရေးဟန်၊ (၃) စာရေးဆရာတို့၏ တာဝန်နှင့် အခွင့်အရေးဟူ၍ အဓိကခေါင်းစဉ် သုံးခုကို နှီးနှောဖလှယ်ခဲ့ကြ၏။

ယင်းသို့သော ဆွေးနွေးချက်များကို ''အမျိုးသားစာပေ ညီလာခံ၏ ဆွေးနွေးချက်များ'' အမည်ဖြင့် ညီလာခံ မှတ်တမ်းစာအုပ် ပုံနှိပ်ထုတ်ဝေခဲ့၏။ ပထမအကြိမ် အမျိုးသားစာပေညီလာခံတွင် ကျင်းပရေးဗဟိုကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးသိန်းဖေမြင့်က ဆောင်ရွက်ခဲ့သည်။ ဒုတိယအကြိမ် စာပေညီလာခံကို ၁၉၈၉ ခုနှစ်တွင် ကျင်းပနိုင်ခဲ့သည်။

စာပေညီလာခံ (၂ဝ၁၇) ကို ''လွတ်လပ်သောစာပေ၊ လွတ်လပ်သောအသံ'' ဆောင်ပုဒ်နှင့်အညီ ကျင်းပမည် ဖြစ်ရာ စာပေအဖွဲ့အစည်း ၁၁ ဖွဲ့တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဒီဇင်ဘာ ၁၂ ရက်မှ ၁၆ ရက်အထိ ရန်ကုန်မြို့တော်ခန်းမနှင့် မင်းဓမ္မလမ်း MCC တို့တွင် ကျင်းပမည်ဖြစ်သည်။

အရပ်သားအစိုးရလက်ထက် ပထမဆုံးအကြိမ် ကျင်းပသည့်စာပေညီလာခံကို လွတ်လပ်စွာ ရပ်တည်လျက်ရှိသော အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာနိုင်ငံစာပေ ပြန့်ပွားရေးအသင်း၊ မြန်မာစာပေ ချစ်မြတ်နိုးသူများအသင်း၊ PEN Myanmar ၊ မြန်မာနိုင်ငံ ကဗျာသမဂ္ဂ၊ မြန်မာနိုင်ငံ စာရေးဆရာသမဂ္ဂ၊ မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ မြန်မာဘာသာပြန်ကွန်ရက်၊ မြန်မာစာရေးဆရာကလပ်၊ မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

စာပေညီလာခံ (၂ဝ၁၇) ကျင်းပရေးဗဟိုကော်မတီကို ပူးပေါင်းကျင်းပမည့် စာပေအဖွဲ့များမှ တာဝန်ရှိသူများနှင့် စာပေဗိမာန် အဆောက်အအုံတွင် တွေ့ဆုံညှိနှိုင်းကာ ဗဟိုကော်မတီဝင် ၁၉ ဦးနှင့် ဖွဲ့စည်းလိုက်သည်။ ယင်းကော်မတီများမှာ ဦးအောင်စိုးဦး (ဥက္ကဋ္ဌ) ဟိန်းလတ်၊ မောင်သွေးသစ် (ဒုဥက္ကဋ္ဌ)၊ မြေလွင်၊ မျိုးမြင့်ညိမ်း၊ ရွှေကူ မေနှင်း (အတွင်းရေးမှူးအဖွဲ့)၊ သိမ်းစိုး (သီဟရတနာ)၊ မောင်စမ်းအေး (သဲကုန်း) ဘဏ္ဍာရေးမှူး၊ ကိုမြင့်ထွန်း (စာရင်းစစ်) ဟန်ဇော်၊ မျိုးမြတ်သူ (ပြန်ကြားရေး) မောင်ပြည့်မင်း၊ ကြည်နိုင် (စည်းရုံးရေးမှူး)၊ ဗဟိုကော်မတီဝင်များအဖြစ် ဂုဏ်ထူး ဦးသိန်းနိုင်၊ ဦးအေးချို (မဟာဝိဇ္ဇာ)၊ သန်းဇော်အောင်၊ ဦးဆန်းဝင်း၊ တိုးတက် (ရန်အောင်စာပေ) တို့ပါဝင်ပြီး အခြားကော်မတီခွဲများ ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်၏။

