ကထိန်လျာသင်္ကန်းလှူဒါန်းခြင်း အကျိုးတရား

ဝိဿဇ္ဇက(ပဲခူး)

 

“မိုးနောက်ဆုံးလ၊ ကထိန်ခင်းရသည့်ချိန်ခါ” ဟူသော စကားစဉ်ရှိသည်။သီတင်းကျွတ်လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်းလပြည့်တိုင် တစ်လမျှအတွင်း ခင်းကျင်းရသော လှူဒါန်းပွဲဖြစ်လေသည်။

 

ကထိန်လျာခင်းခွင့်ပြုတော်မူခြင်း

မြတ်ဘုရားရှင်လက်ထက်တွင် ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်သည် သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ သီတင်းသုံး နေတော်မူသော ဘုရားရှင်ထံသို့ ဖူးမြော်ရန်လာကြသည်။ ဝါဆိုရန်နီးကပ်လာ၍ သာဝတ္ထိပြည်သို့ မရောက်နိုင်တော့ဘဲ သာကေတမြို့မှာပင် ဝါဆိုရန် သီတင်းသုံးနေကြရသည်။ ရဟန်းတော်များသည် ပံ့သကူဓူတင်၊ အာရညကဓူတင်၊ ပိဏ္ဍပါတိကဓူတင်၊ တိစီဝရိက်ဓူတင်များကို ဆောင်ကြသူတွေချည်း ဖြစ်လေသည်။ ဝါလကင်းလွတ် ပဝါရဏာပြုပြီး ဘုရားရှင်သီတင်းသုံးရာ သာဝတ္ထိပြည်သို့ ကြွလာကြခြင်း ဖြစ်သည်။

 

လမ်းတစ်လျှောက်၌ မိုးရွာသည်နှင့် ကြုံနေကြရ၍ ရဟန်းတော်များသည် စိုရွှဲနေသည့် သင်္ကန်းတော်တို့ဖြင့် ဇေတဝန်ကျောင်းသို့ ရောက်လာကြသည်။ ပံ့သကူဓူတင်ဆောင်ကြသူများဖြစ်၍ ရဟန်းတော်များ၏ သင်္ကန်းများသည် ပံ့သကူသင်္ကန်းများ ဖြစ်သည်။ ပံ့သကူသင်္ကန်းသည် ဟောင်းနွမ်းညစ်ပေ လူတကာတို့ စွန့်ပစ်ထားသော အဝတ်ဟောင်းများကို ကောက်ယူကာ ဖန်ရည်ဆိုးသော သင်္ကန်းများ ဖြစ်သည်။ တိစီဝရိက်ဓူတင်ကိုပါ ဆောင်ထားကြ၍ ရဟန်းတော်များတွင် သင်္ကန်းသုံးထည်သာ ရှိကြသည်။ ရေစိုသဖြင့် လဲရန် သင်္ကန်းအပိုမရှိကြပေ။ ထို့ကြောင့် သီတင်းကျွတ်ပြီးစ မိုးရေထဲမှ ကြွလာရသည့်အခါ ရဟန်းတော် သုံးကျိပ်တို့သည် အလွန်ပင် ဆင်းရဲပင်ပန်းကြလေသည်။

 

ယင်းသို့ ဆင်းရဲပင်ပန်းစွာနှင့်ပင် ခြောက်ယူဇနာဝေးကွာသော သာကေတမြို့မှ သာဝတ္ထိပြည် ဇေတဝန် ကျောင်းသို့ ရောက်ရှိလာကြရာတွင် ဘုရားရှင်က ရဟန်းတော်များအား ခရီးလမ်းအကြောင်းစသည်ကို မေးမြန်း တော်မူသည်။ ရဟန်းတော်များက ခရီးလမ်းတွင် မိုးထဲရေထဲမှာ ပင်ပန်းစွာလာရပုံကို လျှောက်ထားကြသည်။ ယင်းသို့သော အကြောင်းကြောင့် မြတ်ဘုရားရှင်က ကထိန်လျာခင်းခြင်းကို ခွင့်ပြု၍ ကထိန်အကျိုးငါးပါးကို ပါရကြောင်း မိန့်ကြားပြီး ကထိန်လျာခင်းပုံကိုပါ ညွှန်ပြတော်မူသည်။

 

