ဖမ်းဆီးရမိ သစ်များ ကလေးမြို့တွင် ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချမည်

ကလေး   ၂၈ အောက်တိုဘာ

  
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသခံပြည်သူများ နေအိမ်ဆောက်လုပ်ရန် သစ်လိုအပ်ချက်အပေါ် အမှန်တကယ် သုံးစွဲခွင့်ရရှိရေးကို ရည်ရွယ်၍ ကလေးခရိုင် သစ်တောဦးစီးဌာနမှ ဖမ်းဆီးရမိ တရားမဝင်သစ် အမျိုးအစား လေးမျိုးတို့အား  ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချပေးခြင်းကို အောက်တိုဘာ  ၃၀ ရက် နံနက် ၁၀ နာရီတွင်   ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး၌ ပြုလုပ်မည်ဖြစ်ကြောင်း   ဖမ်းဆီးရမိ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်း၊ သစ်စက်နှင့် ဆက်စပ်ပစ္စည်းများ လေလံတင်ရောင်းချ ရေးကော်မတီ ထံမှ သိရသည်။

 

 

ကလေးခရိုင်အတွင်း ဖမ်းဆီးရမိ တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများဖြစ်သည့် ကျွန်းသစ် ၆၃၉ လုံး (၁၇၂ ဒသမ ၅၁၇ တန်)၊ ကျွန်းခွဲသား ၂၅၁၈ ချောင်း (၉၆  ဒသမ ၃၆၂၁ တန်)၊ သစ်မာသစ်လုံး ၂၂၂ လုံး (၁၀၁  ဒသမ  ၇၀၈၉ တန်)၊ သစ်မာခွဲသား  ၁၄၉၃၁ ချောင်း(၄၇၉  ဒသမ  ၀၅၆၃ တန်) စုစုပေါင်း  ၈၄၉  ဒသမ  ၆၄၄၃ တန်ရှိ သစ်မျိုးလေးမျိုးတို့ကို စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာနတွင် တရားဝင် မှတ်ပုံတင်လိုင်စင် ရရှိထားသည့် သစ်အခြေခံ အိမ်တွင်း စက်မှုလက်မှုလုပ်ငန်းရှင်များ၊ သစ်စက်သေး/ သစ်စက်ကြီးနှင့် အချောထည်စက်/ လျှာထိုးစက်လုပ်ငန်းရှင်များ၊ သစ်အရောင်းဆိုင် လုပ်ငန်းရှင်များ၊ ပရိဘောဂ လုပ်ငန်းရှင်များ၊ အစိုးရဌာနမှ ဌာနပိုင်အဆောက်အဦများ၊ လမ်းတံတားများ ဆောက်လုပ်ရန်အတွက် အစိုးရဌာနအသီးသီးတွင် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ သစ်လိုအပ်ချက်အပေါ်မူတည်၍ လိုအပ်သည့် အချက်အလက်၊ အထောက်အထားများနှင့်အတူ လေလံဆွဲဝယ်ယူနိုင်မည်ဖြစ် ကြောင်း  ကလေးခရိုင်ဈေးပြိုင် လေလံတင်ရောင်းချရေးကော်မတီ၏ လေလံအမှတ်စဉ် (၁/၂၀၁၈-၂၀၁၉) လေလံတင် ရောင်းချခြင်း ကြော်ငြာထားသည်။

 

 

သစ်တောဦးစီးဌာနသည် တိုင်းဒေသကြီးနှင့်ပြည်နယ်သစ်တောဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် ခရိုင်/ မြို့နယ် ဦးစီးအရာရှိများ၊ သစ်တောဝန်ထမ်းများနှင့်အတူ မိတ်ဖက်အဖွဲ့အစည်းများပူးပေါင်း၍  မိမိဒေသအတွင်း တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများကို အရှိန်အဟုန်မြှင့် လိုက်လံစစ်ဆေး သိမ်းဆည်းလျက်ရှိရာ ဖမ်းဆီးရမိသည့် တရားခံများအား သစ်တောဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ချင်းတွင်းသား

Share this on Social Media