တပ်မတော်အနေနဲ့ ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့ တပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲသွားဖို့ မူအားဖြင့် သဘောတူပါတယ်

နေပြည်တော် ၁၆  အောက်တိုဘာ
 
 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နိုင်ငံတော်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ သီးသန့်အစည်းအဝေးတွင် ပြောကြားသည့် အမှာစကားအပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည် - 
 
 
ဒီကနေ့ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုခဲ့တဲ့ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ပဲ ဖြစ်ပါတယ်။ ဒီနှစ်ပတ်လည်နေ့မှာ အစိုးရနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သီးသန့်အစည်းအဝေးသို့ တက်ရောက်လာကြတဲ့ တာဝန်ရှိသူများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်း၍ ငြိမ်းချမ်းသာယာ ရှိကြပါစေကြောင်း ဦးစွာဆုတောင်းဆန္ဒပြု နှုတ်ခွန်းဆက်လိုက်ပါတယ်။
 
 
ဒီတစ်ခါပြုလုပ်တဲ့နှစ်ပတ်လည်နေ့ဟာကျန်ခဲ့တဲ့နှစ်ပတ်လည်နေ့ နှစ်ကြိမ်ထက် အသွင်သဏ္ဍာန်အားဖြင့်ရော၊ အနှစ်သာရအားဖြင့်ပါ ထူးခြားမှုများရှိနေကြောင်း တိုင်းရင်းသားပြည်သူလူထုက သိရှိကြပါတယ်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးက ငြိမ်းချမ်းရေးအတွက် ခါတိုင်းမျှော်လင့်သည်ထက် ပိုမိုမျှော်လင့်လာတာတွေ၊ ပိုမိုစိတ်ပါဝင်စားလာတာတွေကို ကျွန်တော်တို့သိရှိပါတယ်။ ငြိမ်းချမ်းစေလိုတဲ့ ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ ဒီနေရာမှာ ဒီအချိန်မှာစုစည်းပြီး သမိုင်းပေးတာဝန်ကို ထမ်းဆောင်နေကြတာဖြစ်ပါတယ်။ ဒီသမိုင်းပေးတာဝန်ကို တပ်မတော်အနေနဲ့ ကျေပွန်စွာထမ်းဆောင်နိုင်ရေး၊ တဒင်္ဂငြိမ်းချမ်းရေးမဟုတ်တဲ့ ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီခိုင်မာရေးတို့ကို ဖော်ဆောင်နိုင်ရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ကျွန်တော်တို့ ကြိုးပမ်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
 
 
ယခင်(ဃြဗ)စာချုပ်ချုပ်ဆိုခြင်းအခမ်းအနား နှစ်ပတ်လည်နေ့တွေမှာ မိန့်ခွန်းတွေပြော၊ ညစာစားပွဲတွေလုပ်ကြပါတယ်။ အထိမ်းအမှတ်အခမ်းအနားထက် တော့ နည်းနည်းထူးခြားပါတယ်။ ဒီနှစ်မှာတော့ ဆွေးနွေးပွဲတွေပါ ဆက်ပြီးကျင်းပ သွားမှာဖြစ်လို့ ထူးခြားပါတယ်။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အရှိန်အဟုန်မြှင့်တင် သွားနိုင်မှာဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြီးမြောက်စေရေး သန္နိဋ္ဌာန်ချထားကြောင်းကိုလည်း ကျွန်တော့်ရဲ့ ပြီးခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောကြားပြီးဖြစ် ပါတယ်။ တပ်မတော်အနေနဲ့ ဒီသန္နိဋ္ဌာန်အတိုင်းပဲ ဖြစ်မြောက်အောင် ဆောင်ရွက် ပြီး တိုင်းရင်းသားပြည်သူလူထု လိုလားတောင့်တနေတဲ့ ထာဝရငြိမ်းချမ်းရေး ကို ပြည်သှူလက်သို့အရောက်အပ်နှင်းမှာဖြစ်ကြောင်းထပ်လောင်းပြောကြား လိုပါတယ်။
 
 
NCA ကပေးတဲ့ စုပေါင်းစိတ်ဓာတ်
 
 
နိုင်ငံတော်အစိုးရအနေနဲ့ ၂၀၁၈ ခုနှစ်နဲ့ ၂၀၁၉ ခုနှစ်အတွင်း ညီလာခံ ၃ ကြိမ် ကျင်းပပြီး အခြေခံမူတွေရရှိအောင် ဆောင်ရွက်မယ်လို့ ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံတွေမှာ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနဲ့ မြေယာနှင့်သဘာဝပတ်ဝန်းကျင် ကဏ္ဍတွေ အတွက်အခြေခံမူ ၅၁ ချက်ရရှိခဲ့ပြီးဖြစ်ပါတယ်။ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းများအဖြစ် စုစည်းထားပြီး ဖြစ်ပါတယ်။ ဒီအခြေခံမူတွေ ချမှတ်နိုင်တာဟာ NCA ရဲ့ အကျိုးကျေးဇူးကြောင့်၊ NCA ပါ နိုင်ငံရေး လမ်းပြမြေပုံအတိုင်း ဆောင်ရွက်ခဲ့ကြလို့ ဖြစ်ပါတယ်။ တစ်ချိန်က စစ်မြေပြင်မှာ တစ်ဖက်နဲ့တစ်ဖက် လက်နက်ကိုင်ပြီး တိုက်ခိုက်နေရာကနေ တစ်စားပွဲတည်းထိုင်ပြီး စကားပြော၊ သဘောတူညီချက်တွေ ထုတ်နိုင်တာဟာ လွယ်ကူတဲ့လုပ်ငန်းစဉ် မဟုတ်ပါဘူး။ NCA ကပေးတဲ့ စုပေါင်း စိတ်ဓာတ်၊ ညှိနှိုင်းဆွေးနွေးခြင်းရလဒ်တွေပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံမူတွေကို ချမှတ်ရာမှာလည်း NCA ရဲ့ အခန်း(၁)၊ အခြေခံမူ(၁၁)ချက်အတိုင်း လိုက်နာဆောင်ရွက်သွားကြဖို့ လိုပါတယ်။ ဂဃနဏ နားလည်သဘောပေါက်ဖို့လည်း လိုအပ်မှာဖြစ်ကြောင်း အကြံပြု လိုပါတယ်။ အခြေခံမူ(၁၁)ချက်ထဲက ပထမအချက်မှာ ဒီနေ့ငြိမ်းချမ်းရေးရဲ့ အုတ်မြစ်ဖြစ်တဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမများ တောင်းဆိုနေတဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း ရေးသားသဘောတူခဲ့ကြပါတယ်။ မလွဲမသွေလိုက်နာဖို့ လိုအပ်တဲ့ ရှေးရှုချက် သို့မဟုတ် ရည်မှန်းချက် ၃ ခု၊ အခြေခံ အချက်၃ ခုနဲ့ အာမခံချက်၃ ခုတို့ ပါဝင်တာတွေ့ရမှာ ဖြစ်ပါတယ်။
 