ယင်းဗဟိုကော်မတီဝင်များသည် စာပေညီလာခံ (၂ဝ၁၇) ဖြစ်မြောက်ရေးအတွက် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် လုပ်ငန်းတာဝန်ပြီးစီးမှုနှင့် ဆက်လက်လုပ်ဆောင်ရန် ကိစ္စရပ်များအား အောက်တိုဘာ ၂၈ ရက်တွင် သွားရောက် တွေ့ဆုံဆွေးနွေးခဲ့ကြ၏။

ယခုကျင်းပမည့် စာပေညီလာခံ (၂ဝ၁၇) သည် အရပ်သားအစိုးရတက်လာချိန်တွင် လွတ်လပ်စွာ ကျင်းပခွင့်ရသည့် ပထမအကြိမ် ညီလာခံဖြစ်၏။ ယင်း ညီလာခံသည် မည်သည့်အစိုးရအဖွဲ့အစည်း၊ မည်သည့် ပါတီအဖွဲ့အစည်းများ၏ လွှမ်းမိုးမှု တစ်စုံတစ်ရာမျှမရှိဘဲ လွတ်လပ်သော စာပေအဖွဲ့အစည်းများက ဦးဆောင်ကျင်းပမည် ဖြစ်သည်။

စာပေညီလာခံ (၂ဝ၁၇) ကို ကြိုဆိုပွဲ၊ စာပေဝိုင်း ဆွေးနွေးပွဲ၊ စာပေညီလာခံအခမ်းအနားဟူ၍ အပိုင်း(၃) ပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်၏။ စာပေညီလာခံ (၂ဝ၁၇) ဖွင့်ပွဲကို ဒီဇင်ဘာ ၁၂ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့တော်ခန်းမရှေ့၌ ကျင်းပမည်ဖြစ်သည်။

စာပေညီလာခံ၏ ဆွေးနွေးပွဲများကိုမူ ဒီဇင်ဘာ ၁၃ ရက်မှ ၁၇ ရက်အထိ မင်းဓမ္မလမ်းရှိ MCC ခန်းမ တွင် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ ကျင်းပသွားမည်ဖြစ်သည်။ ယင်းအခမ်းအနားတွင် စာပေအဖွဲ့ အစည်း ၁၁ ဖွဲ့မှ ကိုယ်စားပြုဆွေးနွေးသူများ ပါဝင်မည်ဖြစ်ပြီး တစ်သီးပုဂ္ဂလရပ်တည်လျက်ရှိသော စာရေးဆရာများ၊ အစုအဖွဲ့အစည်းလည်း ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။

စာပေညီလာခံ (၂ဝ၁၇) ကြိုဆိုပွဲ အစီအစဉ်များတွင် စာအုပ်ဈေးရောင်းပွဲတော်ကို နံနက် ၁ဝ နာရီမှ ည ၁ဝ နာရီထိ ခင်းကျင်းရောင်းချခြင်း၊ ဖျော်ဖြေရေး အစီအစဉ်များကို ညနေ ၄ နာရီမှ ည ၇ နာရီအထိ တင်ဆက်ခြင်းနှင့် စာပေဟောပြောပွဲကို ည ၇ နာရီမှ ည ၁၁ နာရီအထိ စာရေးဆရာနှစ်ဦးက ညစဉ်ဟောပြောခြင်းများကို ဒီဇင်ဘာ ၈ ရက် မှ ၁၂ ရက်အထိ ရန်ကုန် မြို့တော်ခန်းမနှင့် မဟာဗန္ဓုလ ပန်းခြံရှေ့မျက်နှာစာတွင် ကျင်းပမည်ဖြစ်သည်။

