အိုလံပစ်ခြေစစ်ပွဲတွင် မြန်မာအမျိုးသမီးအသင်း ဂိုးပြတ်အနိုင်ရ

၈ နိုဝင်ဘာ

 

၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ပထမအဆင့်ခြေစစ်ပွဲ အုပ်စု (ဂ) ပထမနေ့ကို ယနေ့ညနေပိုင်းက သုဝဏ္ဏကွင်း၌ စတင်ကျင်းပရာ အိမ်ရှင်မြန်မာအမျိုးသမီးအသင်းသည် ဘင်္ဂလားဒေ့ရှ်အသင်းနှင့် စတင်ယှဉ်ပြိုင်ကစားခဲ့ပြီး ငါးဂိုးပြတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

 

အိမ်ရှင်မြန်မာအသင်းသည် အဖွင့်ပွဲဖြစ်သောကြောင့် ပုံစံကောင်းရရန် ရုန်းကန်ခဲ့ရသော