မိုးကောင်းမြို့နယ်၌ တရားမဝင်သယ်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိ

မိုးကောင်း  ၂၃  ဇူလိုင် 

 

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် သူဌေးကုန်းကျေးရွာ၌ ဇူလိုင်၂၂ရက် ည၁၀နာရီခွဲက မော်တော်ယာဉ်နှစ်စီးဖြင့် သယ်ဆောင်လာသည့် တရားမဝင်ကျောက်စိမ်းအရိုင်းတုံးများ သိမ်းဆည်းရမိကြောင်း သိရသည်။

 

 

နမ္မတီးနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ်ဇော်လွန်းအောင်၏ စီစဉ်ညွှန်ကြားမှုဖြင့် နယ်ထိန်း တပ်ဖွဲ့ဝင် များသည် နယ်မြေလုံခြုံရေးလှည့်ကင်းဆောင်ရွက်နေစဉ် မိုးကောင်းမြို့နယ် သူဌေးကုန်းကျေးရွာ စံပယ်ရပ်ကွက်ရှိ ကျေးရွာတွင်းလမ်းမပေါ်၌ မိုးညှင်းမြို့နယ်၊နန်းမားကျေးရွာ၊ရှမ်းစုရပ်နေ အိုက်မောင်(ခ)ညီညီစိုး(၂၈)နှစ် မောင်းနှင်လာသည့် YGN/6J----နံပါတ်ပါ LANDCRUISER အမျိုးအစား မော်တော်ယာဉ်နှင့် အိုက်ဦး(ခ)အောင်နိုင်ဦး(၃၀)နှစ် မောင်းနှင်လာသည့် YGN/6M----နံပတ်ပါ LANDCRUISER အမျိုးအစား မော်တော်ယာဉ်နှစ်စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တရားမဝင် သယ်ဆောင်လာသည့် ကျောက်စိ်မ်းအရိုင်းတုံး အလျား ၂၃ လက်မ၊ အနံ ၁၁ လက်မ ဗျက် ၁၇ လက်မရှိတစ်တုံး၊အလျား ၄၁ လက်မ အနံ ၁၄ လက်မ ဗျက် ၃၀ လက်မရှိတစ်တုံး၊အလျား ၂၉ လက်မ အနံ ၃၂ လက်မ ဗျက် ၃၀ လက်မရှိတစ်တုံး၊အလျား ၂၂ လက်မ အနံ ၂၀ လက်မ ဗျက် ၁၂ လက်မရှိတစ်တုံး၊အလျား ၂၁ လက်မ အနံ ၁၆ လက်မ ဗျက် ၄ လက်မရှိတစ်တုံး၊အလျား ၄၇ လက်မ အနံ ၁၀ လက်မ ဗျက် ၁၇ လက်မရှိတစ်တုံး၊ အလျား ၃၀ လက်မ အနံ ၂၄လက်မ ဗျက် ၄၆လက်မရှိတစ်တုံး စုစုပေါင်း တရားမဝင်ကျောက်စိမ်းအရိုင်းတုံး ၇ တုံး အလေးချိန်နှင့်တန်ဖိုး(စိစစ်ဆဲ) အားသက်သေများရှေ့တွင် သိမ်းဆည်းရမိခဲ့သည်။

 

 

အဆိုပါသိမ်းဆည်းရမိသည့် ကျောက်စိမ်းအရိုင်းတုံးပိုင်ရှင်မှာ မြစ်ကြီးနားမြို့နေ ဦးအေးထွန်းဖြစ်ကြောင်း သိရှိရ၍ အိုက်မောင်(ခ)ညီညီစိုး၊အိုက်ဦး(ခ)အောင်နိုင်ဦးနှင့် ဦးအေးထွန်း(စုံစမ်းဆဲ)တို့သုံးဦးအား နမ္မတီးနယ်မြေရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

ဝင်းနိုင် (ကချင်မြေ)

 

Share this on Social Media