စာပေညီလာခံ (၂ဝ၁၇) တွင် Panel Discussion စကားဝိုင်း ဆွေးနွေးပွဲများ ပါဝင်ရာ (စာတမ်းဖတ်ခြင်း မရှိ) ယင်းဆွေးနွေးပွဲမှ ရရှိလာသော ရလဒ်များကို ဒီဇင်ဘာ ၁၆ ရက် နံနက် ၉ နာရီတွင် မြန်မာကွန်ဗင်း ရှင်းစင်တာ၌ ကျင်းပမည့် စာပေညီလာခံသို့ တင်သွင်းပြီး တက်ရောက်လာသူများ၏ မဲပေးဆုံးဖြတ်ချက်များဖြင့် ဆုံးဖြတ်သွားမည်ဖြစ်ရာ ယင်းဆုံးဖြတ်ချက်ကို ညီလာခံ၏ ဆုံးဖြတ်ချက်များအဖြစ် သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ပြန်ကြားရေးဝန်ကြီးဌာနမှတစ်ဆင့်ပေးပို့၍ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်သည်။

သို့ဖြစ်၍ စာပေညီလာခံ (၂ဝ၁၇) သို့ စာပေပညာရှင်များ အပါအဝင် စာပေမြတ်နိုးသူ မည်သူမဆို တက်ရောက်နိုင်သည်။ တက်ရောက်လိုသူများသည် စာပေညီလာခံ ကျင်းပရေးကော်မတီသို့ စာရင်းပေးသွင်း မှတ်ပုံတင်ရမည်ဖြစ်သည်။ မှတ်ပုံတင်ထားသူများအနေဖြင့် စားပွဲဝိုင်းဆွေးနွေးများ၌ ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် မဲပေးခွင့် ရရှိမည်ဖြစ်သည်။ မှတ်ပုံတင်မထား လျှင် ညီလာခံသို့တက်ရောက် လေ့လာခွင့်သာရ၍ မဲပေးခွင့်မရှိပေ။

စာရင်းပေးသွင်းလိုသူများအနေဖြင့် Yangon Book Plaza သို့ဖြစ်စေ၊ ဖုန်း - ဝ၉-၄၂၅ဝ၂၉၅၅၉ သို့ဖြစ်စေ၊ SarpaynyilarKhan [email protected] သို့ဖြစ်စေ ဆက်သွယ်နိုင်သည်။

စာပေညီလာခံသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ Panel Discussion ပါဝင်သူများအား သွားလာစရိတ်၊ တည်းခိုနေထိုင်မှု အားလုံးစီစဉ်ပေးမည်ဖြစ်၏။ တက်ရောက်လာသည့် စာပေပညာရှင်၊ ဝါသနာရှင်အားလုံးအား ထိုက်တန်သည့် လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ဆွေးနွေးပွဲရက်များတွင် မြို့တော်ခန်းမမှ MCC ခန်းမသို့ ပို့ဆောင်ပေးခြင်း၊ နံနက်စာလက်ဖက်ရည်တိုက်ခြင်း၊ နေ့ခင်းစာကျွေးမွေးခြင်း အစီအစဉ်များ ပြင်ဆင်ဆောင်ရွက်ထားပါကြောင်း စာပေညီလာခံ (၂ဝ၁၇) ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးဦးထံမှ သိရသည်။