ကထိန်လျာခင်း၍ ရဟန်းတို့ခံစားရသော အကျိုး

ကထိန်ခံသည့် ရဟန်းတော်နှင့် ကထိန်အနုမောဒနာပြုသော ရဟန်းတော်များပါ ကထိန်လျာ ခင်းသည့်နေ့မှစပြီး တပေါင်းလပြည့်နေ့အထိ အောက်ဖော်ပြပါ အကျိုးတရားငါးမျိုးခံစားရ၏။

၁။ အနာမန္တစာရ - ကျောင်းတွင်ရှိသော ရဟန်းတစ်ပါးကိုမပန်ကြား၊ မပြောဆိုဘဲ မြို့တွင်းရွာတွင်း ဆွမ်းစားပင့်ထားသည့် အိမ်သို့သွားနိုင်ခြင်း၊ ကထိန်လျာ အကျိုးမရသောအခါ ယခုလိုသွားလျှင် အာပတ်သင့်သည်။

၂။ အသမာဒါနစာရ - အဓိဋ္ဌာန်ပြီးဆောင်အပ်သော သင်္ကန်းကို မယူမူ၍သွားနိုင်၊ နေနိုင်ခြင်း။

၃။ ဂဏဘောဇန - ထမင်းစားကြွပါ၊ ဆွမ်းစားကြွပါ စသည်ဖြင့် ဒါယကာတို့က မအပ်သော ဖိတ်ခြင်းရှိသော ဂဏဘောဇဉ်ကို စားသုံးနိုင်ခြင်း။

၄။ ယာဝဒတ္တစီဝရ - ရလာသောသင်္ကန်းများ အဓိဋ္ဌာန်ဝိပပ္ပနာ မပြုရဘဲထားနိုင်ခြင်း၊ ကထိန်အကျိုးမရသော အခါမှာစားလျှင် အာပတ်သင့်သည်။

၅။ ယောစတတ္ထစိဝရုပ္ပာဒ - ဤကျောင်းတိုက်အတွင်း၌ သံဃာကို ရည်စူးလှူဒါန်းသော သံဃိကသင်္ကန်းကို ဤရဟန်းများသာ ရပိုင်ခွင့်ရှိခြင်း၊ ကထိန်လျာအကျိုးကို မရရှိသောရဟန်း၊ ကထိန်ခင်းပြီးမှ ဤကျောင်းတိုက်၌ လာရောက်နေထိုင်သော ရဟန်းများသည် ဤသံဃိကသင်္ကန်းကို ခွဲဝေယူခွင့်မရရှိပါ။

ကထိန်လျာ သင်္ကန်းလှူဒါန်းသော အလှူရှင်များမှာလည်း သဒိသပါကံဇနေတိတူသော အကျိုးကို ပေးတတ်သော ကထိန်လျာခင်းသော သံဃာတော်များအလား အကျိုးတရားများကို ခံစားခွင့်ရှိကြ၏။

 

ကထိန်ခင်းပွဲ

ကထိန်ခင်းရန်လှူဒါန်းသော သင်္ကန်း သို့မဟုတ် ကထိန်လျာသင်္ကန်းဟု ခေါ်သည်။ ကထိန်သင်္ကန်းကပ်လှူပွဲကို တစ်ဦးတစ်ယောက်က ပေးလှူရသည် သို့မဟုတ် စေတနာရှင်များ စုပေါင်းသည့် ဘုံကထိန် အနေမျိုးနှင့်လည်း လှူဒါန်းလေ့ရှိသည်။

 

