ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်

နေပြည်တော် ၈ နိုဝင်ဘာ

 

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ ည ၇ နာရီတွင် ထူးခြားမိုးလေဝသ အခြေအနေသတင်းကို ထုတ်ပြန်ရာ ည ၆ နာရီခွဲ တိုင်းထွာချက်များအရ ထိုင်းပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး ထိုင်းပင်လယ်ကွေ့နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော မလေးကျွန်းဆွယ်တွင် ဆက်လက်တည်ရှိနေသည်။ 

 

အဆိုပါ လေဖိအားနည်းရပ်ဝန်း (Low Pressure Area) သည် နောက် (၂၄)နာရီအတွင်း ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းသို့ ရောက်ရှိနိုင်ကာ အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး နောက်(၄၈)နာရီအတွင်း ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

 

အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့ညနေမှ နောက်(၄၈)နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာနိုင်သည်။ 

 

မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၆)ပေမှ (၉)ပေခန့် ရှိနိုင်သည်။

 

MDN

Share this on Social Media