(၇၃) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲသို့ မြန်မာကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက် မိန့်ခွန်းပြောကြား

၃၀ စက်တင်ဘာ

 

(၇၃) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ အထွေထွေမူဝါဒရေးရာဆွေးနွေးပွဲ၏ စတုတ္ထနေ့ အစည်းအဝေးကို စက်တင်ဘာလ ၂၈ ရက်တွင် အမေရိကန်၊ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်ရှိ အထွေထွေညီလာခံခန်းမ၌ ကျင်းပရာ ဒေသစံတော်ချိန် ည ၈ နာရီတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ တက်ရောက်၍ အထွေထွေ မူဝါဒရေးရာ မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးက ကုလသမဂ္ဂအနေဖြင့် နိုင်ငံအားလုံးအတွက် ဆီလျော်မှုရှိသည့် ပိုမိုကောင်းမွန်သော အဖွဲ့အစည်းတစ်ရပ် ဖြစ်လာစေရေးအတွက် အပြုသဘောဆောင်ပြီး ငြိမ်းချမ်းသည့်နည်းလမ်းများဖြင့် ချဉ်းကပ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအစိုးရ၏ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်း၍ သဟဇာတရှိသော လူမှုအဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးအတွက် ဆောင်ရွက်ချက်များ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအပါအဝင် ရေရှည်အဖြေကိုရှာနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများကို အလေးထား ပြောကြားသည်။

 

ထို့အပြင် လူ့အခွင့်အရေးကောင်စီ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့မှ မကြာမီက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာနှင့် အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာ တရားရုံးမှချမှတ်ခဲ့သော ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်တို့အပေါ် မြန်မာနိုင်ငံ၏ရပ်တည်ချက်နှင့် တာဝန်ခံမှုဆိုင်ရာ ကိစ္စရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအစိုးရက ဖွဲ့စည်းခဲ့သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ဖြင့် ဆောင်ရွက်သွားရန် သန္နိဋ္ဌာန်ချထားမှုတို့ကို ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြားသည်။

 

မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

 

သဘာပတိကြီးခင်ဗျား၊

 

ကျွန်တော်တို့ဟာ စိန်ခေါ်မှုများစွာ ဖြစ်ပေါ်နေတဲ့ အချိန်ကာလများမှာအသက်ရှင်နေထိုင်ကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ယခုနှစ် အထွေထွေညီလာခံရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ “ပြည်သူအားလုံးနဲ့ဆီလျော်တဲ့ ကုလသမဂ္ဂဖြစ်စေရေး- ငြိမ်းချမ်းမျှတပြီး ရေရှည်တည်တံ့တဲ့ လူမှုအဖွဲ့အစည်းများ ဖြစ်ပေါ်စေရေးအတွက် ကမ္ဘာကိုဦးဆောင်ပေးနိုင်မှုနဲ့ တာဝန်များ မျှဝေယူမှု” ဟာ အင်မတန်မှ ကောင်းမွန်ဆီလျော်လှပါတယ်။ ဒီဆောင်ပုဒ်ဟာ ယနေ့ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ကြဖို့အတွက် အရေးပါတဲ့ ဒီအဖွဲ့အစည်းကြီးရဲ့ကဏ္ဍကို မြှင့်တင်ပေးဖို့ လိုအပ်ချက်ကိုလည်း သတိပေးရာ ရောက်ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်ရာမှာ အချုပ်အခြာအာဏာ တန်းတူညီတူရှိမှုဆိုတဲ့မူအပါအဝင် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကြီးရဲ့ အခြေခံမူတွေကိုလည်း မေ့လျော့ထားလို့ မဖြစ်ပါဘူး။ ဒါ့အပြင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ လူသားချင်းစာနာမှုဆိုင်ရာ အကျိုးစီးပွားနဲ့ လူ့အခွင့်အရေးတွေကို မြှင့်တင်ကာကွယ်ရာမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နည်းလမ်းများမှတစ်ဆင့် ဆောင်ရွက်မှရရှိနိုင်မယ်ဆိုတာကိုလည်း သတိရကြဖို့ လိုအပ်ပါတယ်။ ကုလသမဂ္ဂရဲ့အပြည်ပြည်ဆိုင်ရာ ပါဝင်နေတဲ့ ဝိသေသလက္ခဏာကိုလည်း မမေ့လျော့သင့်ပါဘူး။