သင်္ကန်းကို အချိန်မရွေးလှူဒါန်းနိုင်သည်။ ကထိန်လျာသင်္ကန်းကို တစ်နှစ်အတွင်းတစ်လတာ လှူဒါန်းခွင့် ရှိသည်။ ထိုအချိန်အတွင်းမှာ တစ်ကျောင်းလျှင် တစ်ကြိမ်သာ ဝါကျိုးဝါပျက်စသော အဖြစ်မျိုးမရှိစေဘဲ သီတင်းကျွတ်၍ ပဝါရဏာပြုပြီးကြသော ရဟန်းတော်ဖြစ်ရမည်။ ထိုသို့သော ရဟန်းတော်သာ ကထိန်လျာ သင်္ကန်းကို အလှူခံခွင့်၊ ကထိန်ခင်းခွင့်ရှိသည်။ စေတနာ၊ သဒ္ဓါသက်သက်နှင့် လှူဒါန်းလာသော သင်္ကန်းဖြစ်ရမည်။ ရဟန်းတော်များသည် မိမိ၏မိဘကိုပင် ကထိန်သင်္ကန်းလှူရန် ပြောပိုင်ခွင့်မရှိ။ အခြားဒကာ၊ ဒကာမများကိုလည်း တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ကထိန်သင်္ကန်းကို အလှူခံခွင့်မရှိ။ မိုးပေါ်က ကျလာသလို အလှူရှင်တို့၏ စေတနာ၊ သဒ္ဓါတရားသက်သက်ဖြင့် ပေါ်ပေါက်လှူဒါန်းသော သင်္ကန်းဖြင့်သာ ကထိန်ခင်းခွင့်ရှိသည်။ တစ်လအတွင်း မိမိနှစ်သက်သောရက်ကို ရွေးချယ်၍ ကျောင်းတိုက်ရှိ သံဃာတော်များကို ကထိန်သင်္ကန်းလှူဒါန်းနိုင်သည်။ လှူဒါန်းသောအခါ ဆရာရဟန်းစသော ပုဂ္ဂိုလ်တစ်ပါးပါးကို မရည်စူးဘဲ သံဃာကိုရည်စူး၍ လှူဒါန်းရသည်။ “ဤကထိန်သင်္ကန်းကို သံဃာအားပေးလှူ ပါ၏” ဟုလည်း နှုတ်မှမြွက်ဆိုလှူဒါန်းရမည် ဖြစ်သည်။

 

ကထိန်သင်္ကန်းကို အလှူခံသော သံဃာအဖွဲ့ကလည်း သင်္ကန်းရရှိသော နေ့မှာပင် နေ့ချင်းကထိန်ခင်းရသည်။ ယနေ့ကထိန်သင်္ကန်းကို အလှူခံပြီး မနက်ဖြန်မှ ကထိန်ခင်းမည်ဟု ထားနိုင်ခွင့်မရှိ။ ကထိန်သင်္ကန်း အနေဖြင့် လှူဒါန်းသောအခါ နေ့ချင်းပြီးသင်္ကန်းအဖြစ် ဖြတ်ချုပ်ဆိုးရ၏။ ရဟန်းအားလုံးက ယနေ့အပြီး သင်္ကန်း ဖြစ်လာအောင် စုပေါင်းလုပ်ကိုင်ရသည်။ ယင်းသို့နေ့ချင်းပြီး သင်္ကန်းမျိုးနှင့်သာ ကထိန်ခင်း၍ရသည့်အတွက် ကထိန်လျာ သင်္ကန်းကို မသိုးသင်္ကန်းရက်၍လည်း လှူဒါန်းရသည်။

 

တချို့သော အသင်းအဖွဲ့များသည် ကထိန်ရက်တာအတွင်း ကထိန်ပွဲ အခမ်းအနား ကျင်းပရန် အချိန်ရက်အား မရသည့်အတွက် ကထိန်သင်္ကန်းကို ရည်ရွယ်ထားသော ကျောင်းတွင် ကထိန်ခင်းနိုင်ရန် ကြိုတင်လှူဒါန်း ထားကြသည်။ တစ်နည်းအားဖြင့် ကထိန်ခင်းထားကြသည်။ တန်ဆောင်မုန်းလပြည့်ကျော်လာပြီး အချိန်ရက် အားရသည့်တစ်နေ့တွင် လှူဖွယ်ဝတ္ထုများကို အခမ်းအနား ပြုလုပ်ကျင်းပပြီး သက်ဆိုင်ရာ ကျောင်းတွင် ပို့ဆောင်လှူဒါန်းကြသည့် အသင်းအဖွဲ့များရှိသည်။

 

မြတ်စွာဘုရားရှင် ခွင့်ပြုသောအချိန်မှစပြီး ဗုဒ္ဓသာသနာတော်တွင် ကထိန်ခင်းပွဲ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။ မျက်မှောက်ခေတ် ထေရဝါဒဗုဒ္ဓဘာသာကို လက်ခံယုံကြည်သောနိုင်ငံများတွင် ကထိန်ခင်းကြ၏။ မြန်မာနိုင်ငံ တွင် နှစ်စဉ်ကထိန်ခင်းပွဲတော် ကျင်းပမြဲဖြစ်လေသည်။

