မန္တလေးစက်မှုဇုံ တွင် JICA မှချေးငွေရယူနိုင်သည့် နည်းလမ်းများလာရောက် ရှင်းလင်း

မန္တလေး ၈ နိုဝင်ဘာ

 

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ(JICA)မှ မန္တလေး စက်မှုဇုံရှိ လုပ်ငန်းများ ထံလာ ရောက်၍ SME ချေးငွေရယူနိုင်သည့် နည်းလမ်းများနှင့်ပတ်သက်၍ ရှင်းလင်းကြောင်း မန္တလေးစက်မှု ဇုံစီမံခန့်ခွဲရေးကော်မတီမှ သိရသည်။

 

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA )၏ Two- Step -Loan JICA  နှစ်ဆင့် ချေးငွေအဖြစ် SME လုပ်ငန်းများကို ငွေကျပ်ဘီလီယံ ၁၅၀ ချထားပေးမည်ဖြစ်ပြီး ချေးငွေပုံစံများကို မည်ကဲ့ သို့လျှောက်ထားရမည်ကို နိုဝင်ဘာ၈ရက် နံနက်၉နာရီခွဲတွင်စက်မှုဇုန်ရှိ ကနောင်ခန်းမ၌ ရှင်းလင်းပွဲပြုလုပ် သွားကြောင်း သိရသည်။

 

"ချေးငွေမှာဘဏ်တိုးက JICA က ချပေး တာက ၀ ဒသမ ဝ၁ ရာခိုင်နှုန်းနဲ့ ချပေးတာ ဗဟိုဘဏ်ကနေ ပုဂ္ဂလိကဘဏ်တွေကို ခွဲပေးတော့ ဘဏ်တိုးက ၈ ဒသမ၅ ရာခိုင်နှုန်း ဖြစ်သွားတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ အတိုးကဒီလောက်မများဘူး။ ချေးငွေနဲ့ လုပ်ငန်းလုပ်ကိုင်တဲ့အခါ အိမ်နီးချင်းနိုင်ငံ တွေနဲ့ယှဉ်လိုက်ရင် ကျွန်တော်တို့ကရှုံးနေပြီ။ ပြီးတော့ချေးငွေကာလက နည်းတဲ့အပြင် အတိုးရောအရင်းပါ ပြန်ဆပ်ရတယ်။" ဟု အဆိုပါ ကော်မတီအတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောသည်။ 

 

၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်တွင် JICA မှ ပြည်တွင်းSME လုပ်ငန်းများကို ဂျပန်ယမ်း ၁၁ ဒသမ ၅ (မြန်မာငွေကျပ် ၁၅၁ ဒသမ ၆၈၅ ဘီလီယံ) ခန့်ကို ချေးငွေထုတ် ချေးပေးသွားမည်ဖြစ်သည် ။အဆိုပါချေးငွေများကို မြန်မာနိုင်ငံသားများဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ သမဝါယမဘဏ်၊ ဧရာဝတီဘဏ်၊ ပထမ ပုဂ္ဂလိကဘဏ်နှင့် ယူနိုက်တက်အမရဘဏ်တို့မှ တစ်ဆင့် နေပြည်တော်ကောင်စီ အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အသေးစားနှင့် အလတ်စား SME လုပ်ငန်းများကို ချေးငွေများ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မှ စက်တင်ဘာ ၅ရက်က ကြေညာခဲ့ကြောင်း သိရသည်။

 

သူရိန်လင်း
ဓါတ်ပုံ- JICA

Share this on Social Media