ဟိုတုန်းက သင်္ကြန်

မောင်ချိုမင်း (ကန္တရဝတီ)

 

သင်္ကြန်ပွဲဆိုသည်မှာ လူမျိုးမရွေး ဘာသာမရွေး နွှဲပျော်ကြသည့် မြန်မာတို့၏ နှစ်သစ်ကူးပြောင်းတော့မည့် ရေသဘင်ပွဲ။

 

ငယ်စဉ် ဆယ့်သုံးလေးနှစ်ကျောင်းသားဘဝက တပေါင်းလကုန်၍ တန်ခူးလ ကျူးပြီဆိုသည်နှင့် သင်္ကြန် ကျရောက်မည့် နေ့ရက်ကို ရေတွက်စောင့်မျှော်ခဲ့ရသည်မှာ အမော၊ နေ့စဉ် အမေပေးသည့် ကျောင်းမုန့်ဖိုးလေး တစ်နေ့ပြားသုံးဆယ်ကို ကျောင်းကြီးမပိတ်မီ သုံးလလောက်ကပင် ကြိုတင်၍ မစားရက် မသောက်ရက်ဘဲ တစ်နေ့ ဆယ်ပြားကို စုဘူးလေးထဲထည့်၍ သင်္ကြန်တွင်း သုံးစွဲရန်၊ လည်ပတ်ရန် စုရဆောင်းရသည်။ သင်္ကြန်ရက်အတွင်း သုံးစွဲရန် ငွေသုံးလေးကျပ်ရလျှင် တော်လောက်ပြီ။

 

ဗိုလ်ချုပ်ပုံနှင့် နောက်ကျောဘက်တွင် ရွက်လှေကလေးပုံပါ ငွေတစ်ကျပ်ကို အကုန်ခံ၍ တာမွေ ဂွတ္တလစ် ပုလဲလမ်းထိပ်မှ ပဲခူးဘုရားဖူး ရေပက်ခံထွက်ကြမည့် အပေါင်းအသင်းများနှင့် လော်ရီကား အမြင့်ကြီးပေါ် တက်လိုက်ရသည်မှာ ပျော်စရာကောင်းလှသည်။ အဆင်ပြေ အချိန်ရသေးလျှင် ဒေးစွန်ပါ ပါဝင်ကြပေဦးမည်။ ကားကြီးက အမိုးမြင့်၍ ရေပက်သိပ်မခံရ၊ စိုရုံမျှသာ၊ သို့သော် ရန်ကုန်နယ်နိမိတ်မှ ထွက်ထွက်ချင်း ထောက်ကြန့်-လှည်းကူးနှင့် အင်းတကော်တို့လို နေရာမှာ ရေပက်ခံရသည်မှာ ရေပိုက်ကြီးများနှင့် ဖြစ်၍ တစ်ကိုယ်လုံး စိုရွှဲသည်။ ရန်ကုန်-ပဲခူး ကားလမ်းတစ်လျှောက်တွင်လည်း ပိတောက်ပန်းခိုင်များက ဝါဝါဝင်းလျက်။

 

တာမွေ နတ်ချောင်းအိုးစုရပ်ကွက်ထဲမှ ဘေးနှစ်ဖက် သစ်သားဘောင်ခတ် အမည်တပ်၍ ဝတ်စုံကိုယ်စီဖြင့် ရေပက်ခံထွက်သည့်ကားက နှစ်စဉ်လိုလိုရှိ၏။ ဦးစီးခေါင်းဆောင်သူက သင်္ကြန်လေးရက်စလုံး ဝတ်စုံပုဆိုး တစ်ထည်စီနှင့် ဘဲဥချဉ်ရည်၊ ငရုတ်သီးကြော်၊ သရက်သီးတို့ စရာတို့ဖြင့် ထမင်းနံနက်တစ်နပ်စာ ကျွေးပြီး ရေပက်ခံလိုက်မည့်သူက ငွေကျပ် ၂၀ ထည့်ဝင်ရသည်။