 

အပြုသဘောဆောင် ငြိမ်းချမ်းတဲ့နည်းလမ်း

 

အပြုသဘောဆောင်ပြီး ငြိမ်းချမ်းတဲ့နည်းလမ်းတွေနဲ့ ဆောင်ရွက်မှသာ ကျွန်တော်တို့အနေနဲ့ နိုင်ငံအားလုံးနဲ့ ဆီလျော်တဲ့ ပိုမိုကောင်းမွန်သော ကုလသမဂ္ဂကြီးကို ဖန်တီးနိုင်ကြမှာ ဖြစ်ပါတယ်။ ဒါမှသာ ကျွန်တော်တို့ မျှော်လင့်တောင့်တတဲ့ တာဝန်မျှဝေယူမှုများနဲ့အညီ ကမ္ဘာကို ဦးဆောင်ပေးနိုင်မှုကို အမှန်တကယ်ရရှိနိုင်မှာ ဖြစ်ပါတယ်။

 

ဒီနေရာမှာ ကျွန်တော့်အနေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းကြီးရဲ့ အခန်းကဏ္ဍအပေါ် မြန်မာနိုင်ငံရဲ့ သဘောထားပြောင်းလဲသွားခြင်းမရှိဘူးဆိုတာကိုလည်း အလေးထားပြောကြားလိုပါတယ်။ ကမ္ဘာ့ရေးရာ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ရေးအတွက်ကမ္ဘာ့နိုင်ငံတွေ အတူတကွ ပူးပေါင်းပြီး အဖြေရှာဖွေကြဖို့ ကုလသမဂ္ဂအဖွဲ့ ကြီးထက်ပိုပြီးသင့်လျော်သော နိုင်ငံအပေါင်း ဆုံစည်းနိုင်တဲ့ နေရာမျိုး မရှိပါဘူး။

 

သဘာပတိကြီးခင်ဗျား၊

 

မြန်မာနိုင်ငံကို အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်း၍ သဟဇာတရှိသော လူမှုအဖွဲ့အစည်းတစ်ရပ် ထူထောင်ရေးအတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေနဲ့ ပတ်သက်ပြီး ဒီအထွေထွေညီလာခံကြီးမှာ အသိပေးတင်ပြ လိုပါတယ်။

 

ငြိမ်းချမ်းရေးကို ဦးစားပေးဆောင်ရွက်

 

အေးချမ်းမှု၊ တည်ငြိမ်မှုမရှိတဲ့ နိုင်ငံတစ်နိုင်ငံဟာ စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုမရရှိနိုင်ပါဘူး။ ဒါဟာ ကျွန်တော်တို့ရဲ့ ခံယူချက်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက် တင်မြှောက်ခြင်းခံထားရတဲ့ ကျွန်တော်တို့အစိုးရဟာ တာဝန်စတင်ထမ်းဆောင်ချိန်ကစပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါတယ်။

 

သဘာပတိကြီးခင်ဗျား၊

 

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တိုင်းရင်းသားများအကြား ဝိဝါဒကွဲပြားမှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ အဆုံးသတ်နိုင်မယ်လို့ ခံယူထားပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်သူများ မျှော်လင့် တောင့်တတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ထောင်နိုင်မှသာ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဆိုတာ အမှန်တကယ် အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။

 

ဒါ့ကြောင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံမူတွေချမှတ်ရာမှာ သဘောတူညီမှု ရရှိနိုင်ဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံမှာ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ ကျင်းပပြီးစီးခဲ့တဲ့ ညီလာခံ(၃) ကြိမ်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေး သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းဖြစ်လာမယ့် အခြေခံမူ (၅၁) ချက်ကို ချမှတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်စေဖို့အတွက် ကျွန်တော်တို့အနေနဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးပြီးဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နဲ့သာမက လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့တွေနဲ့ပါဆက်လက်ညှိနှိုင်းဆွေးနွေးလျက် ရှိပါတယ်။

