ပြည်ပဈေးကွက်ခိုင်မာသဖြင့် မြန်မာ့ငါးတန်ကို ပိုမိုမွေးမြူကြရန် MFF တိုက်တွန်း

၂၁ အောက်တိုဘာ

ငါးတန်သည် လက်ရှိအချိန်တွင် တရုတ်အပါအဝင် အမေရိကတိုက်၊ဂျပန်၊အရှေ့အလယ်ပိုင်းဒေသ၊ ဥရောပတိုက်၊ အာဖရိကတိုက်၊ ကိုရီးယားနှင့် အာဆီယံနိုင်ငံများကပါ စားသုံးမှုနှုန်း မြင့်တက်လာရာ ဈေးကွက် လိုအပ်ချက်များ ရှိနေသဖြင့် ဈေးကွက်ခိုင်မာမှု အားကောင်းလာသောကြောင့် ငါးတန်ကို ပြည်ပဈေးကွက် တင်ပို့ရန် ရည်ရွယ်ပြီး ပိုမိုမွေးမြူကြရန် မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ တိုက်တွန်းထားကြောင်း သိရသည်။

 

ယင်းကဲ့သို့ ဈေးကွက်ခိုင်မာမှု အားကောင်းလာပုံကို MFF မှ တာဝန်ရှိသူများက မြန်မာ့ငါးတန်နှင့် ယနေ့ခေတ်ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ခုကို အောက်တိုဘာ ၁၉ ရက်နေ့က ရန်ကုန်မြို့ MFF ရုံးတွင် ကျင်းပခဲ့သည်။

 

“ငါးတန်ဈေးကွက်က တစ်နှစ်ထက်တစ်နှစ် ကြီးလာနေပြီ။ အခု မမွေးခင်ကည်းက ဝယ်ချင်တဲ့ ဝယ်လက်သုံးခုလောက်က လာကမ်းလှမ်းနေကြပြီး တစ်နှစ်စာတွေ အများကြီးလည်း ရှိနေပြီ အနည်းဆုံး တစ်လကို  ကွန်တိန်နာ အလုံး ၄၀ ၊ ၅၀ လောက် လိုချင်ကြတယ်၊ အသားလွှာပြီးရော၊ အကောင်လိုက်ရော လိုချင်ကြတယ်၊ နောက်ပြီး အရေခွံတို့ ငါးတန်အဆီတို့၊ ဆီပေါင်းတို့ ဝယ်မယ့် ကုမ္ပဏီတွေကလည်း ရသလောက် ဝယ်မယ်ဆိုတာချည်းပဲ၊ ဒီလောက်အထိ အာမခံချက်ရှိတယ်၊ ကိုယ့်ဘက်က ထုတ်နိုင်ဖို့ပဲလိုတယ်” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

 

ငါးတန်ကို လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် ငါးမြစ်ချင်း ၆၅ ရာခိုင်နှုန်း ဖြင့် အများဆုံးမွေးမြူနေပြီး ငါးတန်ကို ၁၅ ရာခိုင်နှုန်း၊ ရေချိုငါးမုတ် ၇ ရာခိုင်နှုန်း၊ ငါးကြင်းဖြူ ၄ ရာခိုင်နှုန်း၊ ကျန်သည့် ငါးမျိုးစုံ ၉ ရာခိုင်နှုန်း  မွေးမြူနေခြင်း ဖြစ်သည်။

 

သို့ရာတွင် ပြည်ပတင်ပို့မှု အားကောင်းသည့် ငါးမြစ်ချင်းမှာယခု နှစ်တွင် ဆော်ဒီအာရေဗျ နိုင်ငံမှ ၀ယ်ယူမှု ယာယီရပ်နားထားသဖြင့် မွေးမြူချိန်ကာလ ပိုမိုတိုတောင်းကြောင်း၊ ကြီးထွားမှုနှုန်းမြန်သလို ရောဂါဖြစ်ပွားမှုနှုန်း မရှိသလောက် နည်းပါးသဖြင့် မွေးမြူရေး လုပ်ငန်းရှင်များအတွက် ပိုမိုတွက်ခြေကိုက်နိုင်ကြောင်း၊ MFF ဒုတိယဥက္ကဋ္ဌ ဒေါ်တိုးနန္ဒာတင်က ပြောသည်။

 

မွေးမြူသူတွေအနေနဲ့ အကုန်လုံး မပြောင်းနိုင်ရင်တောင် ကိုယ်နိုင်သလောက်စမ်းပြီး ပြောင်းမွေးစေချင်တယ်ဟု ၎င်းက ဆိုသည်။

 

