လူ့အခွင့်အရေးနှင့် သဟဇာတမဖြစ်သော ဖေ့စ်ဘွတ်၏ စီးပွားရေးလုပ်ငန်းပုံစံ

၇ ဧပြီ

ယခု သီတင်းပတ်များအတွင်း သတင်းဆိုးထွက်ပေါ်လာသည့် ဖေ့စ်ဘွတ် လူမှုကွန်ရက်မီဒီယာဝန်ဆောင်မှုကုမ္ပဏီသည် သန်းပေါင်းများစွာသော ဖေ့စ်ဘွတ် သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို ကာကွယ်ပေးရန် ပျက်ကွက်ခဲ့မှု အတွက် ဝန်ချတောင်းပန်ခဲ့ရသည်။ သတင်းအချက်အလက် ဆန်းစစ် လေ့လာရေး နိုင်ငံရေးဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Cambridge Analytica သည် ဖေ့စ်ဘွတ် သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များ ရရှိသွားခြင်းအတွက် ဖေ့စ်ဘွတ်တွင် တာဝန်ရှိသည်။ စမတ်ဖုန်းများမှတစ်ဆင့် ဖေ့စ်ဘွတ်သုံးစွဲသူတို့၏ ကိုယ်ရေးအချက် အလက်များ စုံစမ်းထောက်လှမ်းခံရခြင်းအပေါ် ဒေါသအိုးပေါက်ကွဲခဲ့ကြသည်။ မကျေနပ်မှုများနှင့်အတူ သန်းချီသောလူများက ၎င်းတို့၏အကောင့်များကို ဖျက်ပစ် လိုက်ကြသောအခါ ဖေ့စ်ဘွတ်၏ စတော့ရှယ်ယာ ဈေးနှုန်းများ ထိုးကျသွားခဲ့ရသည်။

ဖေ့စ်ဘွတ်အနေဖြင့် ယင်း၏လူမှုကွန်ရက်ပလက်ဖောင်းများပေါ်တွင် သတင်း အမှားများ ပျံ့နှံ့နေမှုကို မဟန့်တားနိုင်ခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ သတင်းအမှားများထုတ်လွှင့်မှုများတွင် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက် ပွဲအပေါ် သြဇာလွှမ်းမိုးရန် ရုရှားနိုင်ငံ၏ ဝါဒဖြန့်လုပ်ဆောင်မှုလည်း ပါဝင်သည်။

ဖေ့စ်ဘွတ်၏ လုပ်ဆောင်ချက်များမှာ ဒီမိုကရေစီစံနှုန်းဖြစ်သည့် လူ့အခွင့်အရေး နှင့် ပုဂ္ဂလိကလွတ်လပ်ခွင့်ဆိုင်ရာ အခွင့်အရေးများအား ချိုးဖောက်မှုကို ဖြစ်စေခဲ့သည်။ ဖေ့စ်ဘွတ်၏လုပ်ငန်းဆောင်ရွက်ချက်များက လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဖြစ်စေသည်။