စာပေညီလာခံ (၂ဝ၁၇) အတွက် တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ပူးပေါင်းပါဝင်လာနိုင်ရေးအတွက် အကြိုညှိနှိုင်းခရီးစဉ်များကိုလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အနှံ့ ဗဟိုကော်မတီဝင်များ ကိုယ်တိုင်သွားရောက်ခဲ့ကြသည်။ ရွေးချယ်ထားသည့် မြို့များအဖြစ် မန္တလေး၊ ပျဉ်းမနား၊ နေပြည်တော်၊ ပုသိမ်၊ မြစ်ကြီးနား၊ မော်လမြိုင်နှင့် ပခုက္ကူတို့အပြင် ဘီလူးကျွန်း၊ ဘားအံ၊ မြိတ်၊ မြင်းခြံ၊ ပြည်၊ တောင်တွင်းကြီး၊ မကွေးစသည့် မြို့များအထိ သွားရောက်ရန် ခရီးစဉ်များ သတ်မှတ်ရေးဆွဲထား၏ အကြိုလှုပ်ရှားမှုများအဖြစ် ရန်ကုန်မြို့ အထင်ကရလမ်းများ၊ နေရာများတွင် စာပေညီလာခံ (၂ဝ၁၇) စာတန်းပါ Box Stand များ၊ အလံများ၊ မြေစိုက်ပိုစတာများကို စိုက်ထူထားပြီဖြစ်သည်။ နိုဝင်ဘာ ၁၄ ရက်တွင်လည်း စာပေညီလာခံ (၂ဝ၁၇) နှင့် ပတ်သက်၍ မီဒီယာနှင့် တွေ့ဆုံရှင်းလင်းပွဲကို မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ပထမအကြိမ် အမျိုးသားစာပေညီလာခံကြီး ကျင်းပစဉ်က ''အမျိုးသားစာပေ ညီလာခံဆွေးနွေးချက်များ အမည်ဖြင့် ညီလာခံမှတ်တမ်း စာအုပ်ထုတ်ဝေခြင်း၊ စာရေးဆရာကြီးများ၏ မှတ်သားဖွယ်ရာများမှာ နှစ်ပေါင်း ၅၅ နှစ် ကြာသောအခါ ခေတ်လူငယ်တို့အလှမ်း ဝေးသွားပြီးဖြစ်၍ ပြန်လည်ထုတ်ဝေပေးရန် မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ အမျိုးသားစာပေဆုရ ဆရာ မနုဿကျော်ဝင်းက ဆို၏။ သို့ဖြစ်ရာ စာပေညီလာခံ (၂ဝ၁၇) ၏ ဆွေးနွေးမှု မှတ်တမ်းများကိုလည်း စနစ်တကျ ပြုစုထုတ်ဝေဖြန့်ချိနိုင်ရန် ကြိုတင်စီမံထားသင့်၏။ မကြာခင်ကပင် မန္တလေး၌ကျင်းပသွားသည့် ဧရာဝတီ စာပေပွဲတော်တွင် စာပေလောကအတွင်း ချီးကျူးသံ၊ ဝေဖန်သံများ ကြားခဲ့ကြရ၏။ အထူးသဖြင့် စားရေး၊ သောက်ရေး၊ သွားရေး၊ လာရေးများ အဆင်ပြေလှသော် လည်း စာတမ်းဖတ်ပွဲများ၊ ဟောပြောပွဲများ၊ တစ်ကိုယ် တော် စာတမ်းဖတ်ပွဲများ ပါဝင်သောကြောင့် မလိုလားအပ်သည့် အကြောင်းခြင်းရာများ ရှိခဲ့သည်။ ဆိုရလျှင် ပါဝင်သင့် ပါဝင်ထိုက်သူများအပေါ် အငြင်းပွားခြင်း၊ ဆွေးနွေးပွဲများ၌ မိမိကိုယ်မိမိ အမွှမ်းတင်လွန်းခြင်း၊ အကြောင်းအရာဆွေးနွေးချိန် နည်းပါးခြင်း၊ မည်သည့်နေရာ၊ မည်သည့်အခန်းတွင် မည်သည့်အကြောင်းအရာများ ဆွေးနွေးနေမှန်းမသိရခြင်း၊ အချို့ပရိသတ် ၄-၅ ဦးမျှဖြင့် ဆွေးနွေးနေရခြင်း၊ စကားပြောခွက်များ အသံမထွက်ခြင်း စသည်ဖြင့် ငါးသိုင်းများ၍ ဟင်းဟုန် ဆိုသကဲ့သို့ ဖြစ်စေမည့် အားနည်းချက်များကို အချိန်မီ စီမံဆောင်ရွက်ထားရန် သင့်သည်။