လက်ရှိအချိန်တွင် ငါးမြစ်ချင်းသည် ငါးမြစ်ချင်းသည် ဈေးကွက်ယိုင်နဲ့လာသဖြင့် ငါးမြစ်ချင်းကို လျှော့ချထုတ်လုပ်ပြီး ငါးတန်ကိုမွေးမြူမှသာ အကြွေးနွံနစ်သော ငါးမွေးမြူသူများအတွက် ထွက်ပေါက်တစ်ခု ဖြစ်စေနိုင်မှဖြစ်ကြောင်း MFF တာဝန်ရှိသူများက ဆိုသည်။

 

သို့ရာတွင် ငါးတန်ကို ပြည်ပတင်ပို့ရန်မှာ ယခင်သမရိုးကျ မွေးမြူထုတ်လုပ်မှုမျိုးမဟုတ်ဘဲ စတင်မွေးမြူချိန်မှ အစပြု၍ နောက်ဆုံးထုတ်ကုန်ထွက်ရှိပြီး ပြည်ပတင်ပို့သည်အထိ Good Aquaculture Practice Iso HACCP (Hazard analysis and critical control points) စသည့် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ မွေးမြူထုတ်လုပ်ရန် လိုအပ်ကြောင်း သိရသည်။

 

“ကျွန်တော်တို့ မြန်မာတွေက ဈေးကွက်ရှိတယ်ဆိုပြီး စုပြုံမွေးတော့ အခုငါးမြစ်ချင်းဆိုလည်း ဆောဒီဈေးကွက်လည်းပျက်ရော ဈေးတွေပြုတ်ကျကုန်တယ်။ ဒါကြောင့် အဓိက ဈေးကွက်ဝယ်လိုအား ဘယ်လောက်ရှိလဲ ဆိုတာ သေချာသိမှ မွေးမြူနိုင်မယ်” ဟု ထန်းတပင်မြို့နယ်မှ ငါးမွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူ ဦးကျော်လှက ပြောသည်။

 

MFF အနေဖြင့်လည်း ယခုလကုန်ပိုင်းမှစ၍ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုထူထောင်ပြီး ငါးတန်မွေးမြူရေးကို ဇောက်ချလုပ်ကိုင်ရန် အစုရှယ်ယာများ စတင်ခေါ်ယူသွားမှာဖြစ်ကြောင်း သိရသည်။ ရှယ်ယာတစ်စုလျှင် သိန်း ၁၀ဝ၀ သိန်းဖြင့်ပါ ပါဝင်နိုင်မှာဖြစ်ပြီး လုပ်ငန်းရှင်များ ဘက်မှ မတည်ရင်းနှီးငွေကျပ်၂၅ ဘီလီယံ နှင့် အစိုးရထံမှ ငွေကျပ်၂၅ ဘီလီယံ တို့ကို ရယူကာ မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ငါးမွေးကန် ဧက ၁၀ဝ ဖြင့် စတင်မွေးမြူသွားမည် ဖြစ်သည်။

 

ငါးတန်ကို ဗီယက်နမ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊တရုတ်၊ထိုင်းနိုင်ငံတို့မှာ တော်တော်လေး မွေးနေပြီ၊ဗီယက်နမ်ဆိုရင် တစ်နှစ်ကို ပြည်ပတင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလီယံလောက် ရတယ်၊ ဒါတောင်သူတို့ဆီကို အမေရိကန်ဒေါ်လာ ၁ ဘီလီယံဖိုးလောက် အဝယ်တွေရှိသေးပေမယ့် သူတို့မှာက မွေးမြူမြေထက် ရေမရှိတော့လို့ ထပ်မထုတ်နိုင်တော့ဘူး၊ ဒီဈေးကွက်ဝေစုတွေကို မြန်မာနိုင်ငံက မွေးမြူပြီး ရယူတက်ဖို့လိုတယ်ဟု ဦးဝင်းကြိုင်က ပြောသည်။

 

ငါးမွေးမြူရေး လုပ်ကိုင်သူများအနေဖြင့် ငါးမြစ်ချင်းကို ပြည်ပဈေးကွက်အတွက် လျှော့ချထုတ်လုပ်ပြီး ငါးတန်၊ တီလားဗီးယား၊ ကကတစ်တို့ကိုသာ တိုးမြှင့်ထုတ်လုပ်သင့်ကြောင်း MFF အနေဖြင့် ငါးတန်ဈေးကွက်အတွက် လေ့လာမှုများ ပြုလုပ်ပြီး မကြာမီတွင် တီလားဗီးယားနှင့် ကကတစ်တို့အတွက် ပြည်ပဈေးကွက် ဝယ်လိုအား မည်မျှရှိသည် ဆက်လက်လေ့လာသွားပြီး ငါးမွေးတောင်သူများအား ဆက်လက်အသိပေး ပြောကြားသွား မည်ဖြစ်ကြောင်း သိရသည်။
မေသက်နှင်း

Share this on Social Media