တောင်ထိပ်ရေခဲပြင်တွေ ပျောက်ကွယ်တော့မှာလား

သိပ္ပံစာရေးဆရာကိုကိုအောင်

 

နှင်းဖုံးတောင်ထိပ်များ
ကမ္ဘာအရပ်ရပ်တွင် ဆီးနှင်းများဖုံးလွှမ်းနေသောတောင်ထိပ်များကို နေရာဒေသအနှံ့ တွေ့ရှိနိုင်သည်။ အဝေးကကြည့်လျှင် ဖြူလွလွဆီးနှင်းများ ဖုံးလွှမ်းနေသော တောင်စဉ် တောင်တန်းတို့၏ ထိပ်ပိုင်းနေရာများ သည် တောင်၏နောက်ခံ ကောင်းကင်ပြာလဲ့လဲ့နှင့်အတူ အလွန်လှပသော မြင်ကွင်းတစ်ရပ်အဖြစ် ရှုမောဖွယ်ကောင်းလှသည်။

 

ဆီးနှင်းဖြူတို့၏ အောက်တွင် ရေခဲပြင်ကြီးများရှိနေပြီး ထိုရေခဲပြင်ကြီးများသည် နှစ်ပရိစ္ဆေဒကြာရှည်စွာ စုဖွဲ့ဖြစ်ပေါ်နေသော ပုံဆောင်ခဲများဖြစ်ကြသည်။ ဆောင်းဥတုကာလများတွင် တောင်ထိပ်များပေါ်သို့ သိပ်သည်းထူထပ်စွာ ကျရောက်နေသော ဆီးနှင်းများသည် ထူထဲသောရေခဲပြင်ကြီးများကို ဖြစ်တည်လာ စေခဲ့သည်။ ဆောင်း ဥတုကာလကို လွန်မြောက်သည့်အခါ တဖြည်းဖြည်းအပူချိန်မြင့်တက်လာပြီး တောင် ထိပ်ရေခဲပြင်ကြီးများ အရည်ပျော်လာသည်။ သို့ရာတွင် မြေပြန့်မြေမျက်နှာပြင်ပေါ်၌ အပူချိန်မြင့်တက် လာခြင်းကြောင့် ရေခဲများအရည်ပျော်ခြင်းမျိုးနှင့်မတူဘဲ တဖြည်းဖြည်းချင်း နှေးကွေးစွာ အရည်ပျော် လာကြခြင်းသာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပထဝီမြေမျက်နှာသွင်ပြင်၏ သဘောတရားအရ အလွန်မြင့်မားသောနေရာများ၌ အပူချိန်မြင့်တက်နှုန်းသည် မြေပြန့်မြေမျက်နှာပြင်ပေါ်၌ အပူချိန်မြင့်တက် သည့်နှုန်းထက် များစွာလျော့နည်းသောကြောင့် ဖြစ်သည်။

 

ရေခဲမြစ်များ
တောင်ထိပ်ရေခဲပြင်များမှ ကျဆင်းလာသော ရေခဲပျော်ရည်များသည် မြစ်ဖျားများကို ဖြစ်ပေါ်လာစေပြီး ထိုသို့သော မြစ်ဖျားများအချင်းချင်း ပေါင်းဆုံစီးဆင်းခြင်း ကြောင့်လည်းကောင်း၊ မြစ်ဖျားတစ်ခုတည်းက စီးဆင်းလာသော ရေခဲပျော်ရည်များသည် ရေဝေဒေသများမှ စီးဝင်လာသော မိုးရေများ၊ တွင်းရေ၊ ကန်ရေများ၊ စွန့်ပစ်ရေများနှင့် ပေါင်းစပ် စီးဆင်းခြင်းကြောင့်လည်းကောင်း မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့ကို ဖြစ်ထွန်းလာစေသည်။

 

ဤသို့အားဖြင့် တောင်ထိပ်ရေခဲပြင်များကိုအကြောင်းပြု၍ မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့သည် ကမ္ဘာ့နေရာ ဒေသအနှံ့တွင် စီးဆင်းလျက်ရှိနေကြသည်။ ဆီးနှင်းနှင့် ရေခဲပြင်များဖုံးလွှမ်းနေသော တောင်စဉ်တောင်တန်း ကြီးများသည် ကမ္ဘာ့မြောက်ပိုင်းအရပ် ဒေသများ၌သာ တည်ရှိနေကြသည့်အတွက် တောင်ထိပ် ရေခဲပြင်များမှ အစပြု၍ ဖြစ်ပေါ်လာသော ကမ္ဘာ့မြစ်ကြီးမြစ်ငယ် အများစုတို့သည် မြောက်အရပ်မှ တောင်အရပ်သို့သာလျှင် စီးဆင်းလျက်ရှိနေကြသည်။ သို့ရာတွင် ရေဝေဒေသတို့၏ တည်ရှိနေပုံအနေအထားအရ၊ တောင်အရပ်မ မြောက်အရပ်သို့ စီးဆင်းနေသော အရေအတွက်ပမာဏ အလွန်နည်းလှသည့် မြစ်အချို့တို့ကမူ လူတို့ ဖန်တီးဖောက်လုပ်ထားသော တောင်မှမြောက်သို့ စီးဆင်းသည့် မြစ်အချို့နှင့်အတူ ဒေသအလိုက် စီးဆင်း လျက်ရှိနေကြသည်။