 
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့ တည်ဆောက်သွားမယ်လို့ သဘောတူညီထားပါတယ်။ ဒီလိုတည်ဆောက်ရာမှာ ရှေးရှုရာမှာ၊ ရည်မှန်းချက်ထားရမှာက ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဆိုတဲ့ ဒို့တာဝန် အရေးသုံးပါးပဲ ဖြစ်ပါတယ်။ အခြေခံရမှာက လောကပါလတရား(၃)ပါးဖြစ်တဲ့ လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ တရားမျှတမှုတို့ ဖြစ်ပါတယ်။ အာမခံထားပေးတာက ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတို့ပဲ ဖြစ်ပါတယ်။ ဒီအာမခံချက်တွေရရှိဖို့ ကျွန်တော်တို့ လိုက်နာရမှာက ဒို့တာဝန်အရေးသုံးပါးဖြစ်ကြောင်း သတိပြုစေလိုပါတယ်။ ဒီနေ့ ငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးရခက်နေတယ်လို့ပြောနေ ကြတဲ့ “ခွဲမထွက်ရ” ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ပြောလိုပါတယ်။ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်ရာမှာ အမြဲဦးတည်ထားရမှာက ဒို့တာဝန်အရေးသုံးပါး ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေးကို ဦးတည်တဲ့ကိစ္စတွေကို မူလဆွေးနွေးမှု မှာကတည်းက ရှောင်ရှားဖို့လိုမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုရဲ့ မည်သည့်အစိတ် အပိုင်းကိုမဆို ပြည်ထောင်စုမှ ခွဲထွက်ခြင်းမပြုရလို့လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်)၊ ပုဒ်မ ၁၀ မှာအတိအလင်း ပြဋ္ဌာန်းပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် “ခွဲမထွက်ရ”ဆိုတဲ့ စကားရပ်ဟာ ထာဝရငြိမ်းချမ်းရေးအတွက် အမှန်တကယ်လိုအပ်တဲ့ စကားရပ်တစ်ခု၊ အာမခံချက်တစ်ခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။ ယနေ့ကျင်းပပြုလုပ်နေတဲ့ နှစ်ပတ်လည်နေ့အပါအဝင် ငြိမ်းချမ်း ရေးညီလာခံများဟာ သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်က အစပျိုးခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့ မှာထုတ်ပြန်ကြေညာခဲ့တဲ့ “ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ခြင်း”ဆိုတဲ့ ဖိတ်ခေါ် ချက်အရ တိုင်းရင်းသားလက်နက် ကိုင်များနဲ့ဆွေးနွေးရာမှာ ဒို့တာဝန်အရေးသုံးပါး ကိုလိုက်နာလက်ခံဖို့၊ ခွဲထွက်ရေး ကိစ္စမပြောဖို့ ကနဦးသဘောတူပြီးမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ တိုးတက်ဆောင်ရွက်ခဲ့တယ်ဆိုတာကို အမှတ်ရကြဖို့လိုပါတယ်။ ဒါ့ကြောင့် “ခွဲမထွက်ရ”ဆိုတဲ့သဘောတူညီချက်ကို ထည့်သင့်/မထည့်သင့် အငြင်းပွား နေစရာမလိုပါဘူး။ NCA ရဲ့ အခြေခံမူ၊ ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေရဲ့ အခြေခံမူတွေအရ ထည့်ကိုထည့်ရမယ့် သဘောတူညီချက်ဖြစ်ကြောင်း ပြောလိုပါတယ်။ ဥပဒေ၊စည်းမျဉ်း၊ စည်းကမ်းဆိုတာ “တိုက်တွန်းချက်၊တားမြစ်ချက်” လို့လည်း အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်။ ဥပဒေကဲ့သို့ သဘောသက်ရောက်တဲ့ ပြည်ထောင်စုသဘောတူစာချုပ်မှာလည်း တိုက်တွန်းချက်၊ လုပ်ဆောင်ရမှာတွေကို ဖော်ပြသလို တားမြစ်ချက်၊ မလုပ် ဆောင်ရမှာတွေကိုလည်း ဖော်ပြထားမှ ပြည့်စုံမှာဖြစ်ပါတယ်။ “ခွဲမထွက်ရ” ဆိုတဲ့ တားမြစ်ချက်ကို ထည့်သွင်းရခြင်းဟာ အချို့အဖွဲ့အစည်းများ ပြောနေသလို တိုင်းရင်းသားညီအစ်ကို မောင်နှမများအပေါ် မယုံကြည်လို့မဟုတ်ပါဘူး။ ရေရှည်အတွက် အာမခံချက်အပြည့်ရှိစေဖို့၊ ယုံကြည်ချင်လို့၊ တစ်ဦးနဲ့တစ်ဦး သံသယကင်းကင်း နဲ့ ထာဝရငြိမ်းချမ်းရေးလမ်းပေါ်မှာ အတူတကွ လက်တွဲချင်လို့သာ ဖြစ်ကြောင်း ပြောကြားလိုပါတယ်။
 