ဖေ့စ်ဘွတ်၏ ကောင်းကွက်

ဆိုရှယ်မီဒီယာသည် တစ်နည်းတစ်ဖုံအားဖြင့် လူ့အခွင့်အရေးအတွက် ဆုလာဘ် တစ်ခုဖြစ်သည်။ လွတ်လပ်စွာပြောဆိုခွင့်ကို သိသာထင်ရှားစွာ ဖော်ကျူးနိုင်သည်။ တစ်ချိန်က လွတ်လပ်စွာပြောဆိုခွင့်ကို အစဉ်အလာအရ တည်ရှိနေသော မီဒီယာများ(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ ရေဒီယိုရုပ်သံများ)ကသာ ရရှိခဲ့ကြပြီး လွတ်လပ်စွာပြောဆိုခွင့်ကို လွတ်လပ်ပါသည်ဆိုသော နိုင်ငံများတွင်သာ ရရှိခဲ့သည် ဟုဆိုကြသည်။ အမှန်အားဖြင့်မူ လွတ်လပ်စွာပြောဆိုခွင့်ကို လူ့မလိုင်အလွှာဝင် လူတို့ကသာ လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့သည်။ လွတ်လပ်စွာပြောဆိုခွင့်ကို နိုင်ငံအားလုံး သာတူညီမျှ ကျင့်သုံးနိုင်သည်ဆိုသည့်တိုင် သာတူညီမျှထုတ်ဖော်ခွင့် မရရှိကြပေ။ ဂိတ်စောင့်များ (Gatekeepers) (စောင့်ကြည့်ရေးမဏ္ဍိုင်)အဖြစ် ရပ်တည်ခဲ့ကြပြီး လွတ်လပ်စွာပြောဆိုခွင့်ကို ယင်းမီဒီယာဌာနကြီးများကသာ ထိန်းချုပ်နိုင်ခဲ့သည်။

ယနေ့ကာလတွင် အင်တာနက်နှင့်ချိတ်ဆက်သူ မည်သူမဆို သတင်း အချက်လက်များနှင့် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို တစ်ကမ္ဘာလုံးသိအောင် ဖြန့်ချိပေးလာနိုင်သည်။ ဆိုရှယ်မီဒီယာက လူထုအတွင်း သတင်းအချက်အလက်များ ပျံ့နှံ့စေသည့် နယ်နိမိတ် အတိုင်းအတာကို ချဲ့ထွင်ပေးလျက်ရှိသည်။

“အတွေးအမြင်များ၏ ဈေးခင်းကြီး”ဟု တင်စားခေါ်ဝေါ်ခြင်းခံရသော ဆိုရှယ် မီဒီယာသည် ပိုမိုကြီးမားလာပြီး ပိုမိုကျယ်ပြန့်လာကာ ပိုမို၍အသွေးအရောင်စုံလာ သည်။

အထူးအားဖြင့် နိုင်ငံသားအခွင့်အရေးများနှင့် နိုင်ငံရေးဆိုင်ရာအခွင့်အရေး များအား ထိန်းချုပ်ထားသည့်နိုင်ငံများ၌ နိုင်ငံရေးလှုပ်ရှားမှုများ၊ အများပြည်သူ စုဝေးမှု များနှင့် ထုတ်ဖော်ဆန္ဒပြမှုများ ထိရောက်မှုရှိအောင် ဆိုရှယ်မီဒီယာက မြှင့်တင်ပေး လျက်ရှိသည်။

တူနီးရှားနှင့် အီဂျစ်နိုင်ငံတို့၌ အာဏာရှင်စနစ်များကို ဖြိုလှဲချသည့် လူထုဆန္ဒပြပွဲ ကြီးများတွင်လည်းကောင်း၊ စပိန်၊ ဂရိ၊ အစ္စရေး၊ တောင်ကိုရီးယားနှင့် အသိမ်းပိုက်ခံနယ်မြေမှ ပြည်သူများ၏ နိုင်ငံရေးလှုပ်ရှားမှုရှိသောဒေသများ၌ လူထုအုံကြွမှုကြီးများတွင်လည်းကောင်း ဆိုရှယ်မီဒီယာက ပြည်သူများအတွင်း ပေါင်းစပ်ညှိနှိုင်းပေးသော အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သည်။

မကြာသေးမီက ဖြစ်ပေါ်ခဲ့သော MeToo နှင့် neveragain လှုပ်ရှားမှုများ အပါအဝင် လူထုလှုပ်ရှားမှုများတွင် ဆိုရှယ်မီဒီယာက လှုပ်ရှားမှုပိုမိုအားကောင်းစေရန် ကူပံ့ပေးခဲ့သည်။

