မန္တလေးမှ ဓာတ်ပုံဆရာများ၏ “ကျွန်တော်တို့ဗဟုရပ်ဝန်းမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုများကို ပုံရိပ်စစ်ဖြင့် တင်ဆက်ပြသခြင်း” ဓာတ်ပုံပြပွဲ ရန်ကုန်တွင်ပြသ

ရန်ကုန် ၈ နိုဝင်ဘာ 

 

မန္တလေးမှ လူငယ်ဓာတ်ပုံဆရာများဖြစ်သည့် ညီသစ်၊ ဘိုဘိုနှင့် ညီမျိုးဆက်တို့၏ “ကျွန်တော်တို့ဗဟုရပ်ဝန်းမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုများကို ပုံရိပ်စစ်ဖြင့် တင်ဆက်ပြသခြင်း” အမည်ဖြင့် ဓာတ်ပုံပြပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့၊ ကုန်သည်လမ်း၊ ၂၉ လမ်းနှင့် လမ်း ၃၀ အကြားရှိ Royal River View ကွန်ဒိုတွင် ပြုလုပ်ခဲ့သည်။ 

 

ဓာတ်ပုံပြပွဲတွင် မတူညီသော ကိုးကွယ်မှုများဖြစ်သည့် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာနှင့် နတ်ကိုးကွယ်မှုတို့၏ မတူညီသည့် ဓလေ့များမြင်ကွင်းပုံပေါင်း ၃၁ ပုံနှင့် Photo Essay နှစ်ပုဒ်ကို ပြသထားသည်။ 

 

အဆိုပါပြပွဲကို စီစဉ်သူ ဦးညီကျော်က “ကျွန်တော်တို့မှာ အဖွဲ့လေးတစ်ဖွဲ့ရှိပါတယ်။ “မေတ္တာကမ့်ပိန်း” လို့ခေါ်ပါတယ်။ ကျွန်တော်တို့က ဘာသာတွေမှာ တူညီမှုရှိနေတဲ့ မေတ္တာဆိုတဲ့ အရာကို ဖော်ထုတ်ကြတာပါ။ ကျွန်တော်တို့က အနီးအနားမှာရှိနေတဲ့ မတူကွဲပြားမှုတွေမှာ ရှိနေတဲ့ လူတွေရဲ့ တူညီမှုကို ဖော်ထုတ်ပြီး ချပြချင်တယ်။ ဒီရည်ရွယ်ချက်နဲ့ အခုအစီအစဉ်ကို လုပ်ဖြစ်ပါတယ်။ လုပ်တဲ့အခါမှာ လူကြီးတွေက အစွဲရှိမှာစိုးတဲ့အတွက် လူငယ်လေးတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ လူငယ်တွေက သူတို့ပတ်ဝန်းမှာ ရှိနေတဲ့ သူတို့ရဲ့ တွေ့ရှိချက်ကို မှတ်တမ်းတင်တဲ့ သဘောပဲ။ ဒါဟာ ကျွန်တော်တို့ ပထမဆုံးခြေလှမ်းပါ။ ဆက်ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်သွားဖို့ရှိပါတယ်။ နောက်ပိုင်းမှာ ကာယကံရှင်တွေရဲ့ အသံတွေ၊ ပြောကြားချက်တွေ ပါနေအောင်ပါ စုစည်းနိုင်အောင် ဆက်ပြီးကြိုးစားသွားကြမှာပါ” ဟုပြောသည်။ 

 

ဓာတ်ပုံပြပွဲကို နိုဝင်ဘာ ၉ ရက်အထိ ပြသွားမည်ဖြစ်ပြီး ပြသမည့်အချိန်မှာ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်သည်။

 

ကိုညီသစ်က “ပထမရိုက်ဖို့ စိတ်ကူးရတာက မတူညီတဲ့ဓလေ့တွေ ရိုက်ဖို့ပေါ့။ ဒါကြောင့် မတူညီတဲ့ ဓလေ့တွေ ရှာတယ်။ ကျွန်တော်ရိုက်တဲ့ ခံစားချက်ကတော့ ငြိမ်းချမ်းရေးအတွက်ပဲ ရည်ရွယ်တာပါ။ မန္တလေးမှာလည်း လုပ်ခဲ့တယ်။ မတူညီတဲ့ ဘာသာတရားနဲ့ မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို ရိုက်တဲ့အခါ ဥပမာ-အဂ္ဂိရတ်လို Photo  Essay ဆိုရင် မတူညီတဲ့ ဘာသာတရားနှစ်ခု ဖြစ်နေပေမယ့် တူညီတဲ့ဝါသနာတစ်ခု ရှိနေတဲ့အတွက် တူညီတဲ့ နှလုံးသားရှိနေတာကို တွေ့လိုက်ရတယ်။ အဲဒါကို မြင်ရတယ်။ အဲဒီလိုခံစားရတယ်။ ဗုဒ္ဓဘာသာဖြစ်တဲ့ ဘုန်းတော်ကြီးဆိုရင် သူ့ရဲ့ ဗုဒ္ဓဘာသာအလုပ် လုပ်တယ်။ တဖက်ကလည်း အစ္စလာမ်ဘာသာဝင်ကလည်း သူ့ဘာသာအလုပ်ကို သူလုပ်တယ်။ ဒါပေမဲ့ အဂ္ဂိရတ် ထိုးတယ်ဆိုတာ သူတို့ဝါသနာတူတဲ့ အလုပ်ဖြစ်နေတော့ ရင်ဘတ်က အတူတူဖြစ်သွားတယ်။ ငြိမ်းချမ်းသွားတယ်” ဟုပြောသည်။ 

 

“ကျွန်တော်တို့ဗဟုရပ်ဝန်းမှ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုများကို ပုံရိပ်စစ်ဖြင့် တင်ဆက်ပြသခြင်း”သည် မန္တလေးမြို့တစ်ဝိုက်နှင့် ပြင်ဦးလွင်မြို့များရှိ မတူညီသည့် ဘာသာတရားကိုးကွယ်သူများ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ပုံများကို ပြသထားခြင်း ဖြစ်သည်။ 

 

သတင်း…ရဲခေါင်ညွန့်၊ ဓာတ်ပုံ..ဖိုးထောင်

 

Share this on Social Media