TPP အဖွဲ့ထဲ ပြန်ဝင်ဖို့ ထရန့်စဉ်းစားနေတယ်လို့ သိရ

ဝါရှင်တန် ၁၃ ဧပြီ

 

TPP ခေါ် ပစိဖိတ်ဖြတ်ကျော် မိတ်ဖက် ကုန်သွယ်ရေးလမ်းကြောင်းထဲကို  အမေရိကန် ပြန်လည်ဝင်ရောက်ရေး စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်သွားဖို့ရှိနေတယ်လို့ အမေရိကန်မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

 

ယခုနှစ် အစောပိုင်းက ဒါဗို့စ်မှာကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က TPP လမ်းကြောင်းနဲ့ ပတ်သက်ပြီး ပြန်လည်စေ့စပ်ညှိနှိုင်းသွားဖို့ ပြောဆိုထားတာရှိကြောင်း သတင်းတွေမှာ တွေ့ရတာပါ။သမ္မတဟာ သူသာ ပိုပြီးကောင်းမွန်တဲ့ သဘောတူညီချက်တွေကို ပုံဖော်ဖို့တတ်နိုင်မယ်ဆိုရင် စေ့စပ်ဆွေးနွေးမှုတွေကို ပြန်လည်စတင်ချင်တဲ့ အနေအထားရှိနေတာပါ။

 

စိုက်ပျိုးရေးနဲ့ ဆက်စပ်တဲ့ အရာရှိများအစည်းအဝေးတစ်ခုမှာ ထရန့်ဟာ အမေရိကန်ကုန်သွယ်ရေး ကိုယ်စားလှယ် ရောဘတ် လိုက်သီဇာနဲ့ အိမ်ဖြူတော်စီးပွားရေး အကြံပေး လာရီ ကတ်ဒ်လိုတို့ကို စေ့စပ်ညှိနှိုင်းမှုတွေ ပြန်လည်ဖွင့်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။

 

လာမယ့်သီတင်းပတ်အတွင်းမှာ ထရန့်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ တွေ့ဆုံဖို့ရှိနေပြီး TPP အတွက်လည်း ထည့်သွင်းဆွေးနွေးသွားနိုင်ဖွယ်ရာ ရှိနေပါတယ်။

 

(MDN)

 

ကိုးကား-အင်န်အိတ်ချ်ကေ

special News: 

Share this on Social Media