ဆိုးကွက်နှင့် ရုပ်ဆိုးအကျည်းတန်ချက်

သို့ရာတွင် ဆိုရှယ်မီဒီယာ၏ “လွတ်လပ်စွာပြောဆိုခွင့်”သည် လူ့အခွင့်အရေး အရ ကမောက်ကမမှုများကို ဖန်တီးပေးနိုင်သည်။ ဒီမိုကရေစီစနစ်အရ ဖော်ထုတ်ခွင့် ရရှိလာကြသည့်အသံသစ်များမှာ လူ့အခွင့်အရေးစံနှုန်းများအရ လိုလားဖွယ်ရာ မကောင်းလှပေ။

ဗီဒီယိုဖိုင်များ မျှဝေပေးနိုင်သောဝက်ဘ်ဆိုက်ဖြစ်သည့် YouTube သည် ကြည့်ရှု သူများအတွက် ကမ္ဘာ့ရေဆုံးရေဖျားအထိဖြစ်သော အကြောင်းခြင်းရာများကို အလို အလျောက် ရှာဖွေပေးနိုင်သည်။ ဆက်စပ်နှီးနွှယ်နေသော အကြောင်းခြင်းရာများအဖြစ် သတ်သတ်လွတ်စားသည့်အလေ့အထမှသည် တိရစ္ဆာန်အသက်နှင့်မကင်းသော အစား အစာများကိုသုံးစွဲခြင်းမှ ရှောင်ရှားခြင်းအထိ၊ ဖွဖွလေးပြေးခြင်းမှသည် တာတိုမာရသွန် ပြေးခြင်းအထိ၊ ဒေါ်နယ်ထရန့် ရေပန်းစားမှုမှသည် လူဖြူလူမျိုးကြီးဝါဒီတို့၏ လေလုံး ထွားမှုအထိ အကြောင်းခြင်းရာအမျိုးမျိုးကို YouTube က ရှာဖွေပေးနိုင်သည်။

YouTube သည် ၂၁ ရာစုခေတ်တွင် လူတို့၏အတွေးအမြင်များကို အခြေခံ ကျကျပြောင်းလဲပေးနိုင်စွမ်းရှိသော မီဒီယာကိရိယာတစ်ခု ဖြစ်လာဖွယ်ရှိသော်လည်း မရည်ရွယ်ဘဲ ဖြစ်ပေါ်နိုင်အံ့သော အကျိုးသက်ရောက်မှုများကိုလည်း ဖြစ်ပေါ်စေနိုင် သည်။ လူ့အခွင့်အရေးချိုးဖောက်မှုများကဲ့သို့သော အကျိုးသက်ရောက်မှုမျိုးကို ဆိုလို သည်။

စီးပွားရေးလုပ်ငန်းပုံစံနှင့် လူ့အခွင့်အရေးများ

လူ့အခွင့်အရေးဆိုင်ရာ အလွဲသုံးမှုများသည် ၂၁ ရာစု၏ ဒုတိယမြောက် ဆယ်စုနှစ်တာ ကာလအတွင်း ဆိုရှယ်မီဒီယာကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းပုံစံတွင် ပူးကပ်လာဖွယ်ရှိနေသည်။

ဆိုရှယ်မီဒီယာများ၏ စီးပွားရေးလုပ်ငန်းပုံစံများကိုကြည့်လျှင် ဆိုရှယ်မီဒီယာ သုံးစွဲသူများ၏ သတင်းအချက်အလက်များကို ရယူစုဆောင်းပြီး ဈေးကွက်တိုးချဲ့ရေး ရည်မှန်းချက်များအတွက် အသုံးချနေကြသည်ကိုတွေ့ရသည်။ စုဆောင်းရရှိထားသော ပုဂ္ဂလိကသတင်းအချက်အလက်များသည် ထုထည်ကြီးမားလှပြီး ပုဂ္ဂလိကအကျိုးစီးပွား လုပ်ဆောင်သူများအတွက် ကြီးမားသောအင်အားတစ်ရပ်ကို ဖြစ်စေသည်။