 
ဖက်ဒရယ်စနစ်ကို တစ်သမတ်တည်း ပုံသေမှတ်ယူလို့မရ
 
 
ပည်ထောင်စုစနစ်၊ သို့မဟုတ် ဖက်ဒရယ်စနစ်ဆိုတာ မတူကွဲပြားတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေ၊ လူမျိုးတွေ၊ လူမျိုးစုတွေကို စုစည်းထားရာမှာ အချုပ်အခြာအာဏာကို ခွဲဝေကျင့်သုံးတဲ့ အယူအဆသဘောတရားဖြစ်ပါတယ်။ ဖက်ဒရယ် စနစ်ကို တစ်သမတ်တည်း ပုံသေမှတ်ယူလို့မရသလို နိုင်ငံအလိုက်ကျင့်သုံးမှုကလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူနိုင်ကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ ပြည်ထောင်စုစနစ် အတွက် ပေါင်းစည်းကြရာမှာလည်း အတူယှဉ်တွဲနေထိုင်သည့် ဖက်ဒရယ်စနစ် (Coming together Federalism)၊ သိမ်းသွင်းနေထိုင်သည့် ဖက်ဒရယ်စနစ် ((Putting together Federalism)၊ အတူပေါင်းစည်းနေထိုင်သည့် ဖက်ဒရယ်စနစ် (Holding together Federalism)ဆိုပြီး ရှိကြရာမှာ ကျွန်တော်တို့ နိုင်ငံဟာ အင်္ဂလိပ်ကိုလိုနီမဖြစ်ခင် ကိုယ့်မင်း၊ ကိုယ့်ချင်းဘဝကတည်းက တိုင်းရင်းသားအားလုံး အတူပေါင်းစည်းနေထိုင်တဲ့ ပြည်ထောင်စုစနစ် (Holding together Federalism)ကို ကျင့်သုံးခဲ့တဲ့ မိသားစုနိုင်ငံတစ်ခုဖြစ်ပါတယ်။ မြန်မာရဲ့ နောက်ဆုံးမင်းဆက်ဖြစ်တဲ့ သီပေါမင်းကို အင်္ဂလိပ်တို့ ဖမ်းဆီးခေါ်ဆောင်သွားစဉ်မှာအင်္ဂလိပ် လက်ထဲကသီပေါမင်းကိုပြန်လုမယ်ဆိုပြီး နောက်လိုက်နောက်ပါ ၅၀ဝ နဲ့ မန္တလေး ဘုရားကြီးက စောင့်ခဲ့တဲ့သူဟာ ရှမ်းစော်ဘွားတစ်ဦးဖြစ်တဲ့ ညောင်ရွှေစော်ဘွားကြီး ဦးစောမောင်ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း နယ်ချဲ့အင်္ဂလိပ်တွေက ဗမာနဲ့ တိုင်းရင်း သားတွေပူးပေါင်းသွားမှာကို စိုးရိမ်ခဲ့ကြပါတယ်။ မပူးပေါင်းမိအောင်လည်း တိုင်းရင်းသားဒေသတွေနဲ့ မြန်မာပြည်အလယ်ပိုင်းဒေသကို သွေးခွဲ အုပ်ချုပ်နိုင်ရေး ရှမ်းပြည်နယ်များ အက်ဥပဒေ (Shan States Act of 1888)၊ ကချင်တောင် တန်းလူမျိုးစုများ စည်းမျဉ်းဥပဒေ (Kachin Hill Tribes Regulation-1895)၊ ချင်းတောင်တန်း စည်းမျဉ်းဥပဒေ (Chin Hill Regulation-1896)ဆိုပြီး အုပ်ချုပ်မှုစနစ်အမျိုးမျိုး၊ ဥပဒေအမျိုးမျိုး ကျင့်သုံးဆောင်ရွက်ခဲ့ပါတယ်။ ၁၉၂၁ ခုနှစ်ကနေ ၁၉၃၇ ခုနှစ်အထိ ကျင့်သုံးခဲ့တဲ့ ဒိုင်အာခီ အုပ်ချုပ်ရေးမှာလည်း တိုင်းရင်းသား ဒေသတွေကိုပါဝင်ခွင့်မရစေဘဲ ခွဲခြားအုပ်ချုပ်ရုံတင်မက ဥပဒေပြုကောင်စီမှာလည်း လူမျိုးရေး ကွဲပြားမှုဖြစ်စေလိုသည့် ရည်ရွယ်ချက်ဖြင့် အထွေထွေ မဲဆန္ဒနယ်မှ ရွေးချယ်သူများ၊ အိန္ဒိယလူမျိုးများမှ ရွေးချယ်သူများ၊ ကရင်အမျိုးသားများမှ ရွေးချယ်သူများ၊ အင်္ဂလိပ်ကပြားများမှ ရွေးချယ်သူများ၊ ဗြိတိသျှလူမျိုးများမှ ရွေးချယ်သူများဆိုပြီး အချိုးခွဲခြားသတ်မှတ်ခဲ့ကြောင်း တွေ့ရပါတယ်။ တောင်တန်း၊ မြေပြန့် သွေးခွဲအုပ်ချုပ်ရုံနဲ့ အားမရဘဲ မြန်မာပြည်မမှာပင် ထပ်မံသွေးခွဲအုပ်ချုပ် တာကိုတွေ့နိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ၉၁ ဌာနအုပ်ချုပ်ရေးကို ကျင့်သုံးခဲ့ရာမှာလည်း အထွေထွေမဲဆန္ဒနယ်၊ ကရင်လူမျိုး မဲဆန္ဒနယ်၊ အိန္ဒိယ လူမျိုးမဲဆန္ဒနယ်၊ အင်္ဂလိပ်ကပြားလူမျိုးမဲဆန္ဒနယ်၊ ဥရောပလူမျိုးမဲဆန္ဒနယ်နဲ့ ချစ်တီးအသင်း ဆိုပြီး ခွဲခြားသတ်မှတ်ကာ ဥပဒေပြုအောက်လွှတ်တော်မှာ ပါဝင်စေခဲ့ကြောင်း တွေ့ရပါတယ်။ အခြားတိုင်းရင်းသားများ သီးခြားမပါခဲ့ပါဘူး။
 
 
ဒီလို သွေးခွဲအုပ်ချုပ်မှုရဲ့ အကျိုးဆက်တွေကြောင့် တိုင်းရင်းသားချင်း၊ လူမျိုးစုချင်းအကြား သွေးကွဲခဲ့ရပြီး လက်နက်ကိုင်ပဋိပက္ခများအထိ ဖြစ်ခဲ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ အဆိုးရွားဆုံးအချိန်ဟာ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ပါလီမန် ဒီမိုကရေစီခေတ်မှာ နိုင်ငံရေး ကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ တိုင်းရင်းသားရေးကွဲပြားမှု၊ အယူဝါဒရေးကွဲပြားမှုမှ တစ်ဆင့် အုပ်ချုပ်တဲ့အစိုးရ အဆက်ဆက်ကို လက်နက်စွဲကိုင် ဆန့်ကျင်ခြင်းမှ ပဋိပက္ခစတင်ဖြစ်ပွားခဲ့ပြီး နိုင်ငံတကာက “ရန်ကုန်အစိုးရ” လို့ နှိမ့်ချခေါ်ဝေါ်ခံခဲ့ရတာကို သတိပြုမိကြမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီနေ့ထိ တောက်လျှောက် တောက်လောင်နေဆဲဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခရဲ့ ဇာစ်မြစ်နဲ့ စတင်ခဲ့တဲ့အချိန် ကာလအရ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခသည် တပ်မတော်နဲ့တိုင်းရင်းသား လက်နက်ကိုင်များ အကြား စတင်ဖြစ်ပွားခဲ့တာ မဟုတ်ဘဲ သက်ဆိုင်ရာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်များအကြား ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ဆိုရခြင်း ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့ နိုင်ငံတော်နဲ့ အစိုးရရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့တာဝန်ရှိတဲ့အဖွဲ့အစည်းပီသစွာ ကာကွယ်ရခြင်းပဲဖြစ်ပါတယ်။ ဒီနေ့ အချိန်အခါမှာ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခသည် တပ်မတော်နှင့်တိုင်းရင်းသား လက်နက်ကိုင်များအကြား ဖြစ်ပွားနေသော ပဋိပက္ခသာဖြစ်တယ်လို့ တစ်ဖက်သတ် ကောက်ချက်ချနေခြင်းဟာ မသင့်လျော်သော၊ ယုတ္တိမတန်သော  ကျောက်ချက်သာဖြစ်ကြောင်း ပြောကြားလိုပါတယ်။
 
