ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်း ပျဉ်းမနားမြို့ လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၁၆ ဧပြီ

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့်ဇနီး ဒေါက်တာရွှေလွှမ်းတို့သည် မြန်မာ သက္ကရာဇ် ၁၃၇၉ ခုနှစ် မဟာသင်္ကြန်အတက်နေ့ ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့ ရန်အောင်(၂)ရပ်ကွက် မင်္ဂလာရှမ်းကန်တွင် လမ်းလျှောက်သင်္ကြန်ပွဲတော် ပျော်ရွှင်စွာ ကျင်းပနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဒုတိယသမ္မတနှင့် ဇနီးတို့သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန် မြောက်ဘက်၌ ကျင်းပသည့် လမ်းလျှောက် သင်္ကြန်ပွဲတော်သို့ ရောက်ရှိ ကြပြီး ပြည်သူများ မဟာသင်္ကြန် ရေသဘင်ပွဲ ပျော်ရွှင်စွာဆင်နွှဲနေမှု၊ ပျော်ရွှင်စွာ ရေပက်ကစားနေမှုနှင့် သင်္ကြန်တေးသီချင်းများ သီဆိုဖျော်ဖြေ တင်ဆက် နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် ဒုတိယသမ္မတနှင့် ဇနီးတို့သည် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌနှင့်ဇနီး၊ တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့ မင်္ဂလာ ရှမ်းကန်တွင် ကုသိုလ်ဖြစ် ငါးစာကျွေးခြင်း၊ ငါးလွှတ်ခြင်းနှင့် ငှက်လွှတ်ခြင်းများကို ပြုလုပ်ခဲ့ကြ သည်။

နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ ရေပက်ခံမဏ္ဍပ်ငယ်များ၊ မိသားစု မဏ္ဍပ်များတွင် ပြည်သူများ အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲခဲ့ကြပြီး စတု ဒိသာ ကျွေးမွေး ကုသိုလ်ယူကြသူများ၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဖြင့် လှည့်လည် ရေပက်ခံထွက်ကြသူများဖြင့် နေပြည်တော်ကောင်စီနယ်မြေ လမ်းမကြီးများ ပေါ်တွင် စည်ကားခဲ့သည်။

(သတင်းစဉ်)

special News: 

Share this on Social Media