အီရန်အပေါ် အမေရိကန်၏ စီးပွားရေးပိတ်ဆို့မှုနှင့် ဥရောပနိုင်ငံများ၏ သဘောထား

ခြူးစန္ဒီနွေး

 

အီရန်အပေါ် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုဟာ တနင်္လာနေ့မှာပဲ စတင်အသက်ဝင်လာပါပြီ။ အီရန်နျူကလီးယား သဘောတူစာချုပ်ကနေ နုတ်ထွက်ပြီးကတည်းက အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်မယ်လို့ ကြွေးကြော်ခဲ့ရာမှာ ဒုတိယအကြိမ် စီးပွားရေးပိတ်ဆို့မှုဟာ အခုအသက်ဝင်လာပါပြီ။ 

 

တစ်ညီတစ်ညွတ်တည်း မဖြစ်နိုင်
ဥရောပနိုင်ငံတွေကတော့ သူတို့နည်းသူတို့ ဟန်နဲ့ပဲဆက်သွားမယ်လို့ ဆုံးဖြတ်ထားကြပါတယ်။ ဥရောပ နိုင်ငံတွေဟာ အမေရိကန်နဲ့ အရင်းနှီးဆုံး မဟာမိတ်တွေ ဖြစ်ခဲ့ပေမယ့် အီရန်အပေါ် စီးပွား ရေးပိတ်ဆို့မှု မှာတော့ တစ်ညီတစ်ညွတ်တည်း မဖြစ်နိုင်တော့ပါဘူး။၂ဝ၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အီရန်နျူကလီးယား သဘောတူစာချုပ်ကနေ အမေရိကန် နုတ်ထွက်ခဲ့ပေမယ့် ဥရောပနိုင်ငံတွေကတော့ သူတို့အတွက် ဒီစာချုပ်ဟာ အကျိုး ဖြစ်ထွန်းတယ်လို့ ယုံကြည်နေကြဆဲပါပဲ။ ဒါကြောင့်မို့ ဒီစာချုပ်ပျက်မသွားအောင် ဆက်လက်ထိန်း ထားလိုပါတယ်။ 

 

ဒါပေမယ့်လည်း ဒီနေ့အချိန်အထိတော့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို ရှောင်လွှဲလိုက်နိုင်မယ့် နည်းလမ်းကိုတော့ မစီမံနိုင်ခဲ့ပါဘူး။ 

 

အမေရိကန်၏ အကြောင်းပြချက်များ
မေလအတွင်းကစပြီး အီရန်အပေါ်ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်မယ်ဆိုပြီး ထရမ့် အစိုးရက ကြေညာခဲ့ပါတယ်။ အီရန်နိုင်ငံရဲ့ ရေနံတင်ပို့မှုနဲ့ ဘဏ်လုပ်ငန်းစနစ်တို့ကို ပစ်မှတ်ထားပြီး စီးပွားရေး ပိတ်ဆို့ဖို့ ကြံစည်ခဲ့တာပါ။ သမ္မတထရမ့်ကတော့ အီရန်အပေါ် ပြုလုပ်ဖူးသမျှသော စီးပွားရေး ပိတ်ဆို့မှုတွေထဲမှာ အပြင်းထန်ဆုံးသော စီးပွားရေး ပိတ်ဆို့မှုလို့လည်း ခေါ်ဝေါ်ခဲ့ပါတယ်။ အီရန်ဟာ ပြည်ပမှာရောက်နေတဲ့ အစိုးရနဲ့ သဘောထားကွဲလွဲသူတွေကို သတ်ဖြတ်မှု၊ ဟစ်ဇ်ဘိုလာအဖွဲ့ကို ထောက်ခံမှု၊ ဆီးရီးယားအစိုးရနဲ့ ယီမင်မှာရှိတဲ့ ဟူသီသူပုန်တွေကို ထောက်ခံပေးမှု၊ ဒုံးကျည်စမ်းသပ်မှု အစရှိတဲ့ လုပ်ရပ်တွေ လုပ်ကိုင်နေတဲ့ အတွက် စီးပွားရေးပိတ်ဆို့မှု လုပ်ဆောင် ရတာလို့ အမေရိကန်က အကြောင်းပြထားပါတယ်။ 