 
ဘယ်လောက်အခက်အခဲရှိနေပါစေ အတူတကွပေါင်းစည်း
 
 
ကျွန်တော်တို့နိုင်ငံဟာ ကိုလိုနီလက်ထက်မှာ အစိတ်စိတ်အမြွာမြွာ သွေးခွဲအုပ်ချုပ်ခံခဲ့ရပြီးနောက် လွတ်လပ်ရေးမရခင်မှာ ပေါင်းစည်းပြီး အတူတကွ လွတ်လပ်ရေးရယူနိုင်ရေး ပင်လုံစာချုပ်ကိုချုပ်ဆိုခဲ့ပါတယ်။ ပင်လုံသမိုင်းကို လေ့လာကြည့်ရင်ပင်လုံစာချုပ်ဟာ လွယ်လွယ်ကူကူဖြစ်ပေါ်လာတဲ့ စာချုပ်မဟုတ်ကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။ သွေးထိုးလှုံ့ဆော်မှုတွေ၊ တစ်ဖက်သတ်လိုလားချက်နဲ့ တောင်းဆိုမှုတွေကြောင့် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ပင်လုံညီလာခံကပြန်ဖို့နဲ့ ပြည်မချည်းသက်သက် လွတ်လပ်ရေးရယူဖို့ အကြံဖြစ်ခဲ့ဖူးပါတယ်။ အပါးတော်မြဲဖြစ်တဲ့ ဗိုလ်ထွန်းလှကို ပြန်ဖို့အတွက် လေယာဉ်ခေါ်ယူခိုင်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ပြန်မယ်ဆိုတဲ့ သတင်းကြားရတော့ ပင်လုံတစ်ဝိုက်မှာ စုစည်းနေတဲ့ တိုင်းရင်းသား ပြည်သူလူထုနဲ့ ကျောင်းသားတွေက “ရှမ်း-ဗမာ ပူးပေါင်းပါ”၊ “နယ်ချဲ့ အလိုမရှိ” စတဲ့ ကြွေးကြော်သံတွေနဲ့ လှည့်လည် ကြွေးကြော်ခဲ့လို့ ပင်လုံစာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပင်လုံစိတ်ဓာတ် ပင်လုံသဘောတူညီချက်ကို လိုက်နာရန်ဆိုပြီး ပြောလာကြတာကို တွေ့ရပါတယ်။ ပင်လုံစိတ်ဓာတ်ဆိုတာဘာလဲ။ ဘယ်လောက်အခက်အခဲတွေ့ ရှိနေပါစေအတူတကွ ပေါင်းစည်းနေထိုင်ခြင်းလို့ပဲ သဘောပေါက်ပါတယ်။ ပင်လုံစာချုပ်ဟာ နှစ်ပေါင်းများစွာ အတူတကွပေါင်းစည်းနေထိုင်ခြင်း (Holding-together) ရှိခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအတွက် စည်းလုံးမှု ပိုမိုကျစ်လျစ်ခိုင်မာစေရေး အသိအမှတ်ပြုတဲ့ မိမိသဘောဆန္ဒအလျောက် ထပ်မံပေါင်းစည်းနေထိုင်ခြင်း (Agreement Holding- together) စာချုပ်တစ်ခုလို့ မြင်ပါတယ်။ ပင်လုံစာချုပ်မှာ အပိုဒ် ၉ ပိုဒ်သာ ပါဝင်ပါတယ်။ ဒီစာချုပ်ရဲ့ အပိုဒ်တိုင်း၊ စာကြောင်းတိုင်းမှာ ခွဲထွက်ခြင်းလို့ အဓိပ္ပာယ်သက်ရောက်တဲ့ စကားလုံးတစ်ခုမှမပါပါဘူး။ ဘယ်လိုပေါင်းစည်းပြီး လွတ်လပ်ရေးရယူမယ်ဆိုတာသာ ပါရှိတယ်။
 
 
ဒီနေ့အပြောအများဆုံး၊ ရည်ညွှန်းအခံရဆုံး စာပိုဒ်ကတော့ စာပိုဒ် ၅ ရဲ့ နောက်ဆုံးစာကြောင်းပါပဲ။ အဲဒီစာကြောင်းမှာ "Full autonomy in internal administration for the Frontier Areas is accepted in principle" “နယ်စပ်ဒေသများအတွက် နယ်တွင်းအုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေး ရာနှုန်းအပြည့် ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်” လို့ ပညာရှင်အချို့က ဘာသာပြန်ထားပါတယ်။ စာချုပ်ပါ "Internal administration" ”နယ်တွင်း အုပ်ချုပ်ရေး” ဆိုတဲ့စကားကို သတိပြုမိကြမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် “ကိုယ်ပိုင်အုပ်ချုပ်ရေး” ဖြစ်ပါတယ်။ NCA မှာ ကျွန်တော်တို့ သဘောတူထားတာ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်ပါတယ်။ ဒါ့ကြောင့် NCA သည် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုတာထက် ပိုမိုကျယ်ပြန့်တယ်လို့ ကျွန်တော်ပြောခဲ့တာဖြစ်တဲ့အပြင် NCA သည်သာ ပြည်ထောင်စုရဲ့ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းဖို့အတွက် တစ်ခုတည်းသော ထွက်ရပ်လမ်းလို့ တင်စားပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေး၊ အာမခံချက်ကို ရယူတဲ့အခါ ဒို့တာဝန်အရေးသုံးပါးလမ်းကြောင်း၊ ခွဲမထွက်ရေး အာမခံချက်တို့က သွေဖည်မသွားဖို့ အထူးလိုအပ်ပါတယ်။
 
