လောင်စာဆီဈေးနှုန်းမြင့်တက်လာခြင်းကြောင့် လယ်ယာစိုက်ပျိုးရေး ကုန်ကျစရိတ်များပြားလာ

ရေတာရှည် ၁၄ ဇွန်

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်အတွင် မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်လျက်ရှိပြီဖြစ်ရာ တောင်သူ အများစုသည် ထွန်စက်များ၊ လက်တွန်းထွန်စက်များကို အဓိကငှားရမ်း အသုံးပြုလျက်ရှိသည်။

ထိုသို့ စက်ကရိယာများကိုသုံးစွဲရာတွင် လက်ရှိလောင်စာဆီးဈေးနှုန်းမြင့်တက်လာသည့်အတွက် ထွန်ယက်ခနှုန်းထားများ မူလဈေးထက် တစ်ဧကလျင် နှစ်ထောင်ကျပ်မှ သုံးထောင်ကျပ်အထိ ပိုမိုလာသည်ကိုတွေ့ရှိရပြီး လယ်ဧကများသည့်တောင်သူများအနေဖြင့် ကုန်ကျစရိတ်များပြားလျက်ရှိနေ ကြောင်း ဒေသခံတောင်သူများကပြောကြားသည်။

“နွေစပါးချိန်တုန်းက တစ်ဧက ထွန်ယက်စရိတ် တစ်ဧကကို တစ်သောင်းခွဲပဲရှိတယ်။ ခုမိုးရာသီမှာ ဆီဈေးတက်လာတော့ တစ်ဧကကို တစ်သောင်းရှစ်ထောင်ကနေ နှစ်သောင်းအထိ တက်လာတာ တောင်သူတွေအနေနဲ့လည်း ရာသီချိန်ဆိုတော့ မငှားလို့လည်း မရဘူးလေ ။ အချိန်ရာသီနဲ့ လိုက်ပြီး လုပ်ရတော့ ကုန်ကျမှုတွေတော့ပိုကုန်တာပေါ့” ဟု ဆွာမင်းလမ်းကျေးရွာအုပ်စု၊ တံတားကြီးကျေးရွာ နေ တောင်သူတစ်ဦးက ပြောသည်။

လတ်တလောအခြေအနေတွင် နေ့စဉ်လိုလို မိုးရွာသွန်းနေမှုများကြောင့် ကုန်းမြင့်လယ်မြေများကိုသာ ထွန်ယက်နိုင်ကြပြီး အနိမ့်ပိုင်းလယ်မြေများ၌ ရေများလွှမ်းလျက်ပင်ရှိသေးရာ ထွန်ယက်စိုက်ပျိုးမှုများ နောက်ကျနိုင်ဖွယ်ရှိနေကြောင်း သုံးသပ်ပြောကြားမှုများလည်းရှိနေသည်။

“ခုချိန်မှာတော့ ထွန်စက်တွေက အလွယ်ငှားရမ်းလို့ရပါသေးတယ်။ နောက်ပိုင်းဆိုရင် ထွန်စက်တွေက ငှားမရ၊ လယ်တွေထယ်ရေပြင်ဖို့ တောင်သူတွေဝိုင်းငှားရင် စက်အရေအတွက်ကနည်းတော့ ကိုယ့်အလှည့်ရောက်ဖို့ရာ အကြာကြီးစောင့်ရတာမျိုးတွေ ဖြစ်လာနိုင်တယ်”ဟု အဆိုပါ တောင်သူက ဆက်လက်ပြောပြသည်။

ကိုလွင်(ဆွာ)

Share this on Social Media