စင်စစ် ၂ဝ၁၇ ခုနှစ်တွင် ကျင်းပမည့် စာပေညီလာခံ ကြီးသည် စာပေအဖွဲ့အစည်းပေါင်း ၁၁ ဖွဲ့ပူးပေါင်း ပါဝင်မှုဖြင့် ကျင်းပတော့မည်ဖြစ်၏။ ဤညီလာခံကြီးသည် အသင်းအဖွဲ့တစ်ဖွဲ့ချင်း၏ ကိုယ်ရည်သွေးပြပွဲ မဟုတ်ပါ။ စာပေလောကကြီးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက် ရေးအတွက် စုပေါင်းထမ်းပိုးရမည်ဟူသော အသိတစ်ခုဖြင့် ပူးပေါင်းကြခြင်းဖြစ်သည်။ စာပေလောကကြီးအတွက် လိုအပ်နေသည့် အနယ်နယ်အရပ်ရပ်သို့ စာအုပ်ပို့ဆောင်ရာတွင် အထူးပို့ဆောင် ခံစားခွင့်၊ စာအုပ်ရောက်မှ ငွေရှင်းစနစ်၊ စာအုပ်ဈေးနှုန်းကျဆင်းစေရန် ဆောင်ရွက်မှု၊ စာပေဆုများရွေးချယ်ရာတွင် စိစစ်သုံးသပ်ရမည့် အချက်များ၊ အခွန်ကိစ္စ၊ စာရေးဆရာများ၏ ဘဝအာမခံချက်၊ ရသစာပေတိုးတက် ထွန်းကားရေး၊ မြန်မာစာပေ မြန်မာဘာသာစကား မှန်ကန်တိကျစွာ ရေးသားရေး၊ မူပိုင်ခွင့်၊ ဘာသာပြန်၊ နိုင်ငံတကာဆက်ဆံရေး၊ စာကြည့်တိုက်များ ပိုမိုထွန်းကားရေး၊ စာပေဟောပြောပွဲများ ပိုမိုစနစ်တကျ ဖြစ်ထွန်းရေး၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာအုပ်စာပေနှင့် ပညာသင်ကြားမှု ဆက်စပ်ရေးကို စာရေးဆရာများ၊ စာပေအဖွဲ့အစည်းများ၊ စာပေပညာရှင်များ၊ စာပေလောကသားများက လွတ်လပ်စွာ ဆွေးနွေးကြစေလိုကြောင်း ဗဟိုကော်မတီ ဒုဥက္ကဋ္ဌ ဆရာဟိန်းလတ်က ဆို၏။

စာပေညီလာခံ (၂ဝ၁၇) ကို ကျင်းပရန် ရက်ပိုင်းသာ လိုတော့သည်။ ကြိုတင်ပြင်ဆင်ရန် လျာထားသတ်မှတ်ချက်များ ပြည့်မီရန် ဝိုင်းကြဖို့လိုပါသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပရသည်ဖြစ်သောကြောင့် လိုအပ်ချက်များ၊ ဖြည့်ဆည်းဆောင်ရွက်စရာများ ရှိနိုင်ပါသေးသည်။ ကျင်းပရေး ဗဟိုကော်မတီအနေဖြင့် အထောက်ကူပြု ကော်မတီများတိုးချဲ့ဖွဲ့စည်းရန် လိုပါလိမ့်ဦးမည်။ တစ်နိုင်ငံလုံးအနေဖြင့် Panel Discussion အဖွဲ့ပေါင်း ၄ဝ ကျော်မည်ဟုပင် ကြားသိရ၏။ မင်းဓမ္မရှိ MCC ခန်းမတွင်လည်း အခန်းခွဲ၍ကျင်းပရန် အခန်းအရေအတွက် အလုံအလောက် ရှိသည်ဟု သိရသည်။ ဒီဇင်ဘာ ၁၃၊ ၁၄၊ ၁၅ ရက်များတွင် အချိန်နာရီအလိုက် အဖွဲ့များခွဲ၍ စီစဉ်ထားကြောင်း သိရပြီး စားပွဲဝိုင်း ဆွေးနွေးသူများ တက်ရောက်လာသူများအတွက် ကြိုတင်သိရှိနိုင်ရန် လိုအပ်လှပါသည်။ ကျွေးမွေးရေး အစီအစဉ်များပါ ဆောင်ရွက်ရမည်ဖြစ်၍ သမိုင်းဝင် ညီလာခံကြီးအဖြစ် ချွတ်ယွင်းအားနည်းချက် အနည်းဆုံးဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး စာပေလောကသား စာပေချစ်မြတ်နိုးသူတိုင်း ဝန်းရံပေးကြရမည်သာ ဖြစ်ပါကြောင်း။     ။

Ref : စာပေညီလာခံ (2017) Pages.
 

Share this on Social Media