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်

 

ပြီးခဲ့တဲ့နှစ်အတွင်းမှာတော့ နောက်ထပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ ဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အောက်သို့ ရောက်ရှိလာပြီး ညီလာခံရဲ့ ဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ဖို့ကို ကျွန်တော်တို့အနေနဲ့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

 

သဘာပတိကြီးခင်ဗျား၊

 

တိုင်းပြည်ငြိမ်းချမ်းသာယာဝပြောစေဖို့ ဆောင်ရွက်ရာမှာ စီးပွားရေး၊ လူမှုရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွေမှာ မျှတတဲ့ ဖွံ့ ဖြိုးတိုးတက်မှု မရှိမဖြစ် လိုအပ်ပါတယ်။ ဒီ့အတွက် ကုလသမဂ္ဂ ၂၀၃၀ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးမှုအစီအစဉ်နဲ့ ကိုက်ညီတဲ့မြန်မာနိုင်ငံရဲ့ စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၁၈-၂၀၃၀) (MSDP) ကို မြန်မာအစိုးရအနေနဲ့ ချမှတ်ထားပြီးဖြစ်ပါတယ်။ ဒီစီမံကိန်းရဲ့ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၊ သာယာဝပြောရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ပြည်သူများနှင့် ကမ္ဘာမြေဆိုတဲ့ မဏ္ဍိုင် (၃) ရပ် ပါဝင်ပါတယ်။ ဒီစီမံကိန်းရဲ့ ရည်မှန်းချက်များထဲမှာ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ လုံခြုံရေးနဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးတို့ ပါဝင်ပါတယ်။ ဒီစီမံကိန်းရဲ့နေရာအားလုံးမှာ စဉ်ဆက်မပြတ်တိုးတက်ရေးကို ထည့်သွင်း စဉ်းစားဆောင်ရွက်ရမှာဖြစ်ပြီး စီမံကိန်းအကောင်အထည်ဖော်ရေး ရှုထောင့်အားလုံးမှာ အဓိကထားရမှာ ဖြစ်ပါတယ်။ MSDP အောင်မြင်မှုအတွက် အမျိုးသားကြိုးပမ်းအားထုတ်မှုများသာမက ဖွံ့ ဖြိုးမှုမိတ်ဖက်များနှင့်အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများရဲ့ ပါဝင်ဆောင်ရွက်မှုများလည်း လိုအပ်ပါတယ်။

 

သဘာပတိကြီးခင်ဗျား၊

 

မြန်မာနိုင်ငံကို ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် အောင်အောင်မြင်မြင် အသွင်ကူးပြောင်းရေးမှာ လူ့အခွင့်အရေးနဲ့ အားလုံးပါဝင်ရေးဟာ အခြေခံကျပါတယ်။ ပြည်သူတွေအကြားမှာ ဒီမိုကရေစီစံနှုန်းနဲ့ အလေ့အထတွေ လေ့ကျင့်မွေးမြူနိုင်ကြဖို့အတွက် အစိုးရအနေနဲ့ အားထုတ်ကြိုးပမ်းလျက်ရှိပါတယ်။ ဒီလိုကြိုးပမ်းရာမှာ တရားဥပဒေစိုးမိုးရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုတိုးတက်ရေး၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေးနဲ့ အားမာန်ရှိတဲ့ လူမှုအဖွဲ့အစည်းတစ်ရပ်ပေါ်ထွန်းလာစေရေးတို့ ပါဝင်ပါတယ်။ ဒီအချက်တွေအားလုံးဟာ ပြည်သူအားလုံးကိုလုံခြုံမှုနဲ့ သာယာဝပြောမှု ပေးစွမ်းနိုင်မယ့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်ရေးအတွက် မဖြစ်မနေ လိုအပ်ချက်တွေပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ကိုပြောင်းလဲကျင့်သုံးစ နိုင်ငံတစ်နိုင်ငံအတွက် ဒါဟာ စိန်ခေါ်မှု အလွန်ကြီးမားတဲ့လုပ်ငန်း စဉ်တစ်ရပ် ဖြစ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ ပြည်သူများ လိုလားတောင့်တကြတဲ့ ဒီမိုကရေစီ လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်ရေးအတွက် ကျွန်တော်တို့အနေနဲ့ ခိုင်မာသော သန္နိဋ္ဌာန်ချထားပြီး ဖြစ်ပါတယ်။