ဒီမိုကရေစီစနစ် အခိုင်အမာဆုံးတည်ရှိသောနိုင်ငံများမှာပင် ကော်ပိုရေးရှင်းကြီး များကဲ့သို့သော ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများက နိုင်ငံရေးအရ သွယ်ဝိုက်သော သြဇာလွှမ်းမိုးမှုရှိအောင် လုပ်ဆောင်နေကြသည်။ ယှဉ်ပြိုင်မှုကိုမြှင့်တင်အားပေးပြီး ဈေးကွက်အတွင်း မလျှော်မကန်လွှမ်းမိုးမှုကို တားမြစ်ရန်ရည်ရွယ်သည့် အင်အားကြီး ကုမ္ပဏီများအား ဖြိုခွဲရေးဥပဒေများသည် ပုဂ္ဂလိကစီးပွားရေးအဖွဲ့အစည်းများ၏ သြဇာ လွှမ်းမိုးမှုကို ထိန်းချုပ်ကန့်သတ်ပေးသည်။

ဥဒါဟရုဏ်အားဖြင့် ဖော်ပြရလျှင် ကုမ္ပဏီကြီးတစ်ခုတည်းက ဈေးကွက်အတွင်း လွှမ်းမိုးမှုမရှိစေရေး စီမံချက်များအရ Instagram ကို Facebook မှ ခွဲထုတ်ထား နိုင်သည်။ Google မှ YouTube ကို ခွဲထုတ်ထားနိုင်သည်။ သို့ရာတွင် သုံးစွဲသူဦးရေ တရိပ်ရိပ်တိုးလာမှုကြောင့် ဤမီဒီယာကုမ္ပဏီကြီးများ၏ တန်ခိုးအာဏာမှာ ကြီးထွား လာနေသည်။ ၂၀၁၇ ခုနှစ်နှောင်းပိုင်းတွင် ဖေ့စ်ဘွတ်သုံးစွဲသူဦးရေ ၂ ဒသမ၂ ဘီလီယံ ကျော်အထိရှိလာခဲ့သည်။ ကုမ္ပဏီကြီးတစ်ခုတည်းက ဈေးကွက်လွှမ်းမိုးမှုအား ထိန်းချုပ် ထားမှုကို ချေဖျက်သောအစီအမံများရှိသည့်တိုင်အောင် ကုမ္ပဏီတစ်ခု၏ ဖောက်သည် ဦးရေပမာဏကိုမူ ကန့်သတ်နိုင်ခြင်း မရှိချေ။



သုတကပေးစွမ်းသော စွမ်းပကား

ဖေ့စ်ဘွတ်ကုမ္ပဏီသည် ၂၀၁၀ ပြည့်နှစ်တွင် အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲ အတွင်း ပါတီစွဲကင်းသော အသိပေးကြေညာချက်တစ်ရပ်အား မဲဆန္ဒရှင်ပြည်သူများ လုပ်ဆောင်စေသော နည်းလမ်းတစ်ရပ်ကို စမ်းသပ်မှုတစ်ရပ်အဖြစ်ပြုလုပ်ခဲ့သည်။ “ကျွန်ုပ် မဲပေးပြီးပြီ”ဟူသော ထုတ်ဖော်ချက်ကို မဲဆန္ဒရှင်တို့က ခလုတ်လေးတစ်ခု နှိပ်ပေးရုံမျှဖြင့် အသိပေးကြေညာခြင်းဖြစ်သည်။ စမ်းသပ်မှုအရ အမေရိကန်မဲဆန္ဒရှင် ဦးရေ၏ သုညဒသမ၁၄ ရာခိုင်နှုန်းခန့် သို့မဟုတ် လူပေါင်း ၃၄၀ဝ၀ဝ က မဲပေးပြီးဖြစ်ကြောင်း အသိပေးကြေညာခဲ့ကြသည်။ အသေးစားစမ်းသပ်မှုမှာပင် ထုတ်ဖော်ကြေညာသူဦးရေ ဤမျှရှိနေပါလျှင် အကြီးစားစမ်းသပ်မှုဖြစ်လျှင် ထုတ်ဖော် ကြေညာသူဦးရေ အထူးပင် များပြားပေလိမ့်မည်။ ယင်းစမ်းသပ်မှုသည် ရွေးကောက်ပွဲ အတွင်း မဲပေးသူဦးရေ တိုးလာအောင် လုပ်ဆောင်ပေးနိုင်သည်။

