စားသုံးသူများ ပိုမိုနှစ်သက်ပြီး ဈေးကွက်အောင်မြင်ရန် ပြောင်းဖူးမျိုးကောင်းထုတ်လုပ်မှု လိုအပ်နေ

မြန်မာနိုင်ငံတွင် စားသုံးရန်အတွက်လည်းကောင်း၊ ကြက်စာနှင့် အခြားကဏ္ဍတို့တွင် အသုံးပြုရန် အတွက်လည်းကောင်း ဒေသထွက်ပြောင်းဖူးမျိုးစေ့ထက် ပြည်ပမျိုးစေ့များကိုသာ အဓိကထားစိုက်ပျိုးထုတ်လုပ် ရောင်းချလျက်ရှိရာ စားသုံးသူများ ပိုမိုနှစ်သက်ပြီး ပြည်တွင်း ပြည်ပတွင်အောင်မြင်သော ဈေးကွက်ဖြစ်လာရန် အတွက်ဒေသတွင်း မျိုးစေ့များထုတ်လုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့၏ သီးနှံဖြန့်ဖြူးရာ ဈေးကြီးဖြစ်သည့် သီရိမင်္ဂလာဈေး ပွဲရုံများမှ သိရသည်။

 

လက်ရှိ ပြောင်းဖူးစိုက်ပျိုးရာတွင် တရုတ်နှင့်ထိုင်းနိုင်ငံတို့မှ မျိုးစေ့များကိုသာ အဓိကစိုက်ပျိုး၍ ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချလျက်ရှိရာ ပြည်တွင်း၌ မျိုးကောင်းမျိုးသန့်များကို ထုတ်လုပ်ဖြန့်ဖြူးနိုင်ပါက ပြည်တွင်းဈေးကွက်တစ်ခုအဖြစ် ရပ်တည်နိုင်မည့်အပြင် စားသုံးသူအများဆုံးရှိရာ အိမ်နီးချင်းနိုင်ငံ ဈေးကွက်သို့လည်း ပို့ဆောင်နိုင်မည်ဖြစ်၍ တောင်သူတို့အတွက် ခိုင်မာသောဈေးကွက်တစ်ခုကို ဖော်ဆောင်ပေး နိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်းတွင်လည်း အရည်အသွေးပိုမိုကောင်းမွန်သော ပြောင်းဖူးများကို စားသုံးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

“ပြောင်းဖူးမှာ ဒေသထွက်မျိုးဆိုပြီး မရှိဘူး၊ ထိုင်းနဲ့တရုတ်ကဝင်တဲ့ မျိုးတွေကိုပဲ စိုက်ပျိုးပြီးပြည်တွင်းမှာ စားသုံးနေရတာ၊ ပြောင်းဖူးအရည်အသွေးကောင်းပြီး အဆင့်မီမီဖြစ်စေချင်ကြတာ၊ ဒါမှ ပြည်တွင်းမှာလည်း စားမယ်၊ ပြည်ပကိုလည်းပို့မယ်၊ ကျွန်မတို့နိုင်ငံမှာ အားထားစရာဆိုလို့ စိုက်ပျိုးရေးပဲရှိတော့တယ်၊ ဒါကြောင့် မျိုးကောင်းမျိုးသန့်တွေ ထုတ်ဖို့လိုတယ်၊ ထိုင်းကလာတဲ့မျိုးစေ့တွေက စားသုံးဖို့ အများဆုံးဝင်တယ်၊ တရုတ်က အခြားကဏ္ဍတွေသုံးဖို့ ဝင်တယ်၊ မြန်မာနိုင်ငံက စိုက်ပျိုးပေးတာပဲရှိတယ်၊ ဒေသထွက်ပြောင်းမျိုးစိတ် မရှိဘူး ဖြစ်နေတယ်၊ သူတို့ဈေးကစားတဲ့အတိုင်း မြန်မာတောင်သူတွေ ခံနေရတာလည်းကြာပြီ”ဟု သီရိမင်္ဂလာဈေးရှိ ပြောင်းဖူးပွဲရုံပိုင်ရှင်ဒေါ် မြင့်မြင့်မိုရ်က ပြောသည်။

 

ပြောင်းဖူးစိုက်ပျိုးနေသည့် တောင်သူတစ်ဦးကလည်း “ပြောင်းဖူးမျိုးစေ့အတွက် အိမ်နီးချင်းနိုင်ငံကိုပဲ အားကိုးနေရတယ်၊ ပြောင်းဖူးကို မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ အောက်ပိုင်းက အများဆုံးစားသုံးပြီးတော့ ရှမ်းပြည်နယ်က ထွက်တဲ့ပြောင်းကတော့ ပြည်ပကိုပို့တာများတယ်။ ပြောင်းကိုမြန်မာနိုင်ငံမှာ ရာသီမရွေး စိုက်ပျိုးနေပေမယ့် ကိုယ့်နိုင်ငံကမျိုးစိတ်တော့ မရှိဘူး”ဟု ပြောသည်။

 

ရန်ကုန်မြို့၏ သီးနှံဈေးကွက်ကြီးဖြစ်သော သီရိမင်္ဂလာဈေးတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ သီးနှံမျိုးစုံကို ဖြန့်ဖြူးရောင်းချလျက်ရှိရာ ပြောင်းဖူးမှာ ရေလမ်းနှင့် ကုန်းလမ်းမှ ဝင်ရောက်ပြီး ယခုအချိန်သည် ကုန်းလမ်းအချိန်ဖြစ်၍ အောင်လံမြို့နယ်ဘက်မှ ပြောင်းဖူးများ ဇွန်လမှ ဩဂုတ်လအထိ ဝင်ရောက်လျက် ရှိကြောင်း၊ ပြောင်းဖူးမျိုးများအနေဖြင့် (၇၀၂)၊(၂၆၇၈)၊ Kikg၊ Gold ကာလာစုံနှင့် ပန်ပြောင်းဖူးမျိုးများ ဝင်ရောက်ကြောင်း သိရသည်။ ယခုရက်ပိုင်းအတွင်း ပြောင်းဖူးအရောင်းအဝယ်သွက်နေ၍ ပြောင်းဖူးစိုက်ပျိုး သူနှင့် ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်းနှင့် ယမန်နှစ်ကမူ ဈေးကွက်ထဲသို့ ပြောင်းဖူးဝင်ရောက်မှု များပြီး ဈေးကျခဲ့၍စိုက်ပျိုးသည့်တောင်သူနှင့် ရောင်းသူများ အရှုံးပေါ်ခဲ့ဖူးကြောင်း သီရိမင်္ဂလာဈေးရှိ ပြောင်းဖူးပွဲရုံများမှ သိရသည်။
သတင်းဆောင်းပါး - သန်းထိုက်
ဓာတ်ပုံ - သန်းစိုး

 

Share this on Social Media