ဓာတုလက်နက်များ တားမြစ်ရေးအဖွဲ့ စုံစမ်းစစ်ဆေးရေးအရာရှိများ ဆီးရီးယားအစိုးရနှင့် တွေ့ဆုံ

ဧပြီ ၁၆

 

တနင်္ဂနွေနေ့က ဆီးရီးယားနိုင်ငံ ဒမက်စကက်မြို့တော်ရှိ ဟိုတယ်တစ်ခုမှာ ဓာတုလက်နက်များ တားမြစ်ရေး အဖွဲ့ ( OPCW) က စုံစမ်းစစ်ဆေးရေး အရာရှိတွေနဲ့ ဆီးရီးယားနိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖေဆယ်မက်ဒက်တို့တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခံရတဲ့ နေရာမှာ အမှန်တကယ် ဓာတုလက်နက် အသုံးပြုခဲ့ခြင်း ရှိ/မရှိ ဘယ်လို ဆုံးဖြတ်မလဲဆိုတာ ဆွေးနွေးနိုင်မယ်လို့ ယူဆရပါတယ်။

 

OPCW ဘက်က အရာရှိတွေက အခင်းဖြစ်နေရာမှာ ကွင်းဆင်းစစ်ဆေးမှု စတင်နေပြီလားဆိုတာတော့  မသေချာသေးပါဘူး။ ဆွေးနွေးမှုမှာ ဓာတုလက်နက်ကို ဆီးရီးယား အစိုးရကိုယ်တိုင် အသုံးပြုခဲ့သလား ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းက အသုံးပြုခဲ့သလဲဆိုတာ ဆုံးဖြတ် အတည်ပြုဖို့ဖြစ်ပြီး အခုချိန်ထိတော့ ဘယ်သူ့လက်ချက်လဲဆိုတာ အတည်မပြုရသေးပါဘူး။

 

ဆီးရီးယားသမ္မတ အာဆတ်အစိုးရကို ကျောထောက်နောက်ခံပြုထားတဲ့ ရုရှားဘက်ကတော့ ဓာတုလက်နက် အသုံးပြုခဲ့ခြင်း မရှိဘူးလို့ အတိအလင်း ပြောထားပါတယ်။ အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေကတော့ ဆီးရီးယား အစိုးရဟာ ဧပြီ ၇ ရက်နေ့က ဒမက်စကက်မြို့တော် အနီးမှာ ဓာတုလက်နက် အသုံးပြုတိုက်ခိုက်ခဲ့တယ်လို့ စွပ်စွဲထားပြီး စစ်ရေးအရ အရေးယူတဲ့အနေနဲ့ ပြီးခဲ့တဲ့ စနေနေ့က ဆီးရီးယားရှိ ပစ်မှတ် ၃ ခုကို ဒုံးကျည်တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။

 

ဆီးရီးယားအစိုးရဘက်ကတော့ ဓာတုလက်နက်ကို အသုံးပြုခြင်း မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

 

MDN
ကိုးကား- အန်အိတ်ချ်ကေ

 

special News: 

Share this on Social Media