 

သဘာပတိကြီးခင်ဗျား၊

 

ရခိုင်ပြည်နယ်အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းရေးဟာ ကျွန်တော်တို့ ဒီမိုကရေစီလုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ် ငြိမ်းချမ်းပြီး ဖွံ့ဖြိုးစေဖို့အတွက် ကျွန်တော်တို့ အစိုးရအနေနဲ့ အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ နိုင်ငံတော်တာဝန်ကို စတင်တာဝန်ယူပြီး ရက်သတ္တပတ် အနည်းငယ်အတွင်း ၂၀၁၆ ခုနှစ်၊ မေလမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးဗဟိုကော်မတီကို အစိုးရက ဖွဲ့စည်းခဲ့ပါတယ်။ အဲ့ဒီနောက် ရခိုင်ပြည်နယ် ငြိမ်းချမ်းတည်ငြိမ်ရေးနဲ့ ဖွံ့ ဖြိုးရေးအတွက် အကြံပြုချက်များ တင်ပြနိုင်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဒေါက်တာကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလမှာ ဆက်လက်ဖွဲ့စည်းခဲ့ပါတယ်။

 

အမြော်အမြင်ကြီးမားစွာ အကြံပြု

 

ရခိုင်ပြည်နယ်တွင် ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လုံခြုံရေးဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်နိုင်စေဖို့ဆန္ဒနဲ့ ဉာဏ်ပညာအမြော်အမြင်ကြီးမားစွာဖြင့် အကြံပြုချက်များ ပေးအပ်ခဲ့တဲ့ ဒေါက်တာ ကိုဖီအာနန်ကို ဒီနေရာကနေချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားလိုပါတယ်။

 

ကော်မရှင်ဖွဲ့စည်းပြီး တစ်လခန့်အကြာမှာ နောင် အာဆာအဖွဲ့ ဖြစ်လာမယ့် “အာကွာမူ မူဂျာဟီဒင်” ဘာသာရေးအစွန်းရောက် အကြမ်းဖက်အုပ်စုကရခိုင်ပြည်နယ် မြောက်ပိုင်းရှိ နယ်စပ်လုံခြုံရေး ရဲကင်း (၃)ခုကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုတွေဟာ အဲဒီဒေသမှာ နေထိုင်သူများအကြား စိုးရိမ်ကြောက်ရွံ့မှုတွေ ဖြစ်လာစေဖို့၊ အကြမ်းဖက်မှုတွေကို လှုံ့ဆော်ပေးဖို့နဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုရဖို့အတွက် ကြိုတင်အကွက်ချစီစဉ်ခဲ့တာ ဖြစ်ပါတယ်။

 

ဒီလို တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပေမယ့် ရခိုင်ပြည်နယ်အတွက် ရေရှည်အဖြေကို ရှာနိုင်ဖို့အတွက် အစိုးရအနေနဲ့ ဆက်လက်ကြိုးပမ်းခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က အပြီးသတ်အစီရင်ခံစာကို မြန်မာအစိုးရထံ ၂၀၁၇ ခုနှစ်၊ ဩဂုတ်လမှာ တင်သွင်းခဲ့ပါတယ်။ အစီရင်ခံစာမှာ ရခိုင်ပြည်နယ် ရေရှည်ငြိမ်းချမ်း တည်ငြိမ်ဖို့အတွက် အကြံပြုချက် (၈၈) ချက် ပါဝင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက်၊ ယခုအချိန်မှာ အကြံပြုချက် (၈၈) အနက် (၈၁) ချက်ကို အကောင်အထည်ဖော်နေပြီ ဖြစ်တယ်ဆိုတာကို ဝမ်းမြောက်စွာတင်ပြလိုပါတယ်။

 

မတူညီတဲ့လူမှုအသိုက်အဝန်းများကို ဦးတည်

 