 
ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ကြရာမှာ NCA စာချုပ်ရဲ့အပိုဒ်၂၂၊အပိုဒ်ခွဲ(ဃ)အရ “ပြည်ထောင်စု ညီလာခံမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များအပေါ် အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင် ဥပဒေများကို လိုသလိုပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့်ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြုလုပ်ရန်” လို့ သဘောတူညီထားပါတယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ ပြုလုပ်ရန် ဆိုတဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂ ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ခြင်းအတိုင်း ပြုလုပ်သွားရမှာဖြစ်ပါတယ်။ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း ပြုလုပ်နိုင်ပေမယ့် အသစ်ပြန်လည်ရေးဆွဲခြင်းကိုတော့ ခွင့်ပြုမထားကြောင်းတွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်နေကြတာဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကနေတစ်ဆင့် ထာဝရငြိမ်းချမ်းရေးဆီသို့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးရာမှာ ငြိမ်းချမ်းရေးထက်အရေးကြီးတာ ဘာမှမရှိဘူးလို့ အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ဆွေးနွေးနေကြတာတွေဟာ ငြိမ်းချမ်းရေးကို အဓိကဦးတည်ပြီး လက်နက်ကိုင်လမ်းစဉ်ချုပ်ငြိမ်းဖို့ ဖြစ်ပါတယ်။ နိုင်ငံရေးအထုပ်ဖြေဖို့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အကြောင်းပြပြီး မိမိတို့ရဲ့ တစ်ဖက်သတ် လိုလားချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာတွေဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေပါတယ်။ ထာဝရငြိမ်းချမ်းရေးအတွက်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တကယ်လိုအပ်တဲ့ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်တာ၊ ဖြည့်စွက်တာကို မူအားဖြင့် သဘောတူပါတယ်။ သို့သော် ငြိမ်းချမ်းရေးနဲ့မဆိုင်ဘဲ မိမိတို့ရဲ့ နိုင်ငံရေးလိုဘကို ဖြည့်ဆည်းဖို့ NCA လမ်းကြောင်းကို တလွဲအသုံးချပြီး အခြေခံဥပဒေနဲ့ အခြားဥပဒေများကို ပြင်ဆင်တာ၊ ဖြည့်စွက်တာကိုတော့ သဘောတူညီဖို့ ခက်ခဲမှာဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူ လူထုရဲ့အကျိုးကို ရှေးရှုပြီး ၂၀၁၅ ခုနှစ်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်)ရဲ့ ဇယား-၂ မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်းမှာ အချက် ၃၄ ချက်၊ ဇယား-၅ မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များက ကောက်ခံရမည့် အခွန်အခများမှာ အချက် ၂၀ တို့ကို ပြင်ဆင်ဖြည့်စွက်ပြီး လုပ်ကိုင်ခွင့်တွေ ထပ်မံတိုးချဲ့ပေးထားတာဟာ လက်တွေ့မျက်မြင်ပဲဖြစ်ပါတယ်။ လိုအပ်ရင် ထပ်မံဆွေးနွေးတိုးချဲ့နိုင်ရေး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာခဲ့တဲ့ အချို့တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားအရ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်တွေမှာ မဲအများစုရရှိတဲ့ လွှတ်တော်ကိုယ်စား လှယ်တွေရဲ့မဲနဲ့ပဲ တိုင်းဒေသကြီး၊ ပြည်နယ်ဝန်ကြီးချုပ်တွေကို ရွေးကောက်တင်မြှောက်နိုင်ခွင့်ဟာလည်း ထည့်သွင်းစဉ်းစားရမယ့် ကိစ္စတစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရမှာ နိုင်ငံရေးအရ ခန့်အပ်ခံရတဲ့ ဝန်ကြီးများရဲ့နောက်မှာ အတွင်းဝန်များခန့်ထားပြီး အုပ်ချုပ်ရေးယန္တရားကို နိုင်ငံရေးအပြောင်းအလဲဖြစ်တိုင်း နှောင့်နှေးရပ်တန့်မှုမဖြစ်အောင် စီမံဆောင်ရွက်ထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုပဲ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာလည်း နိုင်ငံရေးအရ ခန့်အပ်ခံထားရတဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေနဲ့ သီးခြားဖြစ်တဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး (Governor)တွေကို တာဝန်ပေးနိုင်ဖို့ စဉ်းစားရမှာဖြစ်ပါတယ်။ ဒီစနစ်ကို ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အိန္ဒိယမှာ အောင်မြင်စွာ ကျင့်သုံးနေတာကို တွေ့ မြင်နိုင်မှာ ဖြစ်ပါတယ်။
 
 
လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ အဓိကအရေးကြီး
 
 
ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်)နဲ့ အလုပ်လုပ်ရတာ၊ နိုင်ငံတော်တာဝန်ကို ရယူရတာဟာ အခက်အခဲရှိတယ်ဆိုတဲ့ အသံတွေ ပိုမိုကြားလာရပါတယ်။ ၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံကို အာမခံချက်ပေးထားခြင်းဖြစ်ပြီး ရွေးကောက်ပွဲဝင်ခြင်းဆိုတာ နိုင်ငံရေးပါတီနဲ့ ကိုယ်စားလှယ်များက မဲဆန္ဒရှင်များကို အာမခံချက်ပေးခြင်း ဖြစ်ပါတယ်။ အခြေခံဥပဒေပါကိစ္စရပ်များ အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ဆိုရင် လွှတ်တော်နဲ့အစိုးရက ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ယခင်သမ္မတကြီး ဦးသိန်းစိန်အစိုးရဟာလည်း ဒီနိုင်ငံကို ဒီအခြေခံဥပဒေနဲ့ စီမံဆောင်ရွက်သွားတာပဲ ဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သလို တိုင်းပြည်ရဲ့စီးပွားရေးကိုလည်း အခြေအနေတစ်ခုအထိ တွန်းတင်ပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်နဲ့ ပြည်တွင်းငြိမ်းချမ်းရေးနယ်ပယ်တွေမှာလည်း အောင်မြင်မှုမှတ်တိုင်များကို စိုက်ထူနိုင်ခဲ့ပါတယ်။ လက်ရှိ နိုင်ငံတော်အစိုးရဟာလည်း ဒီအခြေခံဥပဒေအရ ရွေးကောက်ပွဲဝင်၊ အစိုးရဖွဲ့စည်းပြီး တိုင်းပြည်ကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်)ဟာ ဒီမိုကရေစီ စံချိန်စံညွှန်းတွေ၊ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မကိုက်ညီဘူးဆိုရင်၊ အဓိကတာဝန်ရှိတဲ့ (Institution) တွေကလည်း လိုက်နာမှုမရှိဘူးဆိုရင် လက်ရှိအစိုးရဟာ အတိုက်အခံပါတီဘဝကနေ အာဏာရပါတီအဖြစ် ဖြစ်လာစရာအကြောင်း မရှိဘူးလို့ ယူဆပါတယ်။ အခြေခံဥပဒေမှာ ဒီမိုကရေစီရဲ့ အနှစ်သာရတွေဖြစ်တဲ့ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေကို ပိတ်ပင်ထားတာ၊ အတိုက်အခံတွေကို နှိပ်ကွပ်ထားတာ၊ နိုင်ငံသားအခွင့်အရေးတွေကို ချိုးနှိမ်ထားတာ၊ ဖက်ဒရယ်စနစ်ရဲ့ အနှစ်သာရတွေဖြစ်တဲ့ တိုင်းရင်းသားတွေကို ခွဲခြားဆက်ဆံတာတွေရှိရင် ထောက်ပြကြဖို့၊ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြဖို့ ပြောလိုပါတယ်။ ဒီလိုမဟုတ်ဘဲ နိုင်ငံရေး လက်စားချေလိုမှု (Political Revenge) ဒီမိုကရေစီအနိုင်ကျင့်မှုမျိုးတွေ ပြုလုပ်မယ်ဆိုရင် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ ဆုတ်ယုတ်သွားမှာဖြစ်ပါတယ်။ အချို့သော ကမ္ဘာ့နိုင်ငံများမှာ ဖြစ်ပွားနေတဲ့ နိုင်ငံရေးလက်စားချေမှုတွေဟာ သင်ခန်းစာယူစရာတွေဖြစ်ပါတယ်။ အလားတူ နိုင်ငံရေးလက်စားချေလိုမှုနဲ့ တည်ဆဲဥပဒေတွေကို စိတ်ချရတဲ့ အခြေအနေတစ်ခုမရောက်မီ ဖျက်သိမ်းပစ်တာ၊ အသစ်ပြဋ္ဌာန်းတာတွေကိုလည်း ဆင်ခြင်ရမှာဖြစ်ပါတယ်။ ဒီမိုကရေစီအစပျိုးကာလမှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးဟာ အဓိကအရေးကြီးပါတယ်။ တိုင်းရင်းသားအရေး၊ အမျိုးသားအကျိုးစီးပွားအရေးထက် ပိုအရေးကြီးတာမရှိပါဘူး။ စစ်ရေးနဲ့ နိုင်ငံရေးမှာ မတရားတာမရှိဘူးလို့ ဆိုရိုးစကားရှိပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ရိုးသားတဲ့နိုင်ငံရေး၊ တရားမျှတတဲ့ နိုင်ငံရေးကိုသာ လိုချင်ပါတယ်။ 
 