 

ဥရောပနိုင်ငံများ အကျပ်ရိုက်နေရ
၂ဝ၁၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ အီရန်နျူကလီးယား သဘောတူစာချုပ်ဆိုတာ အီရန်နဲ့ ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံတို့အကြား ချုပ်ဆိုထားတဲ့စာချုပ်ဖြစ်ပြီး အမေရိကန်နိုင်ငံ တစ်နိုင်ငံပဲ စာချုပ်ကနေ နုတ်ထွက် ရပါသေးတယ်။ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဂျာမနီ၊ ပြင်သစ်နဲ့ ဗြိတိန်တို့ဟာလည်း တရုတ်နဲ့ ရုရှားတို့လိုပဲ ဒီစာချုပ်ကနေ နုတ်ထွက်ခြင်းမပြုဘဲ ရှေ့ဆက်မယ်လို့ ပြောထားပါတယ်။ အီရန်အပေါ် အမေရိကန်က ပိတ်ဆို့မှုတွေ ပြုလုပ်ထားပေမယ့် ဥရောပနိုင်ငံ တွေကတော့ အီရန်နဲ့ ဆက်လက်အဆင်ပြေလို တယ်။ ဒါပေမယ့်လည်း အမေရိကန်ဟာ အီရန်အပေါ် ဘဏ်စနစ်မှာလည်း ပိတ်ဆို့မှုတွေ ပြုလုပ်ထားတဲ့ အတွက် ငွေပေးချေမှုစနစ်တွေမှာ အမေရိကန်ရဲ့ပိတ်ဆို့မှုကို ရှောင်ရှားပြီး စီးပွားရေးဘယ်လို ဆက်လက် လုပ်ဆောင်မလဲဆိုတာကတော့ ဥရောပနိုင်ငံတွေ ကိုယ်တိုင်ပဲ အကျပ်ရိုက် နေပါတယ်။ ဘာလို့လဲဆိုတော့ ဘဏ်လုပ်ငန်းမှာ အမေရိကန်ရဲ့ လွှမ်းမိုးမှုဟာ အတော်လေးကြီးမားပါတယ်။ အီရန်က ရောင်းချတဲ့ရေနံတွေကို ဘယ်လို ဝယ်ယူမလဲဆိုတာလည်း အခက်တွေ့လာပါတယ်။ အမေရိကန်ရဲ့ ပြန်လည်တုံ့ပြန်မှုကို မကြောက်မရွံ့ ဘဲ အီရန်နဲ့ စီးပွားရေးကို ဆက်လက်လုပ်ဆောင် နိုင်ဖို့ ဥရောပနိုင်ငံတွေအတွက် လွယ်ကူမှာ မဟုတ်ပါဘူး။ 

 

သဘောထားကွဲလွဲစရာများ ပေါ်ပေါက်လာ
ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒရေးရာ အကြီးအကဲ ဖီဒရီကာမိုဂရေနီ၊ ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမနီတို့က နိုင်ငံခြားရေးဝန်ကြီးများ၊ ဘဏ္ဍာရေး ဝန်ကြီးများအစရှိသူတို့ ပူးပေါင်းထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက် မှာတော့ သူတို့ဟာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုအတွက် နက်နက်နဲနဲ စိတ်မကောင်းဖြစ်ရကြောင်းနဲ့ အထူးငွေပေးချေမှု ပုံစံအသစ်နဲ့ ဆက်လက် လုပ်ဆောင်သွားမယ်၊ အီရန်နျူကလီးယားစာချုပ်ကို လည်း အပြည်ပြည်ဆိုင်ရာ သဘောတူညီမှုတစ်ခုကို လေးစားလိုက်နာသောအားဖြင့် ရှေ့ဆက်သွားမယ်လို့ ကြေညာခဲ့ ပါတယ်။ ဥရောပနိုင်ငံတွေဟာ အီရန်နဲ့ ကုန်သွယ်မှုမှာ ၂ဝ ရာခိုင်နှုန်းကနေ ၃ဝ ရာခိုင်နှုန်းအထိ သာရှိပါတယ်လို့ ဥရောပအရာရှိတွေက ပြောပါတယ်။ 