ဒေါက်တာ ကိုဖီအာနန်က ကော်မရှင်ရဲ့ အပြီးသတ်အစီရင်ခံစာကို ပေးအပ်ပြီးနာရီ အနည်းငယ်အတွင်း အာဆာအကြမ်းဖက်အဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်းစခန်း (၃၀) နဲ့ နယ်မြေခံ တပ်ရင်းဌာနချုပ်တို့ကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ အာဆာရဲ့ အကြမ်းဖက်မှုတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေသာမက ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ မတူညီတဲ့ လူမှုအသိုက်အဝန်းများကိုပါ ဦးတည်ခဲ့ တယ်ဆိုတာ ဒီနေရာမှာ အလေးထား ပြောကြားလိုပါတယ်။ ယင်းသို့ တိုက်ခိုက်မှုများကြောင့် စိုးရိမ်ကြောက်ရွံ့မှု၊ မတည်ငြိမ်မှုတို့ ဖြစ်ပေါ်ခဲ့ရပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည်အမြောက်အမြား ထွက်ပြေးခဲ့ကြပါတယ်။

 

ဒီလိုထွက်ပြေးမှုကိုသာ နိုင်ငံတကာက အာရုံစိုက်ပြီး၊ ထွက်ပြေးရတဲ့ လတ်တလောနဲ့ ယခင်ကတည်းက ရှိနေခဲ့တဲ့ ပိုမိုကျယ်ပြန့်တဲ့ အကြောင်းရင်းတွေကိုတော့ လျစ်လျူရှုခဲ့ကြပါတယ်။ မည်သို့ပင်ဖြစ်စေကာမူ အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ အသိုက်အဝန်းအားလုံးအတွက် လိုအပ်တဲ့ တည်ငြိမ်မှု၊ ပြန်လည် သင့်မြတ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် စေတနာမှန်ကန်စွာဖြင့် တပေါင်းတစည်းတည်း ဆက်လက်ဖြေရှင်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

 

သဘာပတိကြီးခင်ဗျား၊

 

ကျွန်တော်တို့အနေနဲ့ နေရပ်စွန့်ခွာသူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေရဲ့ ဒုက္ခတွေအပေါ် လွန်စွာစာနာထောက်ထားမိပါတယ်။ ရခိုင်ပြည်နယ်မှာ နေထိုင်ကြောင်း စိစစ်ပြီးတဲ့ နေရပ်စွန့်ခွာသူအားလုံးကို ဆောလျင်စွာပြန်လည်လက်ခံနိုင်ဖို့အတွက် အစီအမံတွေ ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။

 

ဒီ့အတွက် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအစီအစဉ်၊ပြန်လည်စိစစ်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်များနှင့် ပြန်လည်လက်ခံရေးဆိုင်ရာ လက်တွေ့ အစီအစဉ်စတဲ့ နှစ်နိုင်ငံသဘောတူညီချက်(၃) ခုကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါတယ်။

 

ကျွန်တော်တို့အနေနဲ့ အဲဒီနှစ်နိုင်ငံသဘောတူညီချက်တွေနဲ့အညီ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပြီးဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ ပြန်လည်ဝင်ရောက်လာကြမယ့် စိစစ်ပြီးသူများကို ပြန်လည်လက်ခံဖို့ ယခုနှစ် ဇန်နဝါရီလ ၂၃ ရက်ကတည်းက မိမိတို့ဘက်မှာ အဆင်သင့်ဖြစ်နေခဲ့ပြီ ဖြစ်ပါတယ်။ နှစ်နိုင်ငံ သဘောတူညီချက်များအတိုင်း ကတိကဝတ်များ လိုက်နာဖို့နဲ့ စိစစ်ပြီးသူများကို ဆန္ဒအလျောက်လုံခြုံသိက္ခာရှိစွာ ပြန်လာနိုင်ရေးအတွက် အချိန်မဆွဲဘဲ ခွင့်ပြုပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းလိုပါတယ်။

 

နှစ်နိုင်ငံသဘောတူညီချက် အကောင်အထည်ဖော်

 