 
ဖက်ဒရယ်ပြည်ထောင်စုစနစ်အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို တောင်းဆိုကြရာမှာ ပြည်ထောင်စုအတွင်းရှိ မည်သည့် တိုင်းဒေသကြီး၊ ပြည်နယ်မှာမဆို တိုင်းရင်းသားလူမျိုးစုတစ်စုတည်း သီးသန့်နေထိုင်တာမဟုတ်ဘဲ လူမျိုးပေါင်းစုံ ပေါင်းစည်းနေထိုင်လျက်ရှိတာကို သတိပြုကြရမှာ ဖြစ်ပါတယ်။ သာဓကအားဖြင့် ၂၀၁၄ ခုနှစ်၊ လူဦးရေစာရင်းအရ ကချင်ပြည်နယ်မှာဆိုရင် လူဦးရေ ၁၆ သိန်းကျော်ရှိပြီး လူဦးရေအချိုးမှာ ဗမာ ၂၉.၂ ရာခိုင်နှုန်း၊ ရှမ်း ၂၃.၆ ရာခိုင်နှုန်း၊ ဂျိမ်းဖော ၁၈.၉၇ ရာခိုင်နှုန်း၊ လီဆူ ၇ ရာခိုင်နှုန်း၊ ရဝမ် ၅.၅ ရာခိုင်နှုန်း၊ လော်ဝေါ် ၃.၃၃ ရာခိုင်နှုန်း၊ လာချိတ် ၂.၈၉ ရာခိုင်နှုန်း၊ ဇိုက်ဝါး ၁.၅၇ ရာခိုင်နှုန်းနဲ့ ကျန် တိုင်းရင်းသားများ ၈ ရာခိုင်နှုန်းခန့် ရောနှောနေထိုင်ကြတာကို တွေ့ရမှာဖြစ်ပါတယ်။ အဓိကတိုင်းရင်းသားလူမျိုးကြီး ၈ မျိုးလို့ ဆိုပေမယ့် တိုင်းရင်းသားမျိုးနွယ် စုပေါင်း ၁၃၀ ကျော် ရှိပါတယ်။ ဒီမိုကရေစီဆိုရာမှာ လူအများစုရဲ့ဆန္ဒကို ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်သလို လူနည်းစုရဲ့ဆန္ဒကိုလည်း လေးစားရမှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ပတ်သက်လို့ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် လူနည်းစုတိုင်းရင်းသားများရဲ့ဆန္ဒ၊ သဘောထားနဲ့ အခွင့်အရေး တွေကိုလည်း ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။
 
