၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့တွင် ဖတ်ကြားသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၏ စာတမ်း

၂၅  စက်တင်ဘာ

 

မင်္ဂလာပါရှင်။ ရှမ်းပြည်နယ် ကွန်ဟိန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန်းခင်စော ဖြစ်ပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ်စာတမ်းကို ပါတီကိုယ်စား ဖတ်ကြားတင်ပြပါ့မယ်ရှင်။

 

အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ကြွရောက်လာကြတဲ့အစိုးရအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ လွှတ်တော်များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သံတမန်များနှင့် ဧည့်သည်တော်ကြီးများအားလုံးကို ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဆုမွန်ကောင်းတောင်းဆိုလိုက်ပါတယ်။

 

ဒီနှစ် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ အထိမ်းအမှတ်အတွက် ဆောင်ပုဒ်အဖြစ် “ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိ ဆောင်ရွက်ပေး” ဆိုတဲ့ဆောင်ပုဒ်ကို သတ်မှတ်ခဲ့တာ တွေ့ရပါတယ်။ ယနေ့မြန်မာနိုင်ငံဟာလည်း ဒီမိုကရေစီ ရှင်သန်ခိုင်မြဲစေဖို့ ကြိုးပမ်းဆောင်ရွက်နေတဲ့ နိုင်ငံဖြစ်တဲ့အတွက် မြန်မာနိုင်ငံအတွက် အလွန်သင့်တော်တဲ့ ဆောင်ပုဒ်တစ်ခုဖြစ်တယ်ဆိုတာကို ဦးစွာပဏာမ ပြောကြားလိုပါတယ်။

 

မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ထဲကို အဓိကထားပြီး စီမံအုပ်ချုပ်ခဲ့တဲ့ အတွေ့အကြုံ တွေကသာ များနေခဲ့တဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ နှစ်ပေါင်း ၇၀ ပြည်တွင်း ပဋိပက္ခတွေဖြစ်တဲ့ စစ်ပွဲတွေရဲ့ဒဏ်ကိုလည်း ခံနေခဲ့ရ၊ ခံနေရဆဲ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ အခုအခါမှာတော့ ပြည်သူက ရွေးချယ်ပေးတဲ့ ကိုယ်စားလှယ်တွေ ၇၅ ရာခိုင်နှုန်းပါဝင်တဲ့ လွှတ်တော်တွေကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဥပဒေပြုမှုလုပ်ငန်းတွေနဲ့ အစိုးရကို ထိန်းညှိထောက်ပံ့ပေးတဲ့ လုပ်ငန်းတွေကိုတော့ လုပ်ဆောင်နိုင်ခဲ့ပြီလို့ဆိုရင် မှားမယ်မထင်ပါဘူး။
ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ စီမံအုပ်ချုပ်တဲ့အစိုးရ၊ လွှတ်တော်တွေကို ပြည့်ပြည့်ဝ၀ မထူထောင်နိုင်သေးပေမယ့် ပြည်သူတွေ လိုလားနေတဲ့ ဒီမိုကရေစီ စနစ်ကို ၇၅ ရာခိုင်နှုန်းလောက်တော့ ဖွဲ့စည်းနိုင်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေ လိုလားတောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးကိုတော့ ဒီနေ့အထိ တစ်စုံတစ်ရာ အတိုင်းအတာ အထိတောင် မတည်ဆောက်နိုင်သေးတာကို မြင်တွေ့ကြရမှာဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ဒီမိုကရေစီစနစ်ကို အစပျိုးနိုင်ခဲ့ပြီလို့ ဆိုချင်ရင် ဆိုနိုင်ပေမယ့် အလွန်ကိုအရေးကြီးတဲ့ “အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး” လုပ်ငန်းစဉ်များကိုတော့ အပြီးသတ်အောင် မဆောင်ရွက်နိုင်သေးပါဘူး။

 