ဖေ့စ်ဘွတ်ကုမ္ပဏီသည် ရွေးကောက်ပွဲတစ်ရပ်အတွင်း မဲပေးသူများအပေါ် သြဇာ လွှမ်းမိုးစေနိုင်သောနည်းလမ်းအား မည်သို့ကျင့်သုံးနိုင်သည်ကို သိရှိသွားပြီဖြစ်သည်။ ယင်းနည်းလမ်းကိုသိရှိယုံမျှဖြင့် ဖေ့စ်ဘွတ်ကုမ္ပဏီမှာ နိုင်ငံရေးကစားသူဖြစ်လာပေပြီ။

ဖေ့စ်ဘွတ်တွင် ခလုတ်ကလေးတစ်ချက်နှိပ်ရုံဖြင့် နိုင်ငံရေးအကျိုးသက်ရောက် မှုကြီးတစ်ရပ်ကို ဖြစ်စေနိုင်တော့သည်။

မိုက်ခရိုတားဂက်တင်း (Microtargeting)

လေ့လာချက်တစ်ရပ်အရ ဖေ့စ်ဘွတ်သုံးစွဲသောကွန်ပျူတာတစ်လုံးတွင် “Likes” ၇၀ ကို ဆန်းစစ်ကြည့်လျှင် လူတစ်ဦး၏ ကိုယ်ရည်ကိုယ်သွေးကို သူ၏ မိတ်ဆွေများ သို့မဟုတ် အခန်းဖော် များထက် ပိုမိုသိရှိနိုင်သည်။ “Likes” ၁၅၀ ကို ဆန်းစစ်ကြည့်လျှင် ထိုလူ၏ မိသားစု ထက်ပင် သူ၏ ကိုယ်ရည်ကိုယ်သွေးကို ပို၍ သိရှိနိုင်သည်။ “Likes” ၃၀ဝ ကို ဆန်းစစ်ကြည့်လျှင်မူ ထိုပုဂ္ဂိုလ် အကြောင်းကို  သူ၏ အိမ်ထောင်ဖက်ထက်ပင် သာလွန်သိရှိနိုင်သည်။

ကြော်ငြာလုပ်ငန်းသည် ဖောက်သည်များအား ဆွဲဆောင်စည်းရုံးနိုင်အောင် လုပ်ဆောင်မှုဖြစ်သည်။ လူထုအား ဆွဲဆောင်နိုင်ရန် လှည့်ဖြားမှုသဘော ဖော်ပြချက်များရှိသော်လည်း စီးပွားရေးအရ ကြော်ငြာခြင်းဖြစ်သဖြင့် ကြော်ငြာခြင်းကို လူ့အခွင့်အရေး ချိုးဖောက်မှုဟူ၍ မဆိုနိုင်ချေ။ အခကြေးငွေပေး၍ လူတိုင်းကြော်ငြာ နိုင်သည်။ ဆိုရှယ်မီဒီယာ Microtargeting သည် ဖောက်သည်များအား အပြိုင်အဆိုင်ဆွဲဆောင်ခြင်းဖြင့် ငွေကြေးအကျိုးအမြတ်ရရှိအောင် ကုမ္ပဏီများ ပြိုင်ဆိုင်နေကြသော နေရာတစ်နေရာဖြစ်လာသည်။ နိုင်ငံရေးနယ်ပယ်တွင်မူ ဆိုရှယ်မီဒီယာမှတစ်ဆင့် မဲဆန္ဒရှင်များအပေါ် သြဇာလွှမ်းမိုးစေခြင်း၊ မဲဆန္ဒရှင်များအား စုစည်းနိုင်ခြင်းတို့ ပြုလုပ်နိုင်သည်။