 
ပြည်သှူဆန္ဒနဲ့ ဆန့်ကျင်နေမှုမှန်သမျှ တားဆီးရမှာဖြစ်
 
 
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ပတ်သက်လို့ကတော့ အားလုံး ဟာဃြဗကို လက်မှတ်ရေးထိုးဖို့ လိုအပ်ပါတယ်။ NCA ဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များရဲ့ တောင်းဆိုချက်အရ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ကျွန်တော် တို့က NCA ကို လက်နက်သဖွယ် စွဲကိုင်နေတာ မဟုတ်ပါဘူး။ NCA ကို ဆုပ်ကိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအပေါ် အကျပ်ကိုင်ခြင်း လုံးဝမရှိပါကြောင်း ပြောကြားလိုပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ သွားနေရာမှာ “တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း” လုပ်နေလို့ မရဘူး။ အားလုံးကတစ်ပြေးညီ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုမရပ်စဲဘဲ နိုင်ငံရေးဆွေးနွေးပွဲ တွေလုပ်နေခြင်းဟာ အငြင်းပွားမှုကို ပိုမိုဖြစ်စေနိုင်ပါတယ်။ စစ်ရေးဆိုင်ရာ စစ်မျက်နှာ အပြင် နိုင်ငံရေးဆိုင်ရာ စစ်မျက်နှာအသစ်တစ်ခုကိုပါ ထပ်မံဖွင့်လှစ်လိုက်သလိုပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်များရဲ့ လက်နက်ကိုင်ပြီး အစိုးရအဆက်ဆက်ကို တောင်းဆိုခဲ့တာဟာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးတွေပဲ ဖြစ်ပါတယ်။ ဒါတွေကို NCA မှာ မူအားဖြင့် သဘောတူထားပြီး နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ဆွေးနွေးနေကြပြီ ဖြစ်ပါတယ်။ နိုင်ငံရေးအာဏာရလိုရင် တရားဝင်နိုင်ငံရေးပါတီ ထူထောင်ပြီး ရွေးကောက်ပွဲဝင်၊ စီးပွားရေးလုပ်ချင်ရင် ကုမ္ပဏီထောင်၊ ကိုယ့်နိုင်ငံကို ကာကွယ်မယ့် စစ်မှုထမ်းလုပ်ချင်တယ်ဆိုရင် နိုင်ငံတော်ရဲ့ တရားဝင် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ထဲကို ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ ဒါတွေကို မျက်ကွယ်ပြုပြီး တစ်ဖက်က ငြိမ်းချမ်းရေးကို အကြောင်းပြကာ လက်နက်စွဲကိုင်လျက် နိုင်ငံရေးတည်ဆောက်နေတာတွေ၊ လက်နက်အင်အား၊ လူအင်အား တည်ဆောက်နေတာတွေ၊ နယ်မြေ တည်ဆောက်နေတာတွေ၊ တိုင်းရင်းသားအချင်းချင်း အနိုင်ကျင့်တာတွေဟာ ပြည်သူလိုလားတဲ့ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်ခြင်း၊ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ဆန့်ကျင်ခြင်း၊ လက်နက်ကိုင်ပြီး “သူတစ်လူ၊ ငါတစ်မင်း”၊ “နယ်တစ်နယ်၊ ဓားတစ်စင်း”  စနစ်ကို တည်ထောင်လိုခြင်းသာ ဖြစ်တယ်လို့ ယူဆရမှာဖြစ်ပြီး ပြည်သှူဆန္ဒနဲ့ ဆန့်ကျင်နေမှု မှန်သမျှကို နည်းလမ်းပေါင်းစုံသုံးပြီး တားဆီးသွားရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးစဉ်မှာ လက်နက်ကိုင်ပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်နေတာဟာ အခွင့်အရေးတစ်ခုကို ဖိအားပေး ဖန်တီးယူနေသလိုဖြစ်နေပြီး သင့်လျော်မှုမရှိပါဘူး။ ငြိမ်းချမ်းရေး ဆွေးနွေးဆဲအချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ လိုအပ်ချက်များကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) က ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်ပြီး လုပ်လို့ရတယ်ဆိုတဲ့ အယူအဆကို ဆင်ခြင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအပေါ်မှာ တန်းတူရည်တူ သဘောထား ခဲ့ပါတယ်။ အင်အားကောင်းပြီး ထိတွေ့တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့ရတဲ့ KNU အဖွဲ့အပေါ်မှာလည်း တစ်သဘောတည်း၊ အင်အားနည်းပြီး ထိတွေ့တိုက်ပွဲ မရှိသလောက်ဖြစ်တဲ့ CNFနဲ့ ANP တို့လို လက်နက်ကိုင်အဖွဲ့တွေအပေါ်မှာလည်း တစ်သဘောတည်းထားပြီး NCA စာချုပ်ကို လက်မှတ်ရေးထိုးစေခဲ့တာ ဖြစ်ပါတယ်။ NCA လက်မှတ်ထိုးပြီးမှ NCA အရေခြုံပြီး နိုင်ငံရေး၊ လက်နက်၊ လူအင်အား၊ နယ်မြေတိုးချဲ့ တည်ဆောက်နေတာတွေဟာ တည်ငြိမ်မှုရှိပြီးဖြစ်တဲ့ နယ်မြေတွေနဲ့ တိုင်းရင်းသားဒေသတွေအပေါ် အကျိုးယုတ်စေမှာဖြစ်လို့ ရှောင်ရှားဖို့လိုအပ်ပါတယ်။ RCSS(SSA)အဖွဲ့ဟာဆိုရင် နိုင်ငံရေးနဲ့ လုံခြုံရေးအကြောင်းပြချက် အမျိုးမျိုးနဲ့ ပြောင်းလဲဖွဲ့စည်းလာတဲ့ ဦးခွန်ဆာ ခေါင်းဆောင်တဲ့ (MTA)အဖွဲ့က ၁၉၉၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှာ အစိုးရထံလက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာရာကနေ ဇန်နဝါရီလအကုန်မှာ ပြန်လည်ခွဲထွက် တောခိုခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ NCA စာချုပ်ကို သဘောတူလက်မှတ်ရေးထိုးထားပြီး နိုင်ငံရေး၊ လက်နက်အင်အား၊ လူအင်အားတည်ဆောက်မှု၊ သတ်မှတ်ပေးထားတဲ့ နယ်မြေထက် အဆများစွာကျော်လွန်ပြီး နယ်မြေတည်ဆောက်မှုတွေ ပြုလုပ်နေလို့ အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိတာကို တွေ့ရပါတယ်။ NCA ကို တလွဲအသုံးမချဖို့ ပြောလိုပါတယ်။ တလွဲအသုံးချရင် တိုင်းရင်းသားပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့ တာဝန်ရှိတဲ့ တပ်မတော်အနေနဲ့ လက်ပိုက်ကြည့်နေနိုင်မှာမဟုတ်ကြောင်း အသိပေးလိုပါတယ်။
 
 
NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်များ လှုပ်ရှားသွားလာခွင့်ပြုထားတဲ့ နေရာအတော်များများမှာ ပစ်ခတ်တိုက်ခိုက်မှုမရှိတာ တွေ့ရပါလိမ့်မယ်။ ဘာဖြစ်လို့ပါလဲ၊ နှစ်ဖက်တာဝန်ရှိသူများက ထိန်းသိမ်းလိုက်နာ ကြခြင်းကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အေးချမ်းတဲ့အကျိုးများ ဒေသခံတွေ ခံစားရပြီး သူတို့ဘဝတိုးတက်မှုရှိအောင် ဆောင်ရွက်နိုင်ခွင့်ရကြလို့ ဒီနယ်မြေတွေဟာ ယခင်ကထက် ပိုမိုတိုးတက်လာတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ သို့ဖြစ်တဲ့အတွက် ထာဝရငြိမ်းချမ်းရေးကို အမြန်ဆုံးလုပ်ဆောင်နိုင်လေလေ ပြည်သူတို့ဘဝ တိုးတက်လာစေလေဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်မဆွဲဘဲ ဒီမိုကရေစီလမ်းကြောင်းပေါ် အမြန်လျှောက်လှမ်းဖို့ ပြောလိုပါတယ်။ ပြည်သူတွေကလည်း ထာဝရငြိမ်းချမ်းရေးကို အမြန်ရရှိရေး မျှော်လင့်နေပါတယ်။
 
 
လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေးကိစ္စရပ်များကို ဦးစွာဆောင်ရွက်
 