 

ကထိန်လျာခင်းပုံ

ကထိန်သင်္ကန်းကို လူပုဂ္ဂိုလ်သာမဟုတ်၊ မည်သည့်ပုဂ္ဂိုလ်မဆို လှူဒါန်းနိုင်ခြင်းဖြစ်သည်။ ရဟန်းသာမဏေ များပင် အခြားသောရဟန်းများကို ကထိန်သင်္ကန်းသော်လည်းကောင်း၊ ကထိန်ခင်းခြင်းဖြင့် ရဟန်းတို့နှင့်သာ သက်ဆိုင်သည့် ဝိနည်းသည်လည်းကောင်း သံဃာအား လှူဒါန်းလာသော ကထိန်သင်္ကန်းကို သံဃာအဖွဲ့က ကထိန်ခင်းပြီးလျှင် သင်္ကန်းရှားပါးသောရဟန်းကို ရွေးချယ်ဦးစားပေးအပ်ရသည်။ ထိုသို့ ရွေးချယ်ပြီးသောအခါ သိမ်တွင်းသို့ အနည်းဆုံး ငါးပါးပါဝင်သော သံဃာအဖွဲ့နှင့် ကထိန်ခင်းမည့် ရဟန်းပါဝင် ရောက်ပြီး ကမ္မဝါစာရွတ်ဖတ်ကာ ကထိန်သင်္ကန်းကို ပေးအပ်ရခြင်း ဖြစ်သည်။

 

ကထိန်ခင်းမည့်သင်္ကန်းမှာ သင်းပိုင်၊ ဧကသီ၊ နှစ်ထပ်သင်္ကန်းဟူသော သင်္ကန်းသုံးမျိုးအနက် တစ်မျိုးမျိုးဖြင့် ခင်းကြရသည်။ ထိုသင်္ကန်းကိုကျောင်းတိုက်အတွင်းရှိ သံဃာများရှေ့မှောက်တွင် “ဤသင်္ကန်းဖြင့် ကထိန်ခင်းပါမည်” ဟုကြေညာရသည်။ သံဃာအဖွဲ့ဝင်များကလည်း “ဤဝိနည်းကံနှင့် လျော်ညီစွာ ကထိန်လျာခင်းမှုကို ဝမ်းမြောက်စွာ သာဓုခေါ်ပါသည်” ဟု အနုမောဒနာပြုရသည်။

 

ကထိန်လျာခင်းသူရရှိသော အကျိုးတရား

၁။ သွားလေရာအရပ်တို့၌ အနှောင့်အယှက်မရှိ ဘေးကင်းစွာသွားရခြင်း။
၂။ မိမိပိုင်ပစ္စည်းများကို ရန်သူတို့မဖျက်ဆီးနိုင်ခြင်း။
၃။ စားကောင်းသောက်ဖွယ် အထူးပေါများ၍ အစားအစာအတွက် ဘေးမဖြစ်နိုင်၊ အဆိပ်မသင့်နိုင်ခြင်း။
၄။ မိမိပိုင်ပစ္စည်းများကို ကာလကြာမြင့်စွာ မေ့လျော့နေသော်လည်း မဆုံးပါးနိုင်ခြင်း။
၅။ ပစ္စည်းရှာရာတွင် အများထက်ထူးခြားသော ထီပေါက်သကဲ့သို့ အစုလိုက် အပုံလိုက်ရခြင်း။
၆။ ဥမ္မာဒန္တီမင်းသမီးကဲ့သို့ ချောမောလှပခြင်း။

 

