တရုတ်နိုင်ငံခြားရေးဝန်ကြီး ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးရောက်ရှိ

တိုကျို ၁၅ ဧပြီ

 

ရှစ်နှစ်တာအတွင်း နှစ်နိုင်ငံကြား ပထမအကြိမ် အဆင့်မြင့်စီးပွားရေးဆွေးနွေးပွဲများ ကျင်းပဖို့အတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ ဧပြီ ၁၅ ရက် တနင်္ဂနွေနေ့မှာ ဂျပန်နိုင်ငံကိုလာရောက်ဖို့ရှိတယ်လို့ သိရပါတယ်။

 

ဂျပန်နိုင်ငံကို သုံးရက်ကြာခရီးစဉ်ရောက်ရှိမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိဟာ ပထမနေ့မှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရို ကိုနိုနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

 

နောက်တစ်နေ့မှာ ဝမ်ယိဟာ ပါဝင်ဆွေးနွေးကြမယ့် နှစ်ဖက်စလုံးက စီးပွားရေးဝန်ကြီးတွေနဲ့ နှစ်နိုင်ငံ စီးပွားရေးဆွေးနွေးပွဲတွေကို တက်ရောက်သွားမယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်ကတည်းက နှစ်နိုင်ငံကြား ဝန်ကြီးများ အဆင့် စီးပွားရေးဆွေးနွေးပွဲတွေကို ရပ်တန့်ထားခဲ့တာလည်းဖြစ်ပါတယ်။

 

မေလအတွင်းမှာ ဂျပန်နိုင်ငံကို လာရောက်ဖို့ တရုတ်ဝန်ကြီးချုပ် လီခချန်းရဲ့ တောင်းဆိုချက် အသေးစိတ်ကို လည်း နှစ်နိုင်ငံစလုံးက ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံရဲ့ Belt and Road စီးပွားရေး ပဏာမဆွေးနွေးပွဲတွေအပါအဝင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးသွားမယ်လို့ သိရပါတယ်။ 

 

ဂျပန်အစိုးရဟာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၊ တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းတို့နဲ့အတူတူ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ တက်ရောက်ဖို့အတွက် တရုတ်ဝန်ကြီးချုပ် လီခချန်းကို ဖိတ်ခေါ်ဖို့စီစဉ် ထားတာဖြစ်ပါတယ်။

 

ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဝမ်ဟာ ကိုရီးယားကျွန်းဆွယ် လက်ရှိအခြေအနေတွေကို ဆွေးနွေးသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့လက မြောက်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ကြား ကျင်းပခဲ့တဲ့ ထိပ်သီးညီလာခံတစ်ခုအကြောင်းကို ဆွေးနွေးဖို့လည်း ရှိနေပါတယ်။

 

ခရီးစဉ်ကိုဦးတည်ပြီး ဝမ်ဟာ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေးတိုးမြှင့်သွားဖို့ ဆန္ဒရှိနေကြောင်း သတင်းထောက်တွေကိုလည်း ပြောကြားခဲ့ပါတယ်။

 

(MDN)

 

ကိုးကား-အင်န်အိတ်ချ်ကေ

special News: 

Share this on Social Media