 
လက်နက်ကိုင်ပဋိပက္ခတွေချုပ်ငြိမ်းပြီး ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် ကျွန်တော်တို့မဖြစ်မနေ ဖြတ်သန်းရမယ့်အဆင့်တစ်ခုကတော့ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းပဲဖြစ်ပါတယ်။ မည်သည့်နိုင်ငံရေးစနစ်ကိုကျင့်သုံးတဲ့ နိုင်ငံပဲဖြစ်စေ နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကလက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်၊ တပ်မတော်တစ်ခု (Single Army)သာ ထားရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေနှင့်အညီခွင့်ပြုတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်တွေရရှိရင် လက်နက်ကိုင်လမ်းစဉ်ကို သံယောဇဉ်ဖြတ်တောက်ရမှာ ဖြစ်ပါတယ်။ ကာကွယ်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင်ချင်ရင် တပ်မတော်အတွင်း ဝင်ရောက်ရမှာ ဖြစ်ပါတယ်။ တပ်မတော်အနေနဲ့လည်း သတ်မှတ်စစ်မှုထမ်း စည်းမျဉ်းနဲ့ အရည်အချင်းအလိုက် ရာထူး၊ နေရာတွေပေးသွားမှာဖြစ်ပါတယ်။ ယနေ့ မြန်မာ့တပ်မတော်ဟာ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ပေါက်ဖွားလာတဲ့ တပ်မတော်ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ရဲဘော်သုံးကျိပ်ကနေ စတင်ခဲ့ပြီး ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့တဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA)ကနေ သန္ဓေတည်ခဲ့တာဖြစ်ပါတယ်။ ဂျပန်ခေတ်မှာ တပ်မတော် ကို အင်အားလျှော့ချခံခဲ့ရပြီး BDA အဖြစ် ပြောင်းလဲခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် အင်္ဂလိပ်တို့ ဒုတိယအကြိမ် ပြန်ဝင်ရောက်လာချိန်မှာ မျိုးချစ်ဗမာ့တပ်မတော်(PBF) ကို ဖျက်သိမ်းပြီး ၎င်းတို့စစ်ပြေးစဉ် အိန္ဒိယမှာဖွဲ့ခဲ့တဲ့ အမည်ခံ (Burma Army) နဲ့ အစားထိုးဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်သူလူထုတစ်ရပ်လုံးက လက်မခံဘဲ နေသူရိန်လူထု အစည်းအဝေးကြီးမှာ “တပ်မတော်နဲ့ပတ်သက်သောအဆို” ကို တင်သွင်းပြီး တပ်မတော် ဆက်လက်ရပ်တည်ရေး ဆောင်ရွက်ခဲ့ပါတယ်။ မန္တလေး၊ စစ်ကိုင်း၊ မြင်းခြံ၊ ပျဉ်းမနား၊ တောင်ငူ၊ ပဲခူး၊ သာယာဝတီ၊ ဟင်္သာတစတဲ့ မြို့ ကြီး တွေမှာလည်း နေသူရိန်လူထုအစည်းအဝေးကြီးက တင်သွင်းတဲ့အဆိုများကို ထောက်ခံပွဲပြုလုပ်ပြီး တစ်ခဲနက်ထောက်ခံခဲ့ကြပါတယ်။ ဒါကြောင့် အင်္ဂလိပ်တို့က မြန်မာ့တပ်မတော်ဖွဲ့စည်းရေး ကန္ဒီစာချုပ်ကို ၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့မှာ ချုပ်ဆိုခဲ့ပါတယ်။ တပ်မတော် (ရေ)၊ တပ်မတော်(လေ) ဖွဲ့စည်းရေးအတွက် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လကျ်mနှင့် ဂျွန်ဒဗလျူဖရီးမင်းတို့ ချုပ်ဆိုခဲ့တဲ့ လကျ်m-ဖရီးမင်း စာချုပ်ကို ၁၉၄၇ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့မှာ ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဗမာ့လေတပ်မတော်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ဗမာ့ရေတပ်မတော်ဆိုပြီး ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။ ယနေ့ မြန်မာ့တပ်မတော်က တပ်အစိတ် အပိုင်းအသီးသီးနဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ နိုင်ငံတော်ပြန်တမ်း၊ နိုင်ငံတော်ရဲ့ ဖွဲ့စည်းမိန့်နဲ့ ပေါ်ပေါက်လာတဲ့ တပ်များဖြစ်ပါတယ်။ ကျွန်တော်တို့ တပ်မတော်သားများဟာ မိမိဆန္ဒသဘောထားအလျောက် တပ်မတော်သို့ ဝင်ရောက်တာဝန် ထမ်းဆောင်ကြသူများဖြစ်ပြီး ခွဲတမ်းအနေနဲ့ တာဝန်ထမ်းဆောင်ကြသူများ မဟုတ်ပါဘူး။ တပ်မတော်အရာရှိများဟာ နိုင်ငံတော်ပြန်တမ်းနဲ့ ခန့်အပ်ခံထား ရသူများဖြစ်သလို စစ်သည်များဟာလည်း သတ်မှတ်အရည်အချင်း၊ စစ်မှုထမ်း စည်းမျဉ်းတွေနဲ့ ခန့်အပ်ခံထားရသူတွေ ဖြစ်ပါတယ်။ ဆင့်ကဲအုပ်ချုပ်မှုစနစ်နဲ့ နိုင်ငံတော်အပေါ် သစ္စာခံရသူများ ဖြစ်ပါတယ်။ ဒီဖြစ်တည်မှုတွေ၊ ပြန်တမ်းတွေ၊ စည်းမျဉ်း စည်းကမ်းတွေဟာ စစ်မှုထမ်းအားလုံး လိုက်နာစောင့်ထိန်းရမယ့် အရာ တွေပဲ ဖြစ်ပါတယ်။ ပြည်နယ်အလိုက် ကာကွယ်ရေးတပ်များထားရှိရေး၊ အဆင့်ဆင့် တာဝန်ထမ်းဆောင်မှုမရှိဘဲ စစ်မှုထမ်းစည်းမျဉ်းကို ကျော်လွန်ခန့်ထားရေးတို့ဟာ မဖြစ်နိုင်တဲ့၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နောက်ပြန်ဆွဲလိုတဲ့ အတွေးအခေါ်များ သာဖြစ်ကြောင်း ပြောလိုပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီတဲ့ တပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲသွားဖို့ မူအားဖြင့် သဘောတူပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကနဦးဆောင်ရွက်ရမှာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအားလုံးဟာ NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီး လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေးကိစ္စရပ်များကို ဦးစွာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
 
 
နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ - 
 
 
- ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အခြေခံမူများ ချမှတ်ရာမှာ သဘောတူညီပြီးဖြစ်တဲ့ NCA ရဲ့ အခြေခံမူများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈)ခုနှစ်ရဲ့ အခြေခံမူများကို ရှေးရှုပြီး ဆောင်ရွက်သွားကြပါ။
 
-
- ထာဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ကြရာမှာ တဒင်္ဂငြိမ်းချမ်းရေး၊ အစိုးရသက်တမ်းတစ်ခုအတွင်းမှာသာ ရရှိရမည့်ငြိမ်းချမ်းရေးကို ဆောင်ရွက်နေခြင်း မဟုတ်ဘူးဆိုတာ အထူးသတိပြုပြီး ရေရှည်မျှော်မှန်းဆောင်ရွက်သွားကြပါ။
 
-
- NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနေနဲ့လည်း တိုင်းရင်းသားပြည်သူ လူထုရဲ့ ငြိမ်းချမ်းရေးဆန္ဒကို တန်ဖိုးထားပြီး လက်မှတ်ရေးထိုးသွားကြ ဖို့နဲ့ လက်မှတ်ရေးထိုးပြီးသားအဖွဲ့များအနေနဲ့လည်း စိတ်ရင်းစေတနာ မှန်မှန်နဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းသွားကြဖို့ အကြံပြုပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
 
 
အားလုံးကို ကျေးဇူးတင်ပါတယ်။

Share this on Social Media