စင်ကာပူနိုင်ငံမှာ မီးရှူးမီးပန်းပစ်ဖောက်သူလို့ သံသယရှိသူ နှစ်ဦး ဖမ်းဆီးခံရ

၇ နိုဝင်ဘာ

 

စင်ကာပူနိုင်ငံရှိ Little India အနီးမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့က မီးရှူးမီးပန်းပစ်ဖောက်သူလို့ သံသယရှိသူ နှစ်ဦးကိုရဲက ဖမ်းဆီးလိုက်ကြောင်းသိရပါတယ်။ ဖမ်းဆီးခံလိုက်ရသူနှစ်ဦးကတော့ အသက် ၂၉ နှစ် နဲ့ ၄၈ နှစ်အရွယ် အမျိုးသားနှစ်ဦးဖြစ်ပါတယ်။ သူတို့ နှစ်ဦးဟာ ညသန်းခေါင်းယံအချိန် ဂလော့စတာလမ်းမ ပေါ်မှာ မီးရှူးမီးပန်းပစ်ဖောက်ခဲ့သူတွေလို့ သံသယရှိတဲ့အတွက် ဖမ်းဆီးလိုက်ကြောင်း ရဲထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။ 

 

စင်ကာပူနိုင်ငံမှာ ၁၉၇၂ ခုနှစ် ကပြဌာန်းခဲ့တဲ့ အန္တရာယ်ရှိတဲ့ မီးရှူးမီးပန်းပစ်ဖောက်ခြင်းကို ဥပဒေနဲ့ တားမြစ်ထားပါတယ်။ အဲဒီဥပဒေမှာ လုံခြုံရေးအစီအစဉ်အပြည့်အစုံ လုပ်ဆောင်ထားသော ပွဲလမ်းသဘင်များအတွက် ချို့ယွင်းချက်အနေနဲ့ မီးရှူးမီးပန်းပစ်ဖောက်ခွင့် ရှိတယ်လို့ ဆိုထားပါတယ်။ 

 

 

တစ်မိနစ်ကျော်သာ ကြာတဲ့ မီးရှူးမီးပန်းပစ်ဖောက်ပုံ ဗီဒီယိုဖိုင် ကို SG Road Vigilante ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ တင်ခဲ့ပါတယ်။ အခုတော့ အဲဒီဗီဒီယိုဖိုင်က ဖေ့စ်ဘုတ်စာမျက်နှာကနေဖယ်ရှားပြီး ပြီဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဗီယိုဖိုင်ဟာ တွစ်တာပေါ်မှာ ကြည့်ရှူ့နိုင်သေးတာကို တွေ့ရပါတယ်။ 

 

အဲဒီအမှုကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲလို့သိရပါတယ်။ တကယ်လို့ လက်ရှိ အဖမ်းခံနေတဲ့ အမျိုးသားနှစ်ဦးဟာ ပစ်မှုကျူးလွန်ခဲ့မယ်ဆိုရင် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၂၀၀၀ ကနေ ၁၀၀၀၀ အထိပေးဆောင်ရမှာဖြစ်ပြီး ထောင်ဒဏ် နှစ်နှစ်အထိ ကျခံရဖွယ်ရှိနေပါတယ်။ 

 

MDN

Share this on Social Media