ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးပွဲနှင့် မီဒီယာအသိပေးပြောကြားခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ၈ နိုဝင်ဘာ    

 

ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း မူဘောင်သဘောတူညီချက် (Framework Agreement) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့က အဖွင့်အမှာစကား ပြောကြားကြပြီး CITIC Group ဥက္ကဋ္ဌ Mr. Chang Zhenming နှင့် ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်တို့က ကျေးဇူးတင်စကားများ ပြောကြားကြသည်။

 

ထို့နောက် ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဆက်အောင်နှင့် CITIC Group ဥက္ကဋ္ဌ Mr. Chang Zhenming တို့သည် မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်တို့ရှေ့မှောက်တွင် ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်း မူဘောင်သဘောတူညီချက်ကို လက်မှတ်ရေးထိုး၍ အပြန်အလှန်လဲလှယ်ကြသည်။

 

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့မှ ပြည်ထောင်စုဝန်ကြီးများ၊  ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ဗဟိုလုပ်ငန်းအဖွဲ့မှ ဒုတိယဝန်ကြီးများ၊ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ပူးတွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ CITIC Group ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် CITIC Group မှ တာဝန်ရှိ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များ၊ မြန်မာကျောက်ဖြူ အထူးစီးပွားရေးဇုန် ဟိုးလ်ဒင်း အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများစုပေါင်း၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

ဆက်လက်၍ ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဆက်အောင်၊ CITIC Consortium ကိုယ်စားလှယ် CITIC Group (Myanmar) Co.,Ltd ၏ Managing Director Mr Yuan Shaobin နှင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုးတို့ ဦးဆောင်၍ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအား ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်းမူဘောင် သဘောတူညီချက် (Framework Agreement) လက်မှတ်ရေးထိုးခြင်းနှင့်စပ်လျဉ်း၍ အသိပေးပြောကြားခြင်း အစီအစဉ်ကို ကျင်းပပြီး ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်းဖြေကြားကြသည်။

 

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အကြိုလေ့လာဆန်းစစ်ခြင်းကို ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်ထိ ကွင်းဆင်းဆောင်ရွက်၍လည်းကောင်း၊ အကြံပေးကုမ္ပဏီ ရွေးချယ်ခြင်းကိုလည်း ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာ တင်ဒါခေါ်ယူ ရွေးချယ်၍ လည်းကောင်း၊ ရင်းနှီးတည်ဆောက်မည့်သူအား ၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာ တင်ဒါခေါ်ယူ၍ ရွေးချယ်ခဲ့ရာ (CITIC) ကုမ္ပဏီအုပ်စုကို ရေနက်ဆိပ်ကမ်းနှင့် စက်မှုဥယျာဉ် စီမံကိန်းများအတွက် တင်ဒါအောင်မြင်ကြောင်း (၃၀-၁၂-၂၀၁၅) ရက်နေ့တွင် ကြေညာခဲ့ပြီး နိုင်ငံတကာ သတ်မှတ်ချက်နှင့်အညီ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မူဘောင်သဘောတူညီချက်ကို နှစ်ဖက်သဘောတူ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရှိရသည်။

 

အဆိုပါ စီမံကိန်းကြောင့် ရခိုင်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်၊ လမ်းပန်းဆက်သွယ်မှုနှင့် ကုန်ထုတ်လုပ်မှု တိုးတက်ရေးတို့ အထောက်အကူပြုနိုင်မည့် အထူးစီးပွားရေးဇုန်အဖြစ် တည်ဆောက်သွားမည်ဖြစ်သည်။

 

အခမ်းအနားသို့ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ၊ မြန်မာကျောက်ဖြူအထူးစီးပွားရေးဇုန် ဟိုးလ်ဒင်းအများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ ကိုယ်စားလှယ်များ၊ ဥပဒေအကြံပေးများ၊ ဖိတ်ကြားထားသူများ၊ ပြည်တွင်း ပြည်ပသတင်း မီဒီယာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)

 

Share this on Social Media