 

သို့သော် ကျွန်တော့်အနေဖြင့် မိဘထံမှ ငွေ ၂၀ အလွယ်တောင်းမရ၍ ရေပက်ခံ ဒေါဂျစ်ကားနှင့် လိုက်ပါခွင့်မရ။ တာမွေအဝိုင်းကြီးမှ ကြည့်မြင်တိုင် စလင်းကွင်းဂိတ်ဆုံးသို့ အမှတ် (၁) ဘတ်(စ်)ကားကို အသွား၊ အပြန် နှစ်ဆယ့်ငါးပြားစီပေးစီး၍ ရေပက်ခံရသည်လည်း ရှိ၏။

 

သင်္ကြန်ရက် ရောက်ပြီဆိုသည်ဖြင့် လူပြောင်လူပြက် မျိုးစုံသည် ရပ်ကွက်အသီးသီးမှ အလျှိုလျှို ထွက်ပေါ်လာကြသည်။ မျက်နှာတစ်ပြင်လုံး ကန်တော်လေးမှ တစ်မတ်တန် မျက်နှာချေကိုလိမ်း၊ နှုတ်ခမ်းနီ ပါးနီဆိုး၊ ဘရာစီယာ ချက်ပေါ်အောင်ဝတ်၊ ပွင့်ရိုက် ထဘီနီနီရဲနှင့် အမျိုးသားတစ်ဦးကို လက်တွဲပြီး တကယ့်မိန်းမပုံစံ ကနွဲ့ကလျ လမ်းလျှောက်နေပုံက တစ်မျိုး။ နှုတ်ခမ်းမွေးဆွဲ၍ လည်ပင်းတွင် အဖတ်ကလေးနှင့် အင်္ကျီချွတ်၊ ခါးတောင်းကို ကျိုက်၊ သန်လျက်ဆွဲကိုင်ကာ သိကြားမင်းဟန်ဆောင် လမ်းသလားနေသူက တစ်ဦး၊ ကော့လန်ပျံနေအောင် ကိုယ်ဝန်ဆောင်ပုံစံမျိုးဝတ်၊ ကလေးတစ်သိုက်နှင့် လမ်းလျှောက်နေသူက တစ်ဖုံဖြင့် ဝတ်စားဆင်ယင်ပျော်ပါး ကြသည်။

 

ထိုစဉ် ၁၉၆၀ ပြည့်နှစ် တစ်ဝိုက်က သင်္ကြန်သည် အလွန်ပျော်စရာ ကောင်းလှသည်။ ဂျိုးဖြူရေကလည်း ပေါပါဘိ၊ ရေပက်ခံကားများ၊ သံချပ်ပြိုင်ကားများဖြင့် လှည့်လည်ကြရာ ဆုပေးမဏ္ဍပ် အကဲဖြတ်လူကြီးများမှာ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရဖြင့် သံချပ်ပြိုင်ကားများကို စောင့်ကြို နားထောင်ပေးရသည်မှာ တစ်ညလုံး ငုတ်တုတ်၊ မြန်မာ့အသံမှလည်း သင်္ကြန်ရက် ရောက်ပြီဆိုသည်နှင့် ကိုစိုးအောင်၊ ရီရီဝေတို့ သီဆိုသည့် သင်္ကြန်မောင်မယ်၊ မေသစ်နှင့် ခင်ယုမေတို့ သံပြိုင်သီဆိုသည့် မုန့်လုံးရေပေါ်၊ ကြည်ကြည်ဌေး သီဆိုသည့် ပိတောက်ရွှေဝါနှင့် ကိုအံ့ကြီးသီဆိုသည့် မန်းတောင်ရိပ်ခိုတို့ကို ထပ်မနား လွှင့်ပေးရာ နားထောင်၍ မငြီးနိုင်၊ သင်္ကြန်ဆုပေး မဏ္ဍပ်တို့ကလည်း အချိန်လေးရသည်နှင့် ဒေါ်မေရှင် သီဆိုသော ရွှေဝါဖူးဓာတ်ပြားကို ဖွင့်ပေးသည်။

