၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် ဖတ်ကြားသည့် ရခိုင်အမျိုးသားပါတီ၏ စာတမ်း

၂၅  စက်တင်ဘာ

 

၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အခမ်းအနားကို တက်ရောက်ချီးမြှင့်ပေးပါတဲ့ ပြည်ထောင်စု လွှတ်တော်နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ လွှတ်တော်ဥက္ကဋ္ဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဧည့်သည်တော်များ အားလုံးကို “သာလီစွ” ပါလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သ ဂါရဝပြုအပ်ပါတယ်။ ကျွန်တော်ကတော့ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅) ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင် ဖြစ်ပါတယ်။
ဒီမိုကရေစီအပေါ် ယုံကြည်လျက် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့မှာ ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းနေရတဲ့ကာလတွင် ဒီမိုကရေစီ ရှင်သန်ပြန့်ပွားရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်နေမှုတွင် လိုက်ပါပါဝင်နေရပါကြောင်း ပြောကြားလိုပါတယ်။

 

ကျွန်တော်တို့ မြန်မာနိုင်ငံသည် ဒီမိုကရေစီနှင့် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရာမှ ကျောင်းသား၊ ပြည်သူ၊ ရဟန်းရှင်လူများ ပူးပေါင်းကြိုးပမ်းမှုနှင့်အတူ ၂၀ဝ၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ဆွဲတင်နိုင်ခဲ့တယ် ဆိုပေမယ့်လည်း ၂၀ဝ၈ ဖွဲ့စည်းပုံတွင် ဒီမိုကရေစီစံနှုန်းများဆိုင်ရာ အားနည်းချက်များပါဝင်နေခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲမှသည် ၂၀၁၅ ရွေးကောက်ပွဲတို့တွင်လည်း ကျွန်တော်တို့ ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်သူလူထု၏ ထောက်ခံမှုများစွာဖြင့် ဒီမိုကရေစီလမ်းကြောင်း ရှင်သန်ပီပြင်လာစေရေးအတွက် လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပ ဆောင်ရွက်မှုများ များစွာနှင့်အတူ ပြည်သူလူထု၏အကျိုးကို ဆောင်ရွက်လျက် ရှိပါတယ်။ လွှတ်တော်တွင်လည်း ပြည်သူ့အရေးအတွက် အဆိုများ၊ မေးခွန်းများမေးမြန်းခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ရခိုင်ပြည်သူများအတွက် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါတယ်။ ဒီမိုကရေစီ အနှစ်သာရတစ်ခုဖြစ်သည့် ပြည်သူ့ကိုယ်စားပြုမှုနှင့် လူထု၏ လိုအပ်ချက်များကိုလည်း ဖော်ဆောင်ပေးနိုင်မှုများဟာလည်း ဒီမိုကရေစီစံနှုန်းတစ်ခု ဖြစ်ပါတယ်။

 

ကျွန်ုပ်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်သည့် နိုင်ငံဖြစ်တဲ့အတွက် တိုင်းရင်းသားလူမျိုးတိုင်း တန်းတူအခွင့်အရေး ရရှိရေးဟာ ဒီမိုကရေစီ ရှင်သန်ပြန့်ပွားရေးအတွက် ဆောင်ရွက်ကြရသလို အားလုံးပူးပေါင်း လုပ်ဆောင်ရမည့် တာဝန်တစ်ခုလည်းဖြစ်ပါတယ်။ လက်ရှိကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံမှလည်း ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် ဖက်ဒရယ်ဆိုင်ရာ အခြေခံအုတ်မြစ်များ ချမှတ်ပေးနိုင်ရန် လိုအပ်မှာဖြစ်ပြီး ငြိမ်းချမ်းသာယာပြီး စည်းလုံးညီညွတ်သော ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ထွန်းရေးနှင့် တိုင်းရင်းသားများအားလုံး တန်းတူအခွင့်အရေးရရှိရေး၊ နိုင်ငံတွင်း ပြည်နယ်များနှင့် ပြည်မများအကြား ဖွံ့ဖြိုးမှု ကွာဟမှု ကြီးမားမှုတို့ဟာ လက်ရှိဝိုင်းဝန်းလုပ်ဆောင်ရမည့်၊ ဖြေရှင်းပေးရမည့် အရေးအကြီးဆုံးအရာတွေ ဖြစ်ပါတယ်။

 

