ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ ကျောင်းများနှင့် မန္တလေးတက္ကသိုလ်သို့ သွားရောက်တွေ့ဆုံ ဖြည့်ဆည်းဆောင်ရွက်

နေပြည်တော် ၆  သြဂုတ်

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် အခြေခံပညာ ဆရာဆရာမများ တွေ့ဆုံပွဲ အခမ်းအနားကို သြဂုတ် ၄ ရက် နံနက် ၉ နာရီတွင် မင်းဘူးမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပရာ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ ပြည်သူ့လွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ မကွေးတိုင်းဒေသကြီး တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများနှင့် ဆရာ ဆရာမများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။  ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ရေဘေးသင့်ကျောင်းများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာသက်ဆိုင်ရာ မြို့နယ်များရှိ ကျောင်းအုပ်များ က လက်ခံရယူကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မင်းဘူးမြို့နယ်ရှိ မြောက်ရပ် အခြေခံပညာမူလ တန်းကျောင်း၊ မြို့မ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ စကုမြို့နယ်ရှိ ရေပုတ်ရွာ အခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)၊ တောင်ရပ်-စကု အခြေခံပညာ အထက်တန်းကျောင်းနှင့် မင်းဘူးမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုကာ သင်ကြားရေး၊ စီမံခန့် ခွဲရေးပိုမို ကောင်းမွန်ရေး ဆွေးနွေးမှာကြား၍ ကျောင်းဆောင်များကို ကြည့်ရှု စစ်ဆေးကာ လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ညှိနှိုင်းစီစဉ် ဆောင်ရွက်သည်။ 

 

ပြည်ထောင်စုဝန်ကြီး သြဂုတ် ၅ ရက် နံနက် ၉ နာရီတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ မြို့မအခြေခံပညာ အထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲသို့ တက်ရောက်သည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးကျော်တုတ်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်၊ ဦးမြင့်စိန်၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီတို့က မြို့မအခြေခံပညာ အထက်တန်းကျောင်း ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ 

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည်   မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် တောင်ဇင်းအခြေခံပညာအထက်တန်းကျောင်း၏ ရွှေရတု အထိမ်းအမှတ် ဖူးသစ်ရွယ် စာကြည့်တိုက်ဖွင့်လှစ်ပွဲ အခမ်းအနားနှင့် ညောင်ဦး မြို့နယ် ခပေါင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအဆင့် တိုးမြှင့်ဖွင့်လှစ်ပွဲ အခမ်းအနားတို့ကို တက်ရောက်ဖွင့်လှစ် ပေးခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက် ၇ နာရီတွင် မန္တလေး တက္ကသိုလ် ပင်မဆောင် အစည်းအဝေးခန်း၌ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်တွေ့ဆုံကာ မန္တလေး တက္ကသိုလ်တွင် ကျင်းပမည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပြီး ဆောင်ရွက်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။  

 

(သတင်းစဉ်) 

Share this on Social Media