နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသို့ အလုပ်သဘောခရီးသွားရောက်ခဲ့ခြင်းနှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်

နေပြည်တော် ၁၁ အောက်တိုဘာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေး၏ ဖိတ်ကြားချက်အရ နှစ်နိုင်ငံဆွေးနွေးပွဲများ ပြုလုပ်ရန်နှင့် ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှ ၉ ရက်နေ့အထိ တိုကျိုမြို့၌ ကျင်းပခဲ့သည့် (၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်အတွက် ဂျပန်နိုင်ငံသို့ အလုပ်သဘော ချစ်ကြည်ရေး ခရီးသွားရောက်ခဲ့ပြီး အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ အဆိုပါ ခရီးစဉ်သို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊  သမ္မတရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်တို့ လိုက်ပါသွားခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၈-၁၀-၂၀၁၈) ရက်နေ့၊ ညပိုင်းတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇို အာဘေးက မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာသည့် မဲခေါင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များအား ဝန်ကြီးချုပ်အိမ်တော်တွင် တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။ 

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၉-၁၀-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ဂျပန်-မဲခေါင် ပါလီမန် ချစ်ကြည်ရေးအသင်းမှ New Otani Hotel တွင် တည်ခင်းဧည့်ခံသည့် နံနက်စာစားပွဲသို့ အခြားမဲခေါင်နိုင်ငံ များမှ ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့သည်။ ဆက်လက်၍ တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ဂေဟာတွင် ပြုလုပ်သော (၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

 

အစည်းအဝေးတွင် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆမ်ဒက်ဟွန်ဆန်၊ လာအိုနိုင်ငံဝန်ကြီးချုပ် ထောင်လွန်းဆီဆုလစ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာနှင့် ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ငုယင်စွန်ဖု တို့တက်ရောက်ခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အစည်းအဝေးတွင် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားခဲ့ရာ၌ မဲခေါင်-ဂျပန်ပူးပေါင်းဆောင်ရွက်ရေး၏ “၂၀၁၅ တိုကျိုမဟာဗျူဟာ (၂၀၁၅-၂၀၁၈)”အရ ဆောင်ရွက်ခဲ့သည့် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို သုံးသပ်ဆွေးနွေးခဲ့ပြီး အနာဂတ်တွင် ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အထူးသဖြင့် မဲခေါင်နိုင်ငံများအကြား သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ကဏ္ဍများအပါအဝင် အခြားသော ကဏ္ဍများ၏ အခြေခံအဆောက်အဦများ ပေါင်းစည်းဆက်နွယ်မှု တိုးမြှင့်ရေး၊ မဲခေါင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့အကြား စက်မှုကုန်ထုတ်လုပ်မှုဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်မှု မြှင့်တင်ဆောင်ရွက်သွားရေး၊ “ပြည်သူ အခြေပြုအသိုက်အဝန်း”တစ်ခု ထူထောင်သွားရေး၊ နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ဆက်လက်ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် နိုင်ငံတကာနှင့် ဒေသဆိုင်ရာအရေးကိစ္စများနှင့် ပတ်သက်၍ ထည့်သွင်းဆွေးနွေးခဲ့သည့် ထိပ်သီးအစည်းအဝေးတွင် နိုင်ငံခေါင်းဆောင်များသည် ၂၀၁၉-၂၀၂၁ ခုနှစ်ကာလအတွက် ပူးပေါင်းဆောင်ရွက်မှုမူဘောင်အဖြစ် “ ၂၀၁၈ တိုကျိုမဟာဗျူဟာ (၂၀၁၉-၂၀၂၁) ” ကို အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။

 

