ဆီးရီးယားအား စစ်ရေးအရ အရေးယူမှုကိုရှုတ်ချသည့် ရုရှားတင်ပြချက်မူကြမ်း အတည်ပြုရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပယ်ချ

ဧပြီ ၁၄

 

ဆီးရီးယားနိုင်ငံကို အမေရိကန် ဦးဆောင်ပြီး ဗြိတိန်နှင့် ပြင်သစ်နိုင်ငံများက  စစ်ရေးတိုက်ခိုက်မှုများ ပြုလုပ် ခဲ့သည့်အပေါ် ရှုတ်ချသည့်အနေဖြင့် ရုရှားနိုင်ငံက တင်ပြသည့် ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် ပယ်ချလိုက်ကြောင်း သိရှိရသည်။

 

 

အဆိုပါ မူကြမ်းကို မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ သုံးမဲ၊ ကန့်ကွက်မဲ ရှစ်မဲနှင့် ကြားနေမဲ လေးမဲရှိခဲ့ပြီး ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုရန် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံမပါဘဲ အနည်းဆုံး ထောက်ခံမဲ ကိုးမဲ လိုအပ်ကြောင်း ဆင်ဟွာသတင်း၏ ဖော်ပြချက်အရ သိရသည်။

 

 

စာပိုဒ်ငါးပိုဒ်ပါသည့် ဆုံးဖြတ်ချက်မူကြမ်းတွင် ဆီးရီးယား အာရပ်သမ္မတနိုင်ငံကို အမေရိကန်နှင့် မဟာမိတ် နိုင်ငံများ၏ ကျူးကျော်တိုက်ခိုက်မှုသည် ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းပါ အချက်များနှင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ရှုတ်ချအပြစ်တင်ထားခြင်းဖြစ်သည်။

 

 

ဆီးရီးယားကို စစ်ရေးတိုက်ခိုက်မှုများ ချက်ချင်း ရုပ်သိမ်းပေးရန်နှင့် နောက်နောင်တွင်လည်း ယင်းကဲ့သို့ အင်အားသုံး မဖြေရှင်းရန် တောင်းဆိုထားသည်။

 

 

 

မဲခွဲဆုံးဖြတ်အပြီးတွင် ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်  ဗက်ဆီလီ နီဘန်ဇီယာက “ကုလသမဂ္ဂ ပဋိညာဉ် စာတမ်းကတော့ ပြောင်ပြောင်တင်းတင်းကို ချိုးဖောက်ခံနေရပြီ။ ဒီနေ့က ကုလသမဂ္ဂနဲ့ ကုလသမဂ္ဂရဲ့ ရပ်တည်ချက်တွေအတွက်၊ ကမ္ဘာကြီးအတွက် စိတ်မကောင်းစရာ နေ့တစ်နေ့ပါပဲ”ဟု ပြောကြားခဲ့သည်။

 

ဗြိတိန် သံအမတ် ကရင်ပီယပ်က ဆီးရီးယားကို အရေးယူခြင်းသည် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ဝင်ရောက်စွက်ဖက်မှု ဥပဒေများအပေါ်တွင် မူတည်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ အခြေခံမူများနှင့် ရည်ရွယ်ချက်များအတွင်းကသာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

MDN
ကိုးကား- ဆင်ဟွာ

 

special News: 

Share this on Social Media