မြန်မာ့အာမခံလုပ်ငန်း နိုင်ငံတကာဆုနှစ်ဆုဆွတ်ခူး

ရန်ကုန် ၁၅ ဇွန်

အများပြည်သူတို့အား အကောင်းဆုံး အာမခံဝန်ဆောင်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် မြန်မာ့အာမခံလုပ်ငန်းသည် နှစ်ပေါင်း ၆၆နှစ်တာ ကာလအတွင်း နိုင်ငံတကာဆုနှစ်ဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း မြန်မာ့အာမခံလုပ်ငန်းမှသိရသည်။

"ပြီးခဲ့တဲ့၂၀၁၈ ခုနှစ် မေ ၂၈ ရက်နေ့မှာ ထိုင်းနိုင်ငံ ဗန်ကောက်မြို့မှာ ကျင်းပတဲ့ Emerging Asia Insurance Awards 2018 ဆုချီးမြင့်ပွဲမှာ ကျွန်တော်တို့မြန်မာ့ အာမခံလုပ်ငန်းအနေနဲ့ The Best Service Provider in Life Insurance ဆု နှင့် The Best Service Provider in General Insurance ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ ၆၆ နှစ်အတွင်း မြန်မာ့အာမခံလုပ်ငန်းက ပထမဆုံးဆွတ်ခူး ရရှိခဲ့တာဖြစ်ပါတယ်။"ဟုမြန်မာ့အာမခံလုပ်ငန်း အထွေထွေမန်နေဂျာ ဦးခင်မောင်ဝင်းက ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ မြန်မာ့အာမခံရုံးချုပ်၌မီဒီယာအချို့နှင့်တွေ့ဆုံစဉ်ပြောကြားသည်။

Indian Chamber of Commerce (ICC)နှင့် Insurance Institute of India နှင့် India -Thai Chamber of Commerce အဖွဲ့အစည်း သုံးခုပူးပေါင်း၍ အဆိုပါ Emerging Asia Insurance Awards 2018 ကိုကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊အိန္ဒိယ၊ထိုင်း ၊ဘင်္ဂလားဒေ့ရ် ၊သီရိလင်္ကာ ၊နီပေါ ၊ဘူလ်တန်၊မြန်မာ၊လာအိုနှင့် ကမ္ဘောဒီးယာနိုင်ငံတို့ပါဝင်ယှဉ်ပြိုင်ကြရာမှ မြန်မာနိုင်ငံက အကောင်းဆုံးဆုနှစ်ခုဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဦးခင်မောင်ဝင်းကဆက်လက်ရှင်းပြသည်။

မြန်မာနိုင်ငံက အဆိုပါ ဆုချီးမြင့်ရေးအဖွဲ့သို့ အသက်အာမခံနှင့် အထွေထွေအာမခံနှစ်မျိုးသာ ယှဉ်ပြိုင်ခဲ့ပြီး နှစ်မျိုးစလုံး ဆုချီးမြှင့်ခြင်းခံရခြင်းဖြစ်ကြောင်း၊ယင်းနိုင်ငံများရှိ အာမခံကုမ္ပဏီ အသီးသီးကို ဖိတ်ခေါ်ယှဉ်ပြိုင်စေခဲ့ကြောင်း ၊မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် အသက်အာမခံနှင့် အထွေ ထွေအာမခံလုပ်ငန်းတို့ကို နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်နိုင်ခဲ့သည့် အတွက် အကောင်းဆုံးဆုများဆွတ်ခူးနိုင်ခဲ့ကြောင်းသိရသည်။

မြန်မာ့အာမခံလုပ်ငန်းသည် နှစ်ပေါင်း ၆၆နှစ်ရှိ အတွေ့အကြုံရင့်ကျက်သော အာမခံလုပ်ငန်းဖြစ်ကြောင်း ၊နိုင်ငံတော်အတွက် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၅၆ဘီလီယံ၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ကျပ်ငွေ ၆၁ ဘီလီယံကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း ၊လက်ရှိတွင် အသက်အာမခံ မီးအာမခံတို့အပါအဝင် အာမခံအမျိုးအစားပေါင်း ၂၉ မျိုးဖြင့် ပြည်သူများအား အာမခံဝန်ဆောင်မှု များပေးလျက်ရှိကြောင်းသိရသည်။

သတင်းနှင့်ဓါတ်ပုံ မြင့်မောင်စိုး

Share this on Social Media