 

ကမ္ဘာ့မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့သည် ရေကြောင်းပို့ဆောင်ရေး၊ ကုန်စည်စီးဆင်းရေး၊ ရေထွက်ပစ္စည်း ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး စသည်တို့ကို ကောင်းစွာ အထောက်အပံ့ပြုပေးရုံမျှမက တသွင်သွင် စီးဆင်းနေသော မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့ကြောင့် မြစ်ကမ်းဘေးဝဲယာရှိ မြို့ရွာတို့၏ တည်နေပုံမှာ အလွန် ပင် တင့်တယ်ကြည့်ကောင်းလှသည်။

 

ရေခဲပြင်ဒေသများ
ကမ္ဘာပေါ်တွင် မြောက်ဝင်ရိုးစွန်းအရပ်ဖြစ်သည့် အာတိတ်ဒေသသည် ရေခဲပြင် ဖုံးလွှမ်းမှု ထုထည်ပမာဏ အကြီးမားဆုံးနှင့် ဧရိယာအကျယ်ပြန့်ဆုံးသော အရပ်ဒေသဖြစ်ပြီး တောင်ဝင်ရိုးစွန်းရှိ အန္တာတိကဒေသကမူ ရေခဲပြင်ဧရိယာ ဒုတိယအကျယ်ပြန့်ဆုံးရှိသော ဒေသဖြစ်သည်။ အဆိုပါ ဝင်ရိုးစွန်းဒေသနှစ်ခုပြီးလျှင် က္ဘာပေါ်၌ ရေခဲဖုံးလွှမ်းသည့်ဧရိယာ တတိယမြောက်အကြီးမားဆုံးနှင့် အကျယ်ပြန့်ဆုံး ဖြစ်ပေါ်တည်ရှိနေသည့်အရပ်မှာ တိဗက်ကုန်းပြင်မြင့်ဒေသပင်ဖြစ်သည်။

တိဗက်ကုန်းပြင်မြင့်ဒေသတွင် ရေခဲမြစ်ပေါင်း ၃၇ဝဝဝ ခန့် ရှိနေပြီး ထိုဒေသကြီး အပါအဝင် ဟိမဝန္တာ တာင်တန်းဒေသတစ်ခုလုံးရှိ ရေခဲပြင်နှင့် ရေခဲမြစ်များမှ ပျော်ကျစီးဆင်းလာသော ရေများသည် ကမ္ဘာ့မြစ်ကြီးများစာရင်းဝင် မြစ်ဝါမြစ်၊ ယန်စီ မြစ်၊ မဲခေါင်မြစ်၊ သံလွင်မြစ်၊ ဧရာဝတီမြစ်၊ အိန္ဒုမြစ်၊ ဂင်္ဂါမြစ် စသော မြစ်ကြီးများစွာကို ဖြစ်ပေါ်စီးဆင်းစေလျက်ရှိသည်။

 

လူသားတို့ မှီခိုအားထားရာ
ကမ္ဘာ့မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့သည် ဂေဟစနစ်ကို ကောင်းစွာဖြစ်ထွန်းစေသဖြင့် သဘာဝ ပတ်ဝန်းကျင်အတွက် အလွန်အရေးပါ အရာရောက်ရုံမျှမက ကမ္ဘာ့ပြည်သူတို့အတွက် မှီခိုအားထားရာများလည်း ဖြစ်ကြသည်။ ဟိမဝန္တာတောင်တန်း ဒေသကုန်းပြင်မြင့်များရှိ ရေခဲပြင်များမှ အရည်ပျော်ကျဆင်းလာသော မြစ်ရေများကို ကမ္ဘာ့လူဦးရေ သန်းနှစ်ထောင်တို့ မှီခိုသောက်သုံးနေကြရသလို ကျန်ရှိသောကမ္ဘာ့ ဒေသများ ၌လည်း တောင်ထိပ်ရေခ ဲပျော်ရည်တစ်ဖြစ်လည်း မြစ်ရေများကို လူသန်းပေါင်းများစွာတို့က မှီခိုအားထား နေကြရသည်။

 