ဒီမိုကရေစီစနစ်ကို ထူထောင်ရာမှာ တရားဥပဒေစိုးမိုးရေးဆိုတဲ့အခန်း ကဏ္ဍကလည်း အတော်ကိုအရေးကြီးတယ်လို့ မြင်မိပါတယ်။ တရားဥပဒေစိုးမိုးခြင်း မရှိဘဲနဲ့ ဒီမိုကရေစီကို ထူထောင်ဖို့ အတော်ကိုခက်ခဲမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ ဆိုတာ မှန်ကန်တဲ့တရားဥပဒေတွေနဲ့ စီမံခန့်ခွဲအုပ်ချုပ်ရတာမို့ တရားရေးမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်တွေက တရားဥပဒေ စိုးမိုးရေးကို အလေးထားဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့သလို စစ်ပွဲတွေ ဆက်ရှိနေတာကလည်း တရားဥပဒေစိုးမိုးမှုကို အနှောင့်အယှက်ဖြစ်နေတာမို့ စစ်ပွဲတွေရပ်စဲဖို့ကလည်း ဒီမိုကရေစီ နိုင်ငံရေးစနစ်ထူထောင်ရာမှာ အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုအဖြစ် ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

 

ဒီမိုကရေစီရှင်သန်ခိုင်မြဲဖို့ဆိုရင် အဓိကအရေးကြီးတဲ့အချက် နောက်တစ်ခုကတော့ “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိဖို့” ဆိုတာ မေ့ထားလို့မရတဲ့ အချက်တစ်ခုဖြစ်ပါတယ်။ ပြည်သူတစ်ဦးချင်းကဖြစ်စေ၊ လွှတ်တော်အတွင်းမှာ ပဲဖြစ်စေ၊ ကိုယ့်ရဲ့သဘောထားဆန္ဒတွေကို လွတ်လွတ်လပ်လပ်ထုတ်ဖော် ပြောကြားခွင့် ရှိဖို့လိုပါတယ်။ အဲဒီလိုမှ ထုတ်ဖော်ပြောဆိုခွင့်မရှိခဲ့ရင် “ဒီမိုကရေစီ” ရှင်သန်ရေးဆိုတာ ဖြစ်နိုင်စရာမရှိပါဘူး။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုရာမှာ အမုန်းစကားတွေ၊ အကျိုးမဲ့တိုက်ခိုက်တဲ့ စကားတွေကိုတော့ ရှောင်ရှားသင့်တဲ့ စည်းကမ်းတစ်ခုအဖြစ် သတ်မှတ်ထားဖို့တော့ လိုမှာဖြစ်ပါတယ်။

 

ဒီမိုကရေစီစနစ်ရဲ့ အားသာချက်တွေကတော့ နိုင်ငံသားတိုင်းဟာ လွတ်လပ်စွာ တွေးခေါ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့်၊ လွတ်လပ်စွာ တီထွင်ဆန်းသစ်ခွင့်တွေက ရရှိနေခြင်းပဲ ဖြစ်ပါတယ်။ အဲဒီအချက်တွေကို ဖော်ဆောင်ခွင့်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေပါတယ်။ နိုင်ငံသားတိုင်းအတွက် လူသားဘဝကို ပီပြင်စေမှာ ဖြစ်ပါတယ်။

 

ဒီမိုကရေစီစနစ်ဆိုတာ တစ်ဦးကောင်း၊ တစ်ယောက်ကောင်း ဆောင်ရွက်ရတဲ့ နိုင်ငံရေးစနစ် မဟုတ်ပါဘူး။ စုပေါင်းဆွေးနွေး၊ စုပေါင်းခေါင်းဆောင်ကြ ရတာဖြစ်ပြီး တာဝန်အရ တစ်ဦးချင်းက တာဝန်ခွဲဝေယူကြရတဲ့စနစ် ဖြစ်ပါတယ်။ အများရဲ့ဆန္ဒနဲ့ ဆုံးဖြတ်ဆောင်ရွက်ရတာကြောင့် နှောင့်နှေးမှုတွေ၊ ကြန့်ကြာမှုတွေက မလွဲမသွေရှိနေမှာဖြစ်ပေမယ့် လူအများရဲ့ဆန္ဒသဘောထားနဲ့ ဆောင်ရွက်တာမို့လို့ ဆန့်ကျင်ကန့်ကွက်မှုတွေ လျော့နည်းစေမှာဖြစ်ပါတယ်။