နိုင်ငံရေးလောက၌ အသပြာ၏လွှမ်းမိုးမှုကို နေရာအနှံ့တွေ့မြင်လာရချိန်တွင် ရွေးကောက်ပွဲ၌အောင်နိုင်ရေးအတွက် ဆိုရှယ်မီဒီယာကို ထိရောက်စွာအသုံးချလာခြင်း သည် အသပြာနိုင်ငံရေးကဲ့သို့ပင် လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ရှုမြင်နိုင်ပြီး အသပြာနိုင်ငံရေးထက်ပင် ပို၍ဆိုးရွားလှသည်။

သတင်းအတုအယောင်

အခပေး၍ကြော်ငြာသော ကြော်ငြာများသည် လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် မယူဆနိုင်သော်လည်း သတင်းအတုအယောင်များဖြန့်ချိခြင်းသည် ဧရာမပြဿနာကြီး တစ်ရပ် ဖြစ်လာသည်။

သတင်းအတုအယောင်ပြုလုပ်ခြင်းသည် ဒီမိုကရေစီနည်းလမ်းနှင့်အညီဖြစ်သော ဆွေးနွေးငြင်းခုန်မှုများ၏ သရုပ်မှန်ကိုပျက်ယွင်းစေကာ အဆိပ်အတောက်ပမာ ဒုက္ခပေး နိုင်သည်။ ဆိုရှယ်မီဒီယာကဖြန့်ချိသော သတင်းစကားများသည် သန်းပေါင်းများစွာ သော မဲဆန္ဒရှင်များအပေါ် သြဇာလွှမ်းမိုးနိုင်ရန် တမင်တကာ ပစ်မှတ်ထားဆောင်ရွက် ခြင်းဖြစ်သည်။ မစ္ဆရိယစိတ်ဖြင့် သတင်းမှားများဖြန့်ချိကာ သန်းပေါင်းများစွာသော မဲဆန္ဒရှင်တို့အပေါ် သြဇာသက်ရောက်စေရန် လုပ်ဆောင်မှုများရှိလာသည်။

သတင်းအတုအယောင်သည် ပြည်သူတို့၏သိရှိပိုင်ခွင့်နှင့် သတင်းအချက် အလက်မှန်များရရှိပိုင်ခွင့်တို့ကို ထိပါးနှောင့်ယှက်နေသည်ဟု ကုလသမဂ္ဂနှင့် ဒေသဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူပညာရှင်များက ထုတ်ပြန်ခဲ့သော “သတင်းအတု အယောင်ဆိုင်ရာ ကြေညာချက်”တွင် ဖော်ပြထားသည်။

ပြည်သူ့အရေးကိစ္စရပ်များတွင် ပြည်သူလူထု၏ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိပြီး သတင်းအတုအယောင်များကို အလုံးအရင်းဖြင့် ဖြန့်ချိခြင်းက ပြည်သူတို့၏ ပါဝင်ဆောင်ရွက်နိုင်ခွင့်ကို ချေဖျက်နေသည်။ ရုရှားနိုင်ငံနှင့် Cambridge Analytical သတင်းအချက်အလက်များ ဆန်းစစ်လေ့လာခြင်းဆိုင်ရာ နိုင်ငံရေးအကြံပေး ကုမ္ပဏီတို့သည် ရွေးကောက်ပွဲများ၌ ဆိုရှယ်မီဒီယာကို လက်နက်သဖွယ် အသုံးချ ခဲ့ကြပုံကို ဖေ့စ်ဘွတ်ကုမ္ပဏီ၏ သတင်းအချက်အလက်ပေါက်ကြားမှု အရှုပ်တော်ပုံကြီး က ပြသခဲ့ပြီဖြစ်သည်။