ထိုကဲ့သို့ ကမ္ဘာ့လူသား သန်းပေါင်းများစွာတို့၏ မှီခိုအားထားရာလည်းဖြစ်၊ ဂေဟစနစ်ကို ကောင်းစွာ ဖြစ်ထွန်းစေပြီး သဘာဝပတ်ဝန်းကျင်အတွက်လည်း အလွန်အရေးပါ အရာရောက်သည့် မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့၏ သန္ဓေတည်အစပြုရာဖြစ်သော တောင်ထိပ်ရေခဲပြင်ကြီးများသည် ကမ္ဘာကြီးပူနွေးလာ ခြင်းကြောင့် တဖြည်းဖြည်း လျော့ပါးပျောက်ကွယ်လျက် ရှိနေပြီဖြစ်သည်။ 

 

တောင်ထိပ်ရေခဲပြင်များ လျော့ပါးလာခြင်း
ကမ္ဘာအရပ်ရပ်ရှိ မော်တော်ကားများအပါအဝင် အင်ဂျင်စက်အမျိုးမျိုးတို့နှင့် စက်ရုံအလုပ်ရုံများ၊ ရေနံနှင့် ကျောက်မီးသွေးလောင်စာသုံး ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းများ၊ ခေတ်သစ်စိုက်ပျိုးရေးနှင့် အသားတိုး မွေးမြူရေးလုပ်ငန်းများ စသည်တို့ကြောင့် ထွက်ပေါ်လာသည့် ကာဗွန်ဒိုင်အောက်ဆိုက်၊ မီသိန်း၊ နိုက်ထရပ်စ် အောက်ဆိုက်၊ ဟိုက်ဒရိုဖလူအိုရိုကာဗွန်၊ ပါဖလူအိုရိုကာဗွန်နှင့် ဆာလ်ဖာဟက် ဆာဖလူအိုရိုက် စသော ဓာတ်ငွေ့များသည် ကမ္ဘာကြီးကို ဖန်လုံအိမ်တစ်ခုဖြစ်လာစေပြီး ကမ္ဘာ့အပူချိန်ကို သိသာစွာ မြင့်တက် လာစေခဲ့သည်။

 

လွန်ခဲ့သော နှစ်တစ်ရာအတွင်း ကမ္ဘာ့လေထု၏ ပျမ်းမျှအပူချိန်သည် ဝ ဒသမ ၆ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက်ခဲ့သလို ကမ္ဘာ့ရေခဲမြစ်များ၏ ပျမ်းမျှအပူချိန်က လည်း ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ မြင့်တက် လာခဲ့သည်။ ရေခဲပြင်များတည်ရှိရာ ကမ္ဘာ့တောင်ထိပ် နေရာများသည်လည်း အပူချိန်များ မြင့်တက်ခဲ့ပြီး ဟိမဝ္တာတောင်တန်းဒေသ ကုန်းပြင်မြင့်များ၏ အချို့နေရာများ၌ အပူချိန် ၂ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ် အထိပင် မြင့်တက်ခဲ့ကြောင်း သုတေသနပြု ဖော်ထုတ်တွေ့ရှိရသည်။

 

ယင်းကဲ့သို့ ကမ္ဘာ့အပူချိန်မြင့်တက်လာခြင်းကြောင့် ကမ္ဘာအရပ်ရပ်ရှိ ရေခဲမြစ်အများစုမှာ ကျုံ့ဝင်လျော့ကျ လာနေသလို အချို့သောရေခဲမြစ်များမှာ လုံးဝပျောက် ကွယ်သွားပြီဖြစ်သည်။ ခြွင်းချက်အနေဖြင့် ဟိမဝန္တာ တောင်တန်းအနောက်ဘက်ရှိ ကာရာကိုရန် တောင်တန်းများပေါ်မှ ရေခဲမြစ်အချို့မှာ ပိုမိုကြီးထွားကျယ်ပြန့်လာ သည်မှအပ ကျန်ရေခဲမြစ်များအားလုံးတို့သည် တဖြည်းဖြည်းချင်း အရည်ပျော်လာ ကြပြီး ပျောက်ကွယ် သွားတော့မည့် အန္တရာယ်နှင့် ကြုံတွေ့နေကြရသည်။

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ကုန်းမြင့်ဒေသများ၌ လွန်ခဲ့သော နှစ်ပေါင်း ၅ဝ ကာလအတွင်း ရေခဲဖုံးလွှမ်းနေသည့် ဧရိယာမှာ နှစ်ဆယ်ရာခိုင်နှုန်း လျော့ကျသွားခဲ့သလို တာဂျစ်ကစ္စတန်ဒေသ၌လည်း ရေခဲဖုံးလွှမ်းနေသော ဧရိယာမှာ ရာစုနှစ်ဝက်အတွင်း ၃၅ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့သည်။ အလားတူပင် တိဗက်ကုန်းပြင်မြင့် ဒေသရှိ ရေခဲမြစ် အစင်းပေါင်း ခြောက်ရာနီးပါးတို့သည်လည်း ဒေသအပူချိန်များ မြင့်တက်လာခြင်းကြောင့် ရေခဲပြန်ဖြစ်သည့်နှုန်းထက် အရည်ပျော်သည့်နှုန်းက ပိုမိုမြင့်မားလျက်ရှိနေကြသည်။