 

အမေရိကန်မှာလည်း လုပ်ငန်းတွေရှိတဲ့ ဥရောပကုမ္ပဏီကြီးတွေဟာ အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ကြောက်တဲ့ အတွက် သူတို့ရဲ့လုပ်ငန်းတွေကို အီရန်ကနေ ဆွဲထုတ်သွားကြပါပြီ။ သမ္မတထရမ့်အစိုးရနဲ့ ဥရောပ ခေါင်းဆောင်တွေကြား ပေါ်ပေါက်လာတဲ့ ပြဿနာတွေကြား အီရန်ဟာ အဓိကသဘောထား ကွဲလွဲစရာတွေ ဖြစ်လာခဲ့ပါတယ်။ ဥရောပနိုင်ငံတွေဟာ အမေရိကန် ရဲ့မူဝါဒတွေကို ဆန့်ကျင်ပြီး လုပ်ဆောင်လာတယ်။ ဥရောပနိုင်ငံတွေမှာ စုစည်းညီညွတ်မှုဆိုတာ အခုထက်ထိ လက်ကိုင်ထားတုန်းပါပဲ။ ဒါပေမယ့်လည်း အခုအခါမှာ တော့ ဥရောပခေါင်းဆောင်တွေကြား စိုးရိမ်စရာတစ်ခု ရှိလာပါတယ်။ အဲဒါကတော့ ဗြိတိန်ဟာ အရင်လို ဥရောပ နိုင်ငံတွေနဲ့ တစ်သားတည်းရှိနေပါ့မလား ဆိုတာပါပဲ။ အမေရိကန်ကို ရင်ဆိုင်တဲ့အခါ အားလျော့စရာဖြစ်လာမှာလည်း စိုးရိမ်ကြပါတယ်။ ရုရှားကတော့ အမေရိကန်ရဲ့ ပိတ်ဆို့မှုဒဏ်ကိုခံရဖို့ အလှမ်းဝေးပါတယ်။ သူဟာနဂို ကတည်းက အီရန်၊ ဆီးရီးယားတို့ရဲ့ မဟာမိတ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါကြောင့် အီရန်နဲ့ ရေနံတင်ပို့ရောင်းချမှုကတော့ ဆက်လက်ရှိနေဦးမှာပဲလို့ ဆိုပါတယ်။ 

 

ရေနံတင်သွင်းမှု ယာယီကင်းလွတ်ခွင့်ပေးထား
နောက်ထပ်တစ်ချက်ကတော့ အမေရိကန်ဟာ အီရန်ရဲ့ ရေနံတင်ပို့မှုကို ပိတ်ဆို့ထားပေမယ့် တူရကီနဲ့ တရုတ် အပါအဝင် နိုင်ငံပေါင်း ရှစ်နိုင်ငံကိုတော့ ရေနံကုန်သွယ်ခွင့်ကို ယာယီကင်းလွတ်ခွင့် ပေးထားပါတယ်။ ဒါကလည်း ရေနံဈေးကွက် တည်ငြိမ်စေဖို့အတွက်လို့ ဆိုပါတယ်။ ယာယီသာပေးထားတာဖြစ်ပြီး အမြဲတမ်း အတွက်တော့ ကင်းလွတ်ခွင့်ပေးထားတာ မဟုတ်ဘူးလို့ သိရပါတယ်။ အီရန်ကတော့ ပြည်တွင်းမှာ စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် အထိနာနေပေမယ့် ဥရောပနိုင်ငံတွေရဲ့ ထောက်ပံ့မှုကို ဆက်လက်ရရှိ လိုပါတယ်။ ပြီးခဲ့တဲ့လတွေ အတွင်းကလည်း အီရန်ဟာ အစိုးရနဲ့ သဘောထားကွဲလွဲတဲ့ အီရန်နိုင်ငံသားတွေကို ပြင်သစ်နဲ့ ဒိန်းမတ် နိုင်ငံတို့မှာလုပ်ကြံဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်လာပါတယ်။ ဒီအကြောင်း ပြချက်နဲ့ တော့ ဥရောပနိုင်ငံတွေဟာ အီရန်နဲ့ အဆက်အသွယ်ဖြတ်လိုက်မှာ မဟုတ်ပါဘူးလို့ နိုင်ငံခြားဆက်ဆံရေး ဆိုင်ရာ ဥရောပကောင်စီမှ အယ်လီဂျရန်မယ်က ပြောပါတယ်။ 