ကျွန်ုပ်တို့၏ ထွန်းသစ်စ ဒီမိုကရေစီနှင့် ဒီမိုကရေစီရှင်သန်ရေးတို့အတွက် ဝိုင်းဝန်းလုပ်ဆောင်နေရမယ့်အချိန်တွင် ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ ဘင်္ဂါလီအရေးဟာလည်း နိုင်ငံတော်အချုပ်အခြာအာဏာကို စိန်ခေါ်နေတဲ့အရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ OIC နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအချို့၏ ရည်ရွယ်ချက်ရှိရှိ မရိုးသားသော ဖိအားပေးမှု၊ လူမျိုးသုဉ်းသတ်ဖြတ်မှုအဖြစ် ပုံဖော်လာမှု၊ နယ်မြေရယူလိုမှုတို့ဟာ ပြည်တွင်းငြိမ်းချမ်းရေးကို ခြိမ်းခြောက်သလို ဒီမိုကရေစီရှင်သန်ကြိုးပမ်းမှု အတွက်လည်း အဟန့်အတားလုပ်ရပ်တွေအဖြစ် ရှုမြင်ပါတယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ပြဿနာကို ဖြေရှင်းတဲ့အခါမှာလည်း ရခိုင်များရဲ့ အသံ၊ ရခိုင်လူမျိုးများနှင့် ရခိုင်မျိုးနွယ်စုများရဲ့ ခံစားချက်၊ အခွင့်အရေးများကိုလည်း လျစ်လျူမရှုရန်နှင့် နိုင်ငံတကာမှ ဖိအားပေးမှုများ ကို အလျှော့ပေးပြီး မဆောင်ရွက်ရန်လည်း အထူးလိုအပ်မှာ ဖြစ်ပါတယ်။

 

ဒီမိုကရေစီမျိုးစေ့ ရှင်သန်စေရန်၊ ဒီမိုကရေစီအခြေခံအုတ်မြစ် ခိုင်မာစေရန်၊ ဒီမိုကရေစီ အဆောက်အအုံများ ကြီးထွားလာစေရန်နှင့် ဒီမိုကရေစီ အသိုင်းအဝိုင်း ကျယ်ပြန့်လာစေရန်တို့အတွက် နိုင်ငံတော်အတွင်းရှိ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး အပါအဝင် လွှတ်တော်၊ အစိုးရ၊တပ်မတော်နှင့် နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အားလုံး ဝိုင်းဝန်းညီညာ လက်တွဲကာ စုပေါင်းအားဖြင့် လုပ်ဆောင်နိုင်ရန်မှာ အထူးလိုအပ်မှာဖြစ်ပြီး လက်ရှိမြန်မာနိုင်ငံ ဒီမိုကရေစီအကူးအပြောင်း ကာလမှာ အတွေ့အကြုံနုနယ်သေးသည့်အတွက် ကဏ္ဍပေါင်းစုံတို့တွင် အားနည်းချက်များရှိနေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ ဒီမိုကရေစီ ယဉ်ကျေးမှုထွန်းကားလာပြီး ပြည်သူလူထုအတွင်း ဒီမိုကရေစီအသိတရားများ ထွန်းကားလာစေရေးနှင့် အနာဂတ်မျိုးဆက်လူငယ်များ ဒီမိုကရေစီပညာရေး အမွေ ရရှိရေးသည် အရေးကြီးလိုအပ်ချက် ဖြစ်ပေသည်။ တရားမျှတသော ရွေးကောက်ပွဲများကျင်းပနိုင်ပြီး လွှတ်တော်အဆင့်ဆင့် အားကောင်း ခိုင်မာလာစေရေး အရေးကြီးပြီး လွှတ်တော်အတွင်း အတိုက်အခံအင်အားစုတစ်ရပ် ပေါ်ထွန်းစေရေးတို့သည်လည်း ဒီမိုကရေစီရှင်သန်ရေးတို့အတွက် မရှိမဖြစ်သော အချက်တစ်ချက်ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံများတွင် အတိုက်အခံအင်အားစုတစ်ရပ် ရှိမနေပါကလည်း ဒီမိုကရေစီအာဏာရှင် ဖြစ်လာမှာကို စိုးရိမ်မှုရှိနေပါတယ်။ ဒီမိုကရေစီစနစ် ရှင်သန်စေရေး ချီတက် နေစဉ်ကာလမှာ ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီစနစ်ကို စိတ်ပျက်မှုများ မဖြစ်ပွားစေရေး လုပ်ရပ်များကိုလည်း ရှောင်ရှားရန် အထူးလိုအပ်မှာ ဖြစ်ပါတယ်။

 

နိဂုံးချုပ်အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲမှသည် မြန်မာ့ဒီမိုကရေစီ ရှင်သန်စေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်မှုဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းမကြီးပေါ်တွင် ရဲရင့်ယုံကြည်စွာ လျှောက်လှမ်းရင်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်ကြပါစို့လို့ ရခိုင်အမျိုးသားပါတီမှ အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ကို ကြိုဆိုဂုဏ်ပြုလိုက်ရပါတယ်။

 

အားလုံးကိုကျေးဇူးတင်ပါတယ်။

 

Share this on Social Media