 

ရေခဲပြင်အရည်ပျော်ခြင်းသံသရာ
ကမ္ဘာ့အပူချိန်မြင့်တက်မှုကြောင့် တောင်ထိပ်ရေခဲပြင်များ အရည်ပျော်သွားသည့်အခါ အောက်ခံမြေသား ပေါ်လာပြီး ယင်းအောက်ခံမြေသားသည် မူလရေခဲပြင်ချပ် ကြီးထက် နေ၏အပူဓာတ်ကို ပိုမိုစုပ်ယူနိုင်ကာ ယင်းသို့ စုပ်ယူထားသော အပူဓာတ်ကြောင့်ပင် ရေခဲပြင်များကို ပိုမိုလျင်မြန်စွာ အရည်ပျော်စေခြင်းဖြင့် တောင်ထိပ်ရေခဲ ပြင်အရည်ပျော်ခြင်း သံသရာချားရဟတ်မှာ ဆက်၍ဆက်ကာ လည်ပတ်လျက် ရှိနေသည်။

 

တောင်ထိပ်ရေခဲပြင်များ အရည်ပျော်ပြီး ပျောက်ကွယ်လာနေခြင်းသည် မြင်ကွင်းပသာဒတင့်တယ်မှုကို ယုတ်လျော့ကျဆင်းသွားစေရုံမျှသာ မဟုတ်ဘဲ ကမ္ဘာ့မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့၏ ဖြစ်တည် စီးဆင်းနေမှုကို စိန်ခေါ်နေသော ခြိမ်းခြောက်မှုကြီးတစ်ရပ်ပါ ဖြစ်လျက်ရှိနေသည်။ သဘာဝအလျောက် ဖြစ်တည် စီးဆင်းနေသော မြစ်ကြီးမြစ်ငယ် အသွယ်သွယ်တို့၏ တည်တံ့နေမှုအပေါ် ခြိမ်းခြောက်နေခြင်းသည် သဘာဝပတ်ဝန်းကျင်ကြီး တစ်ခုလုံးကို ခြိမ်းခြောက်နေခြင်းပင်ဖြစ်သည်။

 

သဘာဝပတ်ဝန်းကျင်ကြီးတစ်ခုလုံးကို ခြိမ်းခြောက်နေခြင်းသည်လည်း ဇီဝမျိုးစုံ မျိုးကွဲအားလုံးတို့ကို ခြိမ်းခြောက် နေခြင်းပင် ဖြစ်သည်။ တစ်နည်းဆိုရသော် လူသား မျိုးဆက်သစ်များနှင့် အနာဂတ်က္ဘာကြီးကိုပါ ခြိမ်းခြောက် လျက်ရှိနေခြင်းပင် ဖြစ်သည်။

 

တောင်ထိပ် ရေခဲပြင်များနှင့် ရေခဲမြစ်များ အရည်ပျော်ပျောက်ကွယ်သွားခြင်း သည် တန်ဖိုးဖြတ်၍မရသော မိုးလေဝသမှတ်တမ်းများကို လက်လွှတ်ဆုံးရှုံးလိုက်ရခြင်းလည်း ဖြစ်သည်။ သိပ္ပံသုတေသီတို့သည် ရေခဲမြစ် အပိုင်းအစများကို စူးစမ်းလေ့လာ သုတေသနပြုခြင်းဖြင့် အဆိုပါ ရေခဲမြစ်တည်ရှိရာ ဒေသတွင် လွန်ခဲ့သော နှစ်ပေါင်းထောင်ချီ ကာလကဖြစ်ပေါ်ခဲ့သည့် မိုးလေဝသအခြေအနေများကို ဖော်ထုတ်နိုင်ကြပြီဖြစ်သည်။

 

ထို့ကြောင့်ပင် တောင်ထိပ်ရေခဲပြင်များနှင့် ရေခဲမြစ်များ ပျောက်ကွယ်ဆုံးရှုံးနေရခြင်းကို တားဆီးနိုင်ရန်အလို့ငှာ ဖန်လုံ အိမ်အာနိသင် ဓာတ်ငွေ့များ ထုတ်လွှတ်နေမှုကို လျှော့ချပြီး ကမ္ဘာကြီး ပူနွေးလာနေမှုကို အစွမ်းကုန် တိုက်ဖျက်သွားကြရမည်သာ ဖြစ်ပေသည်။     ။

Share this on Social Media