ဖားကန့်တွင် မော်တော်ယာဉ် ကြီးကြပ်ရေး ကော်မတီဥက္ကဌ သေနတ်ဖြင့် ပစ်သတ်ခံရ

ဖားကန့် ဒီဇင်ဘာ ၁၉

 

ကချင်ပြည်နယ် ဖားကန့်မြို့တွင် မော်တော်ယာဉ် ကြီးကြပ်ရေး ကော်မတီ ဥက္ကဌ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါ မြို့ရှိ မရှီကထောင်ရပ်ကွက် ဘေလီတံတားထိပ်တွင် ရှိသော မော်တော်ယာဉ်ဂိတ်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့၊ နေ့လည် ၁၂:ဝ၀ နာရီခန့်တွင် ထိုင်နေစဉ် အမည်မသိ သေနတ်သမားများက သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားသည်။

 

``သူ့ဂိတ်ထဲမှာ ကားလက်မှတ် လာဖြတ်သလိုနဲ့၊ 125 ဆိုင်ကယ် ၂ စီးနဲ့ လူလေးယောက် ရောက်လာပြီး ဝင်သွားတယ်၊ သူတို့ထဲက လူတစ်ယောက်ရဲ့ ကျောပိုးအိတ်ထဲမှ သေနတ်ထုတ်၍ ပစ်ပြီး ဆိုင်ကယ် မောင်းပြီးပြေးသွားတယ် ပစ်တာက ၄ ချက်ပါ ၃ ချက်မှန်တယ် ၁ ချက်က မမှန်ဘူးလို့ မျက်မြင်တွေ့ရှိ သူတွေက ပြောပြတယ်´´ဟု ဖားကန့်မြို့နယ်၏ NLD အလုပ်အမှုဆောင် ဦးသောင်းစံက ပြောသည်။

 

အဆိုပါ သေဆုံးသူ၏ ဦးခေါင်းနောက်စေ့တွင် သေနတ်ဒဏ်ရာ တစ်ချက် နောက်ကျောတွင် သေနတ်ဒဏ်ရာ နှစ်ချက်ဖြင့် စုစုပေါင်း ၃ ချက်ထိ၍ ဖားကန့်ဆေးရုံသို့ သယ်ဆောင်သွားစဉ် သေဆုံးခဲ့သည်။

 

ယခင်နှစ်များကလည်း ဦးထွန်းလွင်၊ ဦးကံဆက်၊ ဒေါ်နန္ဒာလှိုင်၊ ကျောင်းဆရာ ဦးအောင်ဇင်ထွန်းတို့ကို အမည်မသိ လူများမှ သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့၍ သေဆုံးမှု ဖြစ်ပွားခဲ့သော်လည်း တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

 

ဦးမင်းမင်းဦး

Share this on Social Media