နေရပ်စွန့်ခွာသူ အချို့ဟာ မိမိတို့ သဘောဆန္ဒအလျောက် ၎င်းတို့အစီအစဉ်နဲ့ ပြန်လည်ရောက်ခဲ့ကြပြီး ဖြစ်ပါတယ်။ ယင်းသို့ ပြန်လည်ဝင်ရောက်လာသူများကို စနစ်တကျ စိစစ်မှတ်ပုံတင်မှုများ ပြုလုပ်ပေးခဲ့ပြီး၊ ယခုအခါမှာ ၎င်းတို့ရဲ့ နေအိမ်အသီးသီးမှာ မိသားစုများ၊ ဆွေမျိုးများနဲ့အတူ ပြန်လည်နေထိုင်နေကြပြီဖြစ်ပါတယ်။ သို့သော် နှစ်နိုင်ငံသဘောတူညီချက်ကို အကောင်အထည်ဖော်မှု အစီအစဉ်အနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေရပ်စွန့်ခွာသူ တစ်ဦးတစ်ယောက်မျှ ပြန်လည်ပေးပို့လာခြင်းမရှိသေးပါဘူး။

 

သဘာပတိကြီးခင်ဗျား၊

 

နှစ်နိုင်ငံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ခြင်း၊ အိမ်နီးချင်းကောင်း စိတ်ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ မြန်မာနိုင်ငံ သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ထိခိုက်စေမယ့် လုပ်ရပ်တွေကို ရှောင်ရှားခြင်းဖြင့်သာ ပြဿနာကို လျင်လျင်မြန်မြန် အေးအေးချမ်းချမ်း ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

 

ရခိုင်ပြည်နယ်အရေးကိစ္စနဲ့ အထူးသဖြင့် လက်ရှိလူသားချင်းစာနာမှု အကျပ်အတည်းကို ဖြေရှင်းရာမှာ ကုလသမဂ္ဂရဲ့ အရေးပါတဲ့ ကဏ္ဍကို ကျွန်တော်တို့အနေနဲ့ အသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်။ ပြန်လည်ဝင်ရောက်မယ့်သူများကို ပြန်လည်နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အကူအညီရယူဖို့ မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂဖွံ့ ဖြိုးမှုအစီအစဉ်နဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့နဲ့ နားလည်မှုစာချွန်လွှာတစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ နားလည်မှုစာချွန်လွှာအရ ကုလသမဂ္ဂဖွံ့ ဖြိုးမှုအစီအစဉ်နဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံးတို့အနေနဲ့ လုပ်ငန်းစတင်နိုင်မယ့်နေရာတွေမှာ ကွင်းဆင်း ဆန်းစစ်လေ့လာရေးအစီအစဉ်ကို ဆောင်ရွက်ခြင်းဖြင့် အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်ကို စတင်ရမှာ ဖြစ်ပါတယ်။ ကုလသမဂ္ဂအဖွဲ့အနေနဲ့ ဒီလုပ်ငန်းစဉ်ကို စတင်နေပြီဖြစ်လို့ ကျွန်တော်တို့ အနေနဲ့ ၎င်းတို့ထံမှ ဆန်းစစ်တွေ့ရှိချက်များ ပြန်ကြားလာတာကို စောင့်ဆိုင်းနေပါတယ်။

 

သဘာပတိကြီးခင်ဗျား၊

 

လူ့အခွင့်အရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာအချက် အလက်ရှာဖွေရေးအဖွဲ့က ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအပေါ် မြန်မာအစိုးရအနေနဲ့ အလွန်စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

 

လူမှုပေါင်းစည်းနေထိုင်မှုတည်ဆောက်ရေး အဟန့်အတားဖြစ်စေ

 

