ပြောင်းဖူးတစ်နှစ်ပတ်လုံး စိုက်ပျိုးခြင်းဖြင့် စီးပွားရေးတွက်ခြေကိုက်နေသော လက်ပံခြေပေါ်ကျေးရွာ

ညောင်ဦး ၅ နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် လက်ပံခြေပေါ်အုပ်စု လက်ပံခြေပေါ်ကျေးရွာသည် ညောင်ဦး-မြင်းခြံ-ပခုက္ကူ ကားလမ်းမကြီးဘေးတွင်တည်ရှိပြီး လယ်ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံမြေလုပ်ငန်းဖြင့် စီးပွားရေး လုပ်ကိုင်စားသောက်နေသော ကျေးရွာတစ်ရွာဖြစ်ကာ တောင်သူအများစုသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချခြင်းဖြင့် စီးပွားရေး တွက်ခြေကိုက်နေကြကြောင်း ပြောင်းဖူးစိုက်တောင်သူများထံက သိရသည်။

 

အဆိုပါ  လက်ပံခြေပေါ်အုပ်စုအတွင်းရှိ   ကျေးရွာများသည် တစ်နှစ်ပတ်လုံး ပြောင်းဖူးများသာ စိုက်ပျိုးကြပြီး တစ်နှစ်လျှင် လေးကြိမ်အထိ စိုက်ပျိုးကြောင်း၊ သကြားပြောင်းဖူး၊ အစီးပြောင်းဖူးများသာ စိုက်ပျိုးကြပြီး အချို့တောင်သူများက မြစ်ရေတင်ရေဖြင့် စိုက်ပျိုးကြကြောင်း၊ အချို့မှာ မြေအောက်ရေ တူးဖော်ကာ စိုက်ပျိုးကြကြောင်း သိရှိရသည်။

 

 

ထွက်ရှိလာသည့် ပြောင်းဖူးများကို ကားလမ်းမကြီးဘေးတွင်ပုံထားကာ ဘုရားဖူးကားများ၊ မြင်းခြံ၊ ပခုက္ကူ၊ ငါ့သရောက်၊ ညောင်ဦး၊ ပုဂံမြို့များမှ ပြောင်းဖူးပွဲစားများက လာရောက်ဝယ်ယူကြကြောင်း၊ ပလင်းကမ်းသာယာ ဆင်စခန်းမှလည်း ဆင်စာအတွက်   ပြောင်းဖူးအများအပြား လာရောက်ဝယ်ယူကြကြောင်း၊ ရန်ကုန်မြို့၊ မန္တလေးမြို့ကြီးများရှိ ပြောင်းဖူးပွဲစားများသို့လည်း ကားဖြင့် တင်ပို့ရောင်းချရကြောင်း၊ တစ်ခါပို့လျှင် ပြောင်းဖူးအဖူးရေ နှစ်သောင်းမှ သုံးသောင်းအထိ တင်ပို့နေရကြောင်း၊ ရန်ကုန်၊ မန္တလေးသို့ တင်ပို့သော ပြောင်းဖူးများအား ဆယ်ဖူးဈေးကို ငွေကျပ် ၁၂၀ ဖောက်သည်ဈေးပေးကာ အခင်းသို့လာဝယ်လျှင် ဆယ်ဖူးဈေး ငွေကျပ် ၈၀ ဖြင့် ရောင်းချကြောင်း တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုးရောင်းချနေသည့် တောင်သူ ဦးဝင်းတင်က ပြောပြသည်။ 

 

မိုးရာသီပြောင်းဖူးစိုက်လျှင် ရက် ၉၀ ဖြင့် ပြောင်းဖူးရရှိပြီး နွေရာသီစိုက်ပျိုးချိန်တွင် ၇၅ ရက်ဖြင့် ပြောင်းဖူးပေါ်ကာ တစ်နှစ်လျှင် ပြောင်းဖူးလေးကြိမ်အထိ စိုက်ပျိုးနိုင်ကြောင်း၊ တစ်နှစ်ပတ်လုံး ပြောင်းဖူးစိုက်ပျိုး ရောင်းချခြင်းဖြင့် စီးပွားရေးတွက်ခြေကိုက်နေကြောင်း ပြောင်းဖူးစိုက်ပျိုးရောင်းချသည့် တောင်သူများက ပြောသည်။

 

မောင်မောင်ထိန် (ကျောက်ပန်းတောင်း)

Share this on Social Media