ဒုတိယဝန်ကြီး ဦးအောင်ထူး တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ကုန်စည်ပြပွဲ တက်ရောက်

နေပြည်တော် ၈ နိုဝင်ဘာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ကုန်စည်ပြပွဲ China International Import Expo (CIIE) သို့ တက်ရောက်သည်။

ဒုတိယဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၄ ရက် ညပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် တည်ခင်းဧည့်ခံသော ဂုဏ်ပြုညစာ စားပွဲသို့ တက်ရောက်ပြီး နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းတွင် National Exhibition and Convention Centre (Shanghai) ၌ ကျင်းပသော တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ မိတ်ဖက်နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း (၁၂၀) ကျော်မှ အစိုးရကိုယ်စားလှယ်များနှင့်အတူ တက်ရောက်သည်။

မြန်မာကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ကုန်စည်ပြပွဲတွင် မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ခင်းကျင်းပြသထားသည့် အမျိုးသားပြခန်းဆောင်၊ မြန်မာနိုင်ငံမှ လာရောက်ပြသသည့် ကျောက်မျက်ရတနာပြခန်း၊ စားသောက်ကုန်ပြခန်းနှင့် ခရီးသွားလာရေး ကုမ္ပဏီပြခန်းများကို သွားရောက်ကြည့်ရှု အားပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ယူနန်ပြည်နယ်အစိုးရမှ ကျင်းပသည့် တရုတ် - တောင်အာရှ ကုန်စည်ပြပွဲ ရှေရှည်တည်တံ့ရေး ဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်း ပြောကြားသည်။

တရုတ်အပြည်ပြည်ဆိုင်ရာ သွင်းကုန်ကုန်စည်ပြပွဲကို တရုတ်နှင့် ကမ္ဘာ့နိုင်ငံများအကြား ကုန်သွယ်ရေး မညီမျှမှုအား မျှတမှုရှိလာစေရန်နှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာမှကုမ္ပဏီ ၃၅၀၀ ကျော်နှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီ (၂၆)ခု ပါဝင်ပြသကြောင်း သိရှိရသည်။

(သတင်းစဉ်)

Share this on Social Media