 

ဒီမိုကရေစီရှင်သန်ရေး ဝိုင်းဝန်းထိန်းညှိဆောင်ရွက်ပေးဆိုရင် အဓိက အရေးကြီးတဲ့ အချက်တစ်ချက်ကိုတော့ နောက်ဆုံးအနေနဲ့ အလေးထား ပြောကြားချင်ပါတယ်။ အဲဒါကတော့ သတင်းမီဒီယာလွတ်လပ်ခွင့် ဖြစ်ပါတယ်။ ဒီမိုကရေစီ နိုင်ငံတိုင်းမှာ မဖြစ်မနေပေးအပ်ရတဲ့ သတင်းလွတ်လပ်ခွင့် ဆိုတာကို နိုင်ငံရဲ့ စတုတ္ထမဏ္ဍိုင်လို့တောင်မှ တင်စားခဲ့ကြတာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီ ရှင်သန်သလား၊ ဆိတ်သုဉ်းနေသလားဆိုတာကို သတင်းလွတ်လပ်ခွင့်နဲ့ တိုင်းတာကြည့်ရမှာ ဖြစ်ပါတယ်။ သတင်းဆိုတာက ပြည်သူလူထုဆီက တိုက်ရိုက်လာတာဖြစ်တဲ့အတွက် ဒီမိုကရေစီနိုင်ငံရေး စနစ်မှာ ပြည်သူ့အသံကို နားထောင်ရတဲ့နေရာ ဖြစ်ပါတယ်။ ပြည်သူ့အသံကို လွတ်လပ်တဲ့ သတင်းမီဒီယာတွေကတစ်ဆင့် အစိုးရ၊ လွှတ်တော်နဲ့ပြည်သူ တွေက သိရှိနေကြရတာဖြစ်ပါတယ်။ ဒါကြောင့် လွတ်လပ်တဲ့ သတင်းထုတ်ဖော် ရေးသားခွင့်ဟာ ဒီမိုကရေစီရှင်သန်ရေးအတွက် အလွန်အဓိကကျပြီး အလွန်ပဲအရေးပါတဲ့အချက် ဖြစ်ပါတယ်။

 

လွတ်လပ်တဲ့သတင်းတွေကို နားမထောင်ချင်တော့ဘူး။ ပိတ်ပင်တားဆီးမှုတွေ လုပ်လာပြီဆိုရင် ဒါဟာ ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းရဲ့လက္ခဏာပဲဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံရဲ့ ပုံနှိပ်မီဒီယာလုပ်ငန်းတွေဟာ အစိုးရ သတင်းစာကလွဲပြီး ကျန်ပုံနှိပ်မီဒီယာတွေဟာ တဖြည်းဖြည်းနဲ့ လျော့နည်းလာရာက ဆိတ်သုဉ်းရတော့မယ် အခြေအနေကို ဆိုက်ရောက်နေပါပြီ။ ဒီနေ့ပွဲရဲ့ ဆောင်ပုဒ်ကို တကယ်အကောင်အထည်ဖော်ချင်ရင် မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ ပြန်လည်ထွန်းကားလာအောင် အစိုးရအနေနဲ့ မဖြစ်မနေ အားပေးဆောင်ရွက်သင့်ပါကြောင်း ဒီမိုကရေစီ ရှင်သန်စေရေးအတွက် တိုက်တွန်းအပ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။

 

Share this on Social Media