အချက်အလက်ရှာဖွေရေးအဖွဲ့၏ လိုအပ်မှု၊ ဖွဲ့စည်းမှုနဲ့ လုပ်ပိုင်ခွင့်တို့အပေါ် မြန်မာအစိုးရက စစ်မှန်တဲ့စိုးရိမ်မှုတွေရှိခဲ့တဲ့အတွက် အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ မတ်လမှာကတည်းက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။ မြေပြင်အခြေအနေမှာ လူမှုအသိုက်အဝန်းများအကြား သဟဇာတရှိစေဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးပမ်းနေကြတဲ့အချိန်မှာပဲ ခိုင်ခိုင်မာမာသက်သေမပြနိုင်တဲ့ ဖြစ်ရပ်ဇာတ်ကြောင်းတွေကို အခြေခံထားတဲ့ အစီရင်ခံစာကို ထုတ်ပြန်လိုက်ခြင်းဟာ တင်းမာမှုတွေကို ဆက်လက်ဖြစ်ပေါ်စေပြီး၊ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုက်အဝန်းများအကြား အလွန်လိုအပ်လျက် ရှိနေတဲ့ လူမှုပေါင်းစည်းနေထိုင်မှု တည်ဆောက်ရေးအတွက် ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုတွေကို အဟန့်အတားဖြစ်စေမှာကို စိုးရိမ်မိပါတယ်။

 

ဒီနေရာမှာ တာဝန်ခံမှုဆိုတာ ကျွန်တော်တို့အားလုံးအတွက် ဘယ်လို ဖြစ်သင့်တယ်ဆိုတာ အလေးအနက်ပြောကြားလိုပါတယ်။ တာဝန်ခံမှုဆိုတာ မိမိရဲ့ လုပ်ရပ်တွေအပေါ် တာဝန်ယူခြင်းပဲ ဖြစ်ပါတယ်။ တာဝန်ခံမှုဟာ အားလုံးအပေါ် မျှမျှတတသက်ရောက်မှုရှိရမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်တစ်ဦးချင်း၊ အဖွဲ့အစည်းများ၊ အစိုးရများနဲ့အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဟာ ၎င်းတို့ရဲ့ စကားလုံးများနဲ့ လုပ်ရပ်တွေရဲ့အကျိုးဆက်အတွက် တာဝန်ခံမှုရှိရမှာ ဖြစ်ပါတယ်။

 

သဘာပတိကြီးခင်ဗျား၊

 

အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံးရဲ့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်မှာ ချမှတ်ခဲ့တဲ့ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကို မြန်မာအစိုးရက ပြတ်သားစွာပယ်ချခဲ့ပြီးဖြစ်တာကို အဆွေတော်တို့ သိရှိပြီးဖြစ်ပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ်။ မြန်မာနိုင်ငံဟာ ရောမသဘောတူစာချုပ် (Rome Statute) မှာ ပါဝင်လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံမဟုတ်တဲ့အတွက် ယင်းတရားရုံးအနေနဲ့ မြန်မာနိုင်ငံအပေါ် ဘယ်လိုမှ တရားစီရင် ပိုင်ခွင့်မရှိပါဘူး။ ယင်းတရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ သံသယဖြစ်ဖွယ် ဥပဒေအကြောင်း ပြချက်တွေ အပေါ်မှာ ချမှတ်ထားခဲ့တာဖြစ်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံအစိုးရအနေနဲ့ ပြည်တွင်း၌ မိမိအစီအစဉ်နဲ့ ဖြေရှင်းဆောင်ရွက်နေမှုတွေ မပြီးဆုံးသေးတဲ့ အခြေအနေမှာ ယခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

 

မကြာသေးမီက ချမှတ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာပြစ်မှုဆိုင်ရာတရားရုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဆုံးဖြတ်ချက်ချမှတ်ခဲ့ပုံ နည်းလမ်းတို့ဟာ တရားရုံးအနေနဲ့ အန္တရာယ်ရှိတဲ့ အစဉ်အလာကျင့်ထုံးတစ်ရပ် ဖြစ်သွားနိုင်တဲ့အပေါ်မှာ နိုင်ငံတကာအသိုက်အဝန်းရဲ့ အဖွဲ့ဝင်တွေအနေနဲ့ လေးလေးနက်နက် စိုးရိမ်ပူပန်သင့်တယ်ဆိုတာကို ယနေ့တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်အားလုံးကို ပြောကြားလိုပါတယ်။ ယခု ဆုံးဖြတ်ချက်ဟာ တရားရုံးရဲ့ လူမှုကျင့်ဝတ်နဲ့ ဥပဒေဆိုင်ရာအခွင့်အာဏာကို ယိုယွင်းပျက်စီးစေရာရောက်ပါတယ်။ ဒီအပြည်ပြည်ဆိုင်ရာတရားရုံးအပေါ် ယုံကြည်စိတ်ချမှုကင်းမဲ့တာမိမိတို့တစ်နိုင်ငံတည်းမဟုတ်ကြောင်း သိရလို့ အားတက်မိပါတယ်။

