ဒူးရင်းသီးအနံ့ကြောင့် အင်ဒိုနီးရှား လေယာဉ်ခရီးစဉ် နှောင့်နှေးကြန့်ကြာမှု ဖြစ်ပွား

၇ နိုဝင်ဘာ

 

ဒူးရင်းသီး နှစ်တန်ကို တင်ဆောင်ခဲ့သော အင်ဒိုနီးရှား လေယာဉ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည်များက အဆိုပါ ဒူးရင်းသီးအနံ့ကို မခံနိုင်သဖြင့် ဖယ်ရှားပေးရန် တိုင်တန်းပြောဆိုခဲ့ရာ လေယာဉ်မထွက်ခွာမီ  ဒူးရင်းသီးကို ဖယ်ရှားခဲ့သဖြင့် ပြောဆိုမှု အောင်မြင်ခဲ့ကြောင်း သိရသည်။

 

တနင်္လာနေ့ မနက်က ဆူမားတြားကျွန်းပေါ်ရှိ ဘန်ကူလူ မြို့တွင် ဖတ်မာဝါတီ စိုးကာနို လေဆိပ်၌ ဆာရီဝီဂျာယာ လေကြောင်းလိုင်း SJ091 လေယာဉ်တွင် လိုက်ပါလာသော ခရီးသည်များတွင် ပါရှိသော ရက်ဂေးဂီတပညာရှင် အေမာ ဇီဒန်း က  ယင်း ဒူးရင်းသီးအနံ့ မခံနိုင်မှုနှင့် ပတ်သက်ပြောဆိုသည့် ဗွီဒီယိုဖိုင်မှာ ယနေ့ ပြန့်ပွားသွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

 

၎င်းလေယာဉ်ခရီးသည် အခန်းထဲရှိ မနှစ်မြို့ဖွယ် အနံ့ဆိုးများကို မခံနိုင်၍ ဇီဒန်း ဦးဆောင်ပြီး ခရီးသည်များ တိုင်တန်းခဲ့ပြီး ယင်း ဒူးရင်းသီးကုန်များကို လေယာဉ်ပေါ်မှ မချခဲ့လျှင် လေယာဉ်ပျံသန်းမှုကို ငြင်းဆန်ခဲ့ကြကြောင်း ၎င်း၏ ဖေ့ဘွတ်ခ်အကောင့်တွင် ဗွီဒီယိုဖိုင် တင်ခဲဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ လေယာဉ်ပေါ် ဒူးရင်းသီး အထုပ်အပိုး လွန်ကဲစွာ တင်ဆောင်မှုသတင်းများအရ ခရီးသည်အချို့သည် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။

 

ခရီးသည်များနှင့် လေကြောင်းလိုင်း၏ မြေပြင်ဝန်ထမ်းများနှင့် အမှုထမ်းများအကြား ဆွေးနွေးငြင်းခုန်မှု ဖြစ်ပွားပြီးနောက် ယင်းလေကြောင်းလိုင်းက ဒူးရင်းသီးကုန် ချန်ထားခဲ့သဖြင့်  ဘန်ကူလူ မှ ဂျကာတာသို့ သွားရောက်မည့် လေကြောင်းခရီးစဉ် တစ်နာရီကြာ နှောင့်နှေး ကြန့်ကြာခဲ့ကြောင်း သိရသည်။

 

ကိုးကား ကျိုဒို 
ဘာသာပြန် မြင့်မြင့်ချို

 

Share this on Social Media