မသိုးသင်္ကန်း

မသိုးသင်္ကန်းဆိုသည်မှာ ကထိန်သင်္ကန်း၏ နာမည်တစ်မျိုးပင် ဖြစ်သည်။ ကထိန်သင်္ကန်း ရက်လုပ်ကြပုံမှာ တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့ နေဝင်သည်နှင့်တစ်ပြိုင်နက် လူအများကို ဖိတ်ကြားပြီး ဝါစေ့ကို စတိသဘော ကြဲပက်ကြရ၏။ ထို့နောက် ဝါကိုကောက်ပြီး ဝါဖန်ကြရသည်။ ဝါကြိတ်ကြရ၏။ရသောဝါဂွမ်းကို ဝါဖတ်ကြရသည်။ ဂွမ်းဖတ်ကို ဗိုင်းတောင့်လိပ်ကြရသည်။ဗိုင်းတောင့်ကို ချည်ငင်ကြရသည်။ ချည်ခင်ကို ယောက်ကြ၏။ ယောက်ပြီးချည်ခင်ကို ချည်ဆိုးအစာတင်ပြီးလျှင် မီးတွင်လှန်းကြသည်။ သွေ့ခြောက်သော ချည်ကို ရက်ဖောက်ကြပြီး ရက်ကန်းစင်သို့တင်ကာ အရုဏ်မတင်မီ သင်္ကန်းအဖြစ်ရောက်အောင် တပျော်တပါး စုပေါင်းအင်အားဖြင့် ရက်လုပ်ကြသည်။ မသိုး သင်္ကန်းရက်လှူပွဲသည် ပျော်ပျော်ရွှင်ရွှင် ဖြစ်စေသော ဓလေ့ဖြစ်၍ မြန်မာတို့၏ ပင်ကိုစိတ်၌ ထက်သန်သည့် ကုသိုလ်စေတနာကို ယှဉ်တွဲပေါင်းစပ်လိုက်သည်။ ဗုဒ္ဓယဉ်ကျေးမှု ပွဲတော်ကြီးတစ်ရပ်ပင် ဖြစ်လာနေပေတော့သည်။

 

ပံ့သကူသင်္ကန်း 

ပံ့သကူသင်္ကန်းသည် လူစုလူဝေးဖြင့် ထင်ထင်ရှားရှား ကျင်းပသော ပွဲမျိုးမဟုတ်။ လူအများကွယ်ရာတွင် သင်္ကန်းစသော သံဃာ့အသုံးအဆောင် ပစ္စည်းများကို တိတ်တဆိတ် စွန့်ပစ်လှူဒါန်းကြသောပွဲ ဖြစ်သည်။ ဗုဒ္ဓဘာသာ၏ ကျင့်စဉ်ဓမ္မများဖြစ်သော ဓူတင် ၁၃ ပါးတွင် တစ်ပါးအပါအဝင်ဖြစ်သော ပံ့သကူဓူတင်ကို အကြောင်းပြုပြီး ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

 

ပံ့သကူဓူတင် အကျင့်ဆိုသည်မှာ ဒကာ၊ ဒကာမများက တိုက်ရိုက်လှူဒါန်းသော သင်္ကန်းကိုပယ်ပြီး အမှိုက်ပုံ စသောလူတကာ စွန့်ပစ်ထားသော အဝတ်များကို ကောက်ယူစုဆောင်း၍ ချုပ်စပ်သည့်  သင်္ကန်းကိုသာ ဝတ်ရုံခြင်းဖြစ်၏။ ပံ့သကူဟူ၍ မြန်မာလူမျိုးတို့ ခေါ်ဝေါ်ကြသည်။ ယင်းပံ့သကူကို ပင့်သကူဟုလည်းကောင်း၊ ပင့်တကူဟု လည်းကောင်း ပြောဆိုရေးသားကြသည်။ ပံသူ= မြေမှုန့်ပမာ+ကု =စက်ဆုပ်ရွံရှာဖွယ် အဖြစ်သို့+ကုလ ရောက်သည့် အဝတ်အပိုင်းဖြစ်ကြောင်း တစ်နည်းအားဖြင့် မှတ်သားရသည်။

 

ပံ့သကူအလှူဒါနသည် အယုတ်အမြတ်အလိုက် ထိုက်သင့်သော အကျိုးတရားများကို ရရှိသည်။ အချုပ်အားဖြင့် ဘဝတိုင်း၊ ဘဝတိုင်းတို့၌ ဉာဏ်ပညာကြီးခြင်း၊ ဘုန်းတန်ခိုးကြီးခြင်း၊ ခွန်အားကြီးခြင်း၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း စသော အကျိုးတရားများအပြင် ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်း၊ သိကြားမင်း စသော လောကီစည်းစိမ်အမျိုးမျိုးတို့ကို အကြိမ်ပေါင်းများစွာ ခံစားစံစားရ၍ နောက်ဆုံးဘဝတွင် ဧဟိဘိက္ခု ရဟန္တာဖြစ်နိုင်ကြောင်း မြတ်ဘုရားရှင် ဟောကြားတော်မူခဲ့လေသတည်း။     ။

Share this on Social Media