 

သံသယဖြစ်ဖွယ်ဝင်ရောက်စွက်ဖက်မှု လက်ခံနိုင်မှာမဟုတ်

 

သို့သော်လည်း ကျွန်တော်ထပ်ပြီး ရှင်းရှင်းလင်းလင်း ပြောကြားလိုတာကတော့အပြည်ပြည်ဆိုင်ရာ ပြစ်မှုဆိုင်ရာတရားရုံးရဲ့ ယခုလို ဥပဒေကြောင်းအရ သံသယဖြစ်ဖွယ် ဝင်ရောက်စွက်ဖက်မှုကို မြန်မာအစိုးရက လက်ခံနိုင်မှာမဟုတ်သော်လည်း၊ ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် လုံလောက်တဲ့ အထောက်အထားရှိမယ်ဆိုရင် တာဝန်ခံမှုရှိစေဖို့အတွက် ကျွန်တော်တို့ အပြည့်အဝကတိကဝတ်ပြုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လွတ်လပ်သော စုံစမ်းရေးကော်မရှင်တစ်ရပ်ကို မကြာမီက ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါတယ်။ 

 

မြန်မာနိုင်ငံမှာ တာဝန်ခံမှုရှိစေရေး၊ ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်နေမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရခိုင်ပြည်နယ်မှာ ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ဒီကော်မရှင်က စုံစမ်းစစ်ဆေးမှာဖြစ်ပါတယ်။ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်မှာ ဖိလစ်ပိုင်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း မစ္စရိုဆာရီယိုမာနာလိုက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး၊ ကုလသမဂ္ဂဆိုင်ရာ ဂျပန်အမြဲတမ်း ကိုယ်စားလှယ်ဟောင်းနဲ့ ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်ဟောင်းသံအမတ်ကြီး ကင်ဇိုအိုရှီးမား၊ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌဟောင်းနဲ့ ယူနီဆက်အဆင့်မြင့် အရာရှိကြီးဟောင်းတို့ပါဝင်ကြပါတယ်။

 

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်များနဲ့အတူ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်ချက်ဟာလည်း ရခိုင်ပြည်နယ်ရဲ့ ကာလရှည်ကြာစွာ တည်ရှိခဲ့တဲ့ ပြဿနာများကို ဖြေရှင်းဆောင်ရွက်ရာမှာ အရေးပါတဲ့လမ်းပြအလင်းရောင်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။

 

သဘာပတိကြီးခင်ဗျား၊

 

မြန်မာနိုင်ငံ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေဟာ ရှုပ်ထွေးနက်နဲပြီး၊ဘက်ပေါင်းစုံဖြစ်ပါတယ်။ သို့သော်လည်း မြန်မာပြည်သူတွေဟာ ကြံ့ကြံ့ခံနိုင်ကြပါတယ်။ ပဋိပက္ခ၊ ဖွံ့ ဖြိုးမှုနောက်ကျမှုနဲ့ သဟဇာတမရှိမှုတွေကို ဆယ်စုနှစ်များစွာခံစားခဲ့ရတဲ့ မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး၊ ဖွံ့ ဖြိုးတိုးတက်မှုနဲ့ တစ်မျိုးသားလုံးသဟဇာတ ဖြစ်မှုတွေ ဆောင်ကြဉ်းပေးနိုင်ဖို့ ကြိုးပမ်းကြရာမှာ အခက်အခဲအားလုံး စိန်ခေါ်မှုများ အားလုံးကို ရင်ဆိုင်ဖြေရှင်းကြဖို့ ကျွန်တော်တို့ဟာ စည်းလုံးညီညွတ်စွာရပ်တည်လျက် ရှိပါကြောင်း ပြောကြားလိုပါတယ်။ကျေးဇူးတင်ပါတယ်။ ။

Share this on Social Media