ဆိုရှယ်မီဒီယာကုမ္ပဏီများသည် သတင်းအတုအယောင်ပြဿနာကို မည်သို့ မည်ပုံကိုင်တွယ်ကြမည်ကို ကျွန်ုပ်တို့သိရှိရန် ခက်ခဲပါသည်။ သတင်းအတုအယောင် များအပေါ် ဖိနှိပ်ခြင်းသည် လူ့အခွင့်အရေးတစ်ရပ်ဖြစ်သော လွတ်လပ်စွာပြောဆိုခွင့်ကို ဖိနှိပ်ခြင်းအဖြစ် ဆိုကြပါမည်လော။

ကလိန်စေ့ ငြမ်းစင်မှုများကို ရှာဖွေဖော်ထုတ်ခြင်း

“သတင်းအတုအယောင်ဆိုင်ရာ ကြေညာချက်”တွင် ဖော်ပြထားသည့် ဖြေရှင်း ချက်နည်းလမ်းတစ်ရပ်မှာ သတင်းအတုအယောင်များကို ဖတ်ရှုသူများကိုယ်တိုင်က သတင်းအတုအယောင်များဖြစ်ကြောင်း အတည်ပြုနိုင်စေမည့် နည်းပညာကို ဖော်ထုတ်ပေးရန် ဖြစ်သည်။

အတွေးအမြင်များဖလှယ်နိုင်သည့် ဈေးခင်းကြီး(ဆိုရှယ်မီဒီယာ)တွင် သတင်း အတုအယောင်များ အဆမတန်ပျံ့ပွားနေမှုကို ထိန်းချုပ်နိုင်ရေးအတွက် ဆင်ဆာ ပြုလုပ်ခြင်းထက် မှန်ကန်သောအတွေးအမြင်များဖြင့် ချေဖျက်ခြင်းက သာလွန်ကောင်း မွန်သည်ဟု လူ့အခွင့်အရေးအသိုက်အဝန်းက ရှုမြင်ပါလိမ့်မည်။

သို့ရာတွင် သတင်းအတုအယောင်များအပေါ် မှန်ကန်သော သတင်းစကား များဖြင့် အစားထိုးနိုင်အောင် လုပ်ဆောင်၍လည်းမရနိုင်ပါ။ မကြာသေးမီကပြုလုပ်သော လေ့လာချက်တစ်ရပ်အရ ဆိုရှယ်မီဒီယာပေါ်ရှိ သတင်းအတုအယောင်များသည် သတင်းမှန်များထက်ပင် ပိုမိုမြန်ဆန်စွာ၊ ပိုမိုနက်ရှိုင်းစွာ၊ ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့သွားသည် ဟုသိရှိရပါသည်။

အင်တာနက်မှတစ်ဆင့် သတင်းမှန်များကိုရော သတင်းမှားများကိုပါ တူညီသော ပျံ့နှံ့နှုန်းဖြင့် ဖြန့်ချိပေးလျက်ရှိသည်။ လူသားများသည် စက်ရုပ်များမဟုတ်ကြသဖြင့် သတင်းမှားများကို သတင်းမှန်များထက်ပင် ပိုမိုပျံ့နှံ့အောင် လုပ်ဆောင်နိုင်စွမ်းရှိသည်။

ဘက်လိုက်တတ်ခြင်းနှင့် မိမိအလိုဆန္ဒကို အလေးပေးသော လူသားများ၏ စိတ်နေသဘောထားအရ သတင်းတုများကို စိတ်ဝင်တစားဖတ်ရှုနေကြသည်မှာ ဝမ်းနည်းဖွယ်ရာ ကောင်းလှပါသည်။ ဆိုရှယ်မီဒီယာများသည် သတင်းမှားများကို ရေအဆုံး ကုန်းအနှံ့ ပျံ့နှံ့အောင် ဆောင်ကြဉ်းပေးနိုင်သည်။

