မြန်မာ့လက်ရွေးစင်အသင်း ဆူဇူကီးဖလားပြိုင်ပွဲအတွက် မန္တလေးမြို့၌ လေ့ကျင့်

မန္တလေး ၈ နိုဝင်ဘာ

 

မန္တလေးမြို့၌ နိုဝင်ဘာ ၁၂ ရက်တွင် ယှဉ်ပြိုင်ကစားရမည့် ၂၀၁၈ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုပွဲဖြစ်သည့် ကမ္ဘောဒီးယားအသင်းနှင့် အိမ်ကွင်းပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းသည် ယနေ့ ညနေပိုင်းမှစ၍ မန္တလေးမြို့၌ လေ့ကျင့်လျက်ရှိကြောင်း သိရသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ကာတာခြေစမ်းခရီးစဉ်မှ နိုဝင်ဘာ ၅ ရက်တွင် ပြန်လည်ရောက်ရှိခဲ့ပြီး နိုဝင်ဘာ ၆၊ ၇ ရက်တွင် လေ့ကျင့်မှုရပ်နားခဲ့ကာ နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မန္တလေးမြို့သို့ ထွက်ခွာခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းနည်းပြချုပ် အန်တွမ်နီဟေးသည် ကာတာခြေစမ်းခရီးစဉ်အပြီးတွင် ဒဏ်ရာရကစားသမားများအား လျှော့ချခဲ့ပြီး ပေါင်ကြွက်သားဒဏ်ရာရထားသည့် ထိုက်ထိုက်အောင်နှင့် ဒူးဒဏ်ရာရထားသည့် မျိုးကိုထွန်းတို့ကို ကလပ်အသင်းသို့ ပြန်လည်စေလွှတ်ခဲ့သည်။ ထို့ကြောင့် မြန်မာ့လက်ရွေးစင်အသင်းတွင် ကစားသမား ၂၅ ဦးသာ ကျန်ရှိတော့ပြီး အပြီးသတ်ကစားသမား ၂၃ ဦးကို ကမ္ဘောဒီးယားအသင်းနှင့် ပွဲမတိုင်မီ ရက်ပိုင်းအလိုမှသာ ရွေးချယ်မည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းတွင် နည်းပြချုပ်- အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ- ကာလက်၊ ဦးစိုးမြတ်မင်း၊ ဂိုး နည်းပြ-ကာစတန်၊ အတွင်းရေးမှူး-ဦးမိုးဝေအောင်၊ ဂိုး - ကျော်ဇင်ထက်၊ ဆန်းဆက်နိုင်(ရန်ကုန်)၊ ဘုန်းသစ္စာမင်း (ရှမ်း)၊ နောက်တန်း - သိန်းသန်းဝင်း(ရတနာပုံ)၊  ဒေးဗစ်ဒန်း (ရှမ်း)၊ နန္ဒကျော်၊ ဝင်းမိုးကျော် (မကွေး)၊ စိုးမိုးကျော် (အား/ကာသိပ္ပံ)၊  ပြည့်ဖြိုးဇော်(ရန်ကုန်)၊ အလယ်တန်း - လှိုင်းဘိုဘို၊ စည်သူအောင်၊ ရဲကိုဦး၊ ရဲရင့်အောင်၊  မြတ်ကောင်းခန့်(ရတနာပုံ)၊ သန်းထက်အောင် (ဇွဲကပင်)၊ ထက်ဖြိုးဝေ၊ ရန်နိုင်ဦး (ရှမ်း)၊ လွင်မိုးအောင်(အား/ကာသိပ္ပ)၊ မောင်မောင်စိုး(မကွေး)၊ မောင်မောင်လွင် (ရန်ကုန်)၊ ရှေ့တန်း- အောင်သူ (Police Tero)၊ ကောင်းဆက်နိုင် (ဆာမတ်ဆာခွန်)၊ ဇင်မင်းထွန်း(ရှမ်း)နှင့်  အီစိုး(ရန်ကုန်)တို့ ပါဝင်ကြသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲအတွက် စက်တင်ဘာ ၂၈ ရက်တွင် ခြေစမ်းပွဲ စတင်ယှဉ်ပြိုင်ကစားခဲ့ပြီး နိုင်ငံတကာခြေစမ်းပွဲခြောက်ပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ လေးပွဲရှုံးနိမ့်ထားသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် အင်ဒိုနီးရှား၊ ဘိုလစ်ဗီးယား၊ ဘာရိန်း လက်ရွေးစင်အသင်းတို့နှင့် ခြေစမ်းကစားခဲ့ပြီး ကာတာခြေစမ်းခရီးစဉ်တွင် ကာတာကလပ် အယ်လ်ဒူဟေးလ် အသင်းနှင့် တစ်ပွဲ၊ ကာတာတပ်မတော်လက်ရွေးစင်အသင်းနှင့် နှစ်ပွဲယှဉ်ပြိုင်ကစားခဲ့သည်။

 

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် အသင်း ၁၀ သင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စု (က) တွင် ဗီယက်နမ်၊ မလေးရှား၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ အုပ်စု (ခ) တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမောအသင်းတို့ ပါဝင်နေသည်။ အုပ်စုပွဲများကို နိုဝင်ဘာ ၈ ရက်(ယနေ့)တွင် စတင်ကျင်းပနေပြီဖြစ်ပြီး မြန်မာအသင်းမှာမူ ပထမပွဲအဖြစ် နိုဝင်ဘာ ၁၂ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ 

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်

   

Share this on Social Media