 

ဒိန်းမတ်သံအမတ်ကိုပြန်ခေါ် 
ဒါပေမယ့်လည်း ဒိန်းမတ်နိုင်ငံကတော့ အီရန်မှာရှိတဲ့ ဒိန်းမတ်သံအမတ်ကို ပြန်ခေါ်ခဲ့ပြီး ဒိန်းမတ်မြေပေါ်မှာ လုပ်ကြံဖို့ကြိုးစားတာဟာ ဆိုရင် လက်ခံနိုင်ဖွယ်ရာမရှိတဲ့ကိစ္စလို့ ပြောဆိုခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာလည်း အစိုးရနဲ့ ဆန့်ကျင်တဲ့ အီရန်နိုင်ငံသားတစ်စုကို ဗုံးခွဲပြီး လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ တုံ့ပြန်မှု ကတော့ ငြိမ်ငြိမ်သက်သက်ပါပဲ။ တိတိကျကျလည်း အရေးယူခဲ့ပါတယ်။ ဗုံးခွဲဖို့ကြံစည်မှု တိုင်းမှာပါဝင်တဲ့ အီရန်နိုင်ငံသားတိုင်းကို ပိတ်ဆို့ မှုတွေပြုလုပ်ခဲ့ပါတယ်။ အီရန်ထောက်လှမ်းရေး ဝန်ကြီးလည်း အပါအဝင်ပဲလို့ သိရပါတယ်။ 

 

အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲကို စောင့်ကြည့်နေကြ
အမေရိကန်က လက်ရှိမှာ စီးပွားရေး ပိတ်ဆို့မှုလုပ်ရတာဟာဆိုရင် အီရန်နိုင်ငံကို ညှိနှိုင်းဆွေးနွေးရေး စားပွဲဝိုင်းကို ခေါ်လာနိုင်ဖို့ ရည်ရွယ်ပြီး လုပ်ရတာပါလို့ ဆိုပါတယ်။ အီရန် နိုင်ငံရဲ့ ဒုံးကျည်ထုတ်လုပ်မှုတွေမှာ ကန့်သတ်ဖို့ ရယ်၊ ဒေသတွင်း မဟာမိတ်တွေကို ကူညီထောက်ပံ့မှုတွေမှာ ကန့်သတ်ဖို့ရယ်အတွက်ပါပဲ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအိုကလည်း '' အီရန်ဟာ ဒေသတွင်းမှာ အစ္စရေးကို ခြိမ်းခြောက် နေတယ်၊ လက်ဘနွန်က ဟစ်ဇ်ဘိုလာ တွေကို ငွေကြေးထောက်ပံ့ပေးနေတယ်၊ ဒိန်းမတ် လိုနိုင်ငံမျိုးမှာ လုပ်ကြံသတ်ဖြတ်ဖို့ ကြံစည်နေ တယ်၊ နောက်ပြီး ဟူသီသူပုန်တွေက ငွေကြေး ထောက်ပံ့မှုတွေပြုနေတယ်''လို့ ပြောလိုက်ပါ တယ်။ 

 

လက်ရှိအချိန်မှာတော့ အီရန်ရော ဥရောပနိုင်ငံတွေပါ အမေရိကန်နိုင်ငံရဲ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်တွေ ကို စောင့်ကြည့်နေပါတယ်။ ဒါကတော့ နောက်နှစ်နှစ်အတွင်းမှာ အမေရိကန်သမ္မတထရမ့်ဟာ သူ့ရဲ့ ဒုတိယ သမ္မတသက်တမ်းကို ဖော်ဆောင်နိုင်ခြင်း ရှိ မရှိ အကဲဖြတ်ဖို့ စောင့်ကြည့်နေကြတာလည်း ဖြစ်ပါတယ်။ 
ကိုးကား -နယူးယောက်တိုင်းမ်

Share this on Social Media