 

“ထက်ကောင်းကင်မိုးဖျားက သွန်းလာရွာမယ့် မိုးကိုစောင့်ကာ ပိတောက်ခိုင် ဝင်းပကြိုင်လို့သာ စောင့်စားနေရတာ” စသည်ဖြင့်၊ ရေပက်ခံကားများကလည်း တစ်စီးနှင့်တစ်စီး မတွေ့လိုက်နှင့်၊ တွေ့လိုက်သည်နှင့် လူကြိုက်များထားသော ရုပ်ရှင်ဇာတ်ကားထဲမှ စကားလုံးအချို့ကို ခေါ်ဝေါ် နောက်ပြောင်ကြသည်။

 

ကောလိပ်ဂျင်ဇာတ်ကား ခေတ်စားနေသည့်ကာလ ဖြစ်သည့်အတိုင်း “ကျေပါတယ် မအေးစိန်” ဟူသည့် စကားကိုလည်းကောင်း၊ လှလေခက်လေ ဇာတ်ကားထဲမှ “ကြာကူရီမကြီး” ဟူသော စကားတို့ဖြင့် လည်းကောင်း တစ်ဦးကို တစ်ဦး နောက်ပြောင် ကျီစယ်ကြသည်။

 

တစ်ကိုယ်တော် ဘိုင်စကယ် စက်ဘီးသမားများကမူ စက်ဘီးနောက် ကယ်ရီယာပေါ်တွင် တဝေါဝေါ အသံမြည်စေရန် နို့ဆီခွက်တပ်ဆင်၍ ဆပ်ကပ်အဖွဲ့ထဲမှ စက်ဘီးအမြင့်ကြီးစီးသူ လူရွှင်တော်က ရှေ့ဆုံးမှ ဦးဆောင်လာကာ လမ်းပေါ်တစ်လျှောက် တွေ့တွေ့သမျှ စက်ဘီးသမားများ ပေါင်းဆုံ၍ စက်ဘီးတပ်ကြီးဖွဲ့ကာ တစ်မြို့လုံး လည်ကြသည်။

 

ယင်းလူပြောင်လူနောက် တစ်ကိုယ်တော်ခြေကျင် လျှောက်သမားမျိုးစုံနှင့် အလှပြကား၊ ရေပက်ခံကား၊ဒေါဂျစ်၊ လော်ရီကားစသည်တို့၏ နေ့လယ်ခင်း ခေတ္တရေပိတ်ချိန် စုရုံး ရပ်နားရာနေရာမှာ ကန်တော်ကြီး ဗိုလ်ချုပ်ပန်းခြံနှင့် အင်းလျားကန် ကြက်ကျွန်းတို့ဖြစ်၏။ ဤနေရာတွင် အစွမ်းကုန်မူးကြ၊ ရူးကြ၊ ပျော်ကြ နောက်ကြလေတော့သည်။

 

သို့သော် ကျွန်တော့်အနေဖြင့် ဟိုစဉ်က သင်္ကြန်ကို ပျော်ခဲ့သော်ငြား ယခုသင်္ကြန်ကိုမူ စိတ်ဝင်စားမှု မရှိတော့သည်မှာအမှန် အသက်အရွယ်ကြောင့်ဟု ဆိုခြင်းထက် သင်္ကြန်ကျခါနီးတိုင်း ကားခများ ဈေးကြီးခြင်း၊ အခြားစားကုန် သောက်ကုန်နှင့်တကွ ဆေးဝါးများပါ အဆမတန် ဈေးတင်ခြင်းကို ခံစားနေရ၍ လားမသိ၊ သင်္ကြန်ရက်များ ရောက်ခါနီးတိုင်း ရင်မောမိခဲ့ရသည်ကတော့ အမှန်ပင်။    ။

special News: 

Share this on Social Media