ဆိုရှယ်မီဒီယာသည် လွတ်လပ်စွာပြောဆိုခွင့်ကို မျှဝေပေးနိုင်ပြီး အများသိရှိ နိုင်အောင် ဖြန့်ချိပေးနိုင်ခြင်းမှာ ကောင်းမြတ်သောရည်ရွယ်ချက်ဖြစ်သော်လည်း လွဲမှားသောအတွေးအမြင်များ ဆုံဆည်းရာဈေးခင်းကြီး (ဆိုရှယ်မီဒီယာ) သရုပ် ပျက်အောင် သတင်းအတုအယောင်များနှင့် သတင်းမှားများက လုပ်ဆောင်နေကြ သည်။

မည်သို့ရှေ့ဆက်မည်နည်း

ဆိုရှယ်မီဒီယာက သိုမှီထားသော ပုဂ္ဂလိကသတင်းအချက်အလက်ပေါင်း များစွာ မှာ ပုဂ္ဂလိကလွတ်လပ်ခွင့်ကို ထိခိုက်သည်ဟုပြောရန် စောလွန်းပါသည်။

အလားတူပင် Microtargeting သည် ဒီမိုကရေစီဆိုင်ရာ လူ့အခွင့်အရေးများ နယ်ပယ်ကို ကျူးကျော်ဝင်ရောက်သည်ဟု ပြောဆိုရန်မှာလည်း မဖြစ်နိုင်ပါ။

သတင်းအတုအယောင်များ၏ ဆိုးကျိုးများကို ချေဖျက်နိုင်စေရေးအတွက် သစ္စာ ထိုက်သောစကားများဆိုခြင်းနှင့် နည်းပညာဆန်းသစ်ခြင်းတို့ ပြုလုပ်ရမည်ဆိုသော ဖြေရှင်းချက်နည်းလမ်း အလုပ်ဖြစ်၊မဖြစ်ကိုလည်း ကျွန်ုပ်တို့ သုံးသပ်ပြောဆိုရန် စောလွန်းပါသေးသည်။

သို့ဖြစ်စေကာမူ ကျွမ်းကျင်သူပညာရှင်များ၏ သုံးသပ်ပြောဆိုမှုများမှာ အချိန် အတော်နောက်ကျသွားပြီဖြစ်သည်။ အစိုးရကထုတ်ပြန်သော ဥပဒေစည်းမျဉ်းများ၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေများ၊ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှုအတတ်ပညာ၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများမှာလည်း သတင်းအတုအယောင်များ၏ ဆိုးကျိုးများကို ချေဖျက်ရာတွင် နောက်ကျခဲ့ရပြီဖြစ်သည်။

နိဂုံးချုပ်အနေဖြင့်တင်ပြရလျှင် အားကောင်းမောင်းသန် ဆိုရှယ်မီဒီယာ ပလက်ဖောင်းများမှ ပေါ်ထွက်လာခဲ့သော စီးပွားရေးလုပ်ငန်းပုံစံများကို ဆန်းစစ် လေ့လာရန် အချိန်ကျရောက်လာပြီဖြစ်သည်။ ဒီဂျစ်တယ်အခြေပြု စီးပွားရေးလုပ်ငန်း များက ဆိုရှယ်မီဒီယာများကို ထိန်းချုပ်ထားခြင်းထက် အခြေခံလူတန်းစားများက ဒီဂျစ်တယ်မီဒီယာ(အင်တာနက်)ကို ပြန်လည်ထိန်းချုပ်နိုင်အောင် ပြုပြင် ပြောင်းလဲ သင့်ပေပြီ။

(MDN)

special News: 

Share this on Social Media