မြန်မာနိုင်ငံသည်“ ၂၀၁၅ တိုကျိုမဟာဗျူဟာ (၂၀၁၅-၂၀၁၈) ”အရ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု စီမံကိန်း(၆၀)ကျော် အကောင်အထည်ဖော်နိုင်ခဲ့ပြီး၊ အခြားမဲခေါင်နိုင်ငံများပါဝင်သော နိုင်ငံစုံစီမံကိန်း (၁၀၀) ကျော်မှလည်း အကျိုးကျေးဇူးများ ရရှိခဲ့သည်။ ယခုအသစ်ထုတ်ပြန်သည့်“၂၀၁၈ တိုကျိုမဟာဗျူဟာ (၂၀၁၉-၂၀၂၁)” တွင် ဒေသတွင်း ပေါင်းစည်းချိတ်ဆက်မှု မြှင့်တင်ရေးကဏ္ဍ (Vibrant and Effective connectivity )၊  ပြည်သူ အခြေပြုအသိုက်အဝန်းထူထောင်ရေးကဏ္ဍ( People-Centered Society) နှင့် စိမ်းလန်းသော မဲခေါင်ဒေသ တည်ထောင်ရေးကဏ္ဍ ( Realization of a Green Mekong) ဟူသော မဏ္ဍိုင် (၃) ရပ် ပါဝင်သည်။ မြန်မာနိုင်ငံ အနေဖြင့် “ ၂၀၁၈ တိုကျိုမဟာဗျူဟာ (၂၀၁၉-၂၀၂၁) ” အရ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးအပြီး ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲအခမ်းအနားသို့ အခြားခေါင်းဆောင်များနှင့်အတူ ပါဝင်တက်ရောက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

မဲခေါင်-ဂျပန်ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို ၂၀၀၉ ခုနှစ်တွင် စတင်ခဲ့ပြီး အဖွဲ့ဝင်များအဖြစ် မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နှင့် ဂျပန်နိုင်ငံတို့ ပါဝင်သည်။ မဲခေါင်-ဂျပန်ပူးပေါင်း ဆောင်ရွက်မှု၏ အဓိကရည်ရွယ်ချက်မှာ ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးရေးအကူအညီရန်ပုံငွေဖြင့် မဲခေါင်ဒေသနိုင်ငံများ၏ လူမှုရေး၊ စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပေါင်းစည်းဆက်နွယ်မှု မြင့်မားလာစေရန် ဖြစ်ပါသည်။ 

 

အောက်တိုဘာလ (၉)ရက်နေ့၊ ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် နိုင်ငံတော်ဧည့်ဂေဟာ၌ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးလုပ်ငန်းစဉ်များတွင် ဂျပန်နိုင်ငံမှ ဆက်လက် အကူအညီများပေးအပ်သွားမည့်ကိစ္စများ၊ ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ အထူးသဖြင့် မြို့တွင်းယာဉ်ကြောပိတ်ဆို့မှု၊ ရေကြီးရေလျှံမှု လျော့ကျစေရေး၊ ရေဆိုးစွန့်ပစ်စနစ်များ ကောင်းမွန်လာစေရေးအတွက် ဂျပန်ယန်းငွေ ၇၀ ဘီလီယံ ပံ့ပိုးမည့် စီမံချက် ၂-ခု အကူအညီပေးရန် အတည်ပြုသည့်ကိစ္စ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ပေးနေမှုများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်နေရာချထားနိုင်ရန် အိမ်ရာများ ဆောက်လုပ်ပေး သွားမည့်ကိစ္စများနှင့် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် ရေနှင့် လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာစေရေးအတွက် ဆောင်ရွက်ပေးသွားမည့်ကိစ္စရပ်များကို ရင်းနှီးခင်မင်စွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြပြီး၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဂျပန်ဝန်ကြီးချုပ်အား မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်ရန် ဖိတ်ကြားခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် ရှင်ဇို အာဘေးမှ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား နိုင်ငံတော်ဧည့်ဂေဟာ၌ ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ 

 

တိုကျိုမြို့တွင် ရှိနေစဉ်အတွင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၆-၁၀-၂၀၁၈) ရက်နေ့ နေ့လည်ပိုင်းတွင် ဂျပန်နိုင်ငံ NHK သတင်းဌာနအား လက်ခံတွေ့ဆုံပြီး မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးအခြေအနေ၊ မဲခေါင်-ဂျပန် ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များနှင့် (၁၀)ကြိမ်မြောက် မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးမှ ရရှိလာနိုင်မည့်ရလဒ်များ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့် အခြားမေးမြန်းသည့်ကိစ္စရပ်များကို ဆွေးနွေးဖြေကြားခဲ့သည်။

 

ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် တိုကျိုမြို့၊ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် New Otani Hotel တွင် ခင်မင်ရင်းနှီးစွာ တွေ့ဆုံပြီး သံရုံးဝန်ထမ်းများအနေဖြင့် မြန်မာ-ဂျပန်ဆက်ဆံရေး ဆက်လက်တိုးတက်ကောင်းမွန်စေရေး၊ ဂျပန်နိုင်ငံမှ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမို မြှင့်တင်နိုင်ရေးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အကျိုးကာကွယ်စောင့်ရှောက်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် (၇-၁၀-၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် တိုကျိုမြို့မှ ဖူကူရှီးမားခရိုင်၊ အီဇူမီဇာကီ စံပြကျေးရွာသို့ သွားရောက်ခဲ့ပြီး ကျေးရွာအတွင်း စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စိုက်ပျိုးရေးထွက်ကုန်များနှင့် ကုန်ချောပစ္စည်းများ တင်ပို့ ရောင်းချမှုအခြေအနေများကို လှည့်လည်ကြည့်ရှု လေ့လာခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၈-၁၀-၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် New Komeito Party ၏ ဥက္ကဋ္ဌ Mr. Natsuo Yamaguchi နှင့် Nippon Foundation ဥက္ကဋ္ဌ Mr. Yohei Sasakawa အား သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။ New Komeito Party ၏ ဥက္ကဋ္ဌ Mr. Natsuo Yamaguchi နှင့် တွေ့ဆုံ ရာတွင် မြန်မာ-ဂျပန် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်မှုကဏ္ဍများတွင် ဂျပန်နိုင်ငံမှ ဆက်လက် အကူအညီပေးအပ်မည့်ကိစ္စများကို ဆွေးနွေးခဲ့သည်။ Nippon Foundation ဥက္ကဋ္ဌ Mr. Yohei Sasakawa နှင့် တွေ့ဆုံရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ်အပါအဝင် ပြည်နယ်အများအပြား၌ စာသင်ကျောင်းများ ဆောက်လုပ်ပေးလျက်ရှိမှုနှင့် အနာကြီးရောဂါတိုက်ဖျက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

 

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ASEAN-Japan Centre ၌ ကျင်းပသည့် မြန်မာ့ပိုးထည် မြှင့်တင်ရေးအခမ်းအနားသို့ တက်ရောက်ပြီး ဂျပန်ဝန်ကြီးချုပ်၏အကြံပေးပုဂ္ဂိုလ် Mr. Hiroto Izumi၊ ASEAN-Japan Centre ၏ အထွေထွေအတွင်းရေးမှူးတို့နှင့်အတူ အခမ်းအနားအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Meiji Kinenkan ခန်းမ၌ JETRO ၏ အမှုဆောင်အရာရှိချုပ် Mr. Hiroyuki Ishige နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၌ ဂျပန်စီးပွားရေး လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် ပိုမိုလာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့သည်။

 

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် Meiji Kinenkan ခန်းမ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား ချိတ်ဆက်မှုမြှင့်တင်ရေး (Strengthening the Bond between Myanmar and Japan) ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲသို့တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဂျပန်နိုင်ငံမှလုပ်ငန်းရှင်များ မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ကြရန် ဖိတ်ခေါ်ခဲ့သည်။ အဆိုပါ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆွေးနွေးပွဲသို့ ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် စုစုပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

 

ညနေပိုင်းတွင်  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဇနီး Mrs. Akie Abe အား New Otani Hotel တွင် လက်ခံတွေ့ဆုံခဲ့သည်။

 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၁၀-၁၀-၂၀၁၈ ရက် နေ့၊ နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၊ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာ လာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့သည်။

 

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၁၈ခုနှစ်၊ အောက်တိုဘာလ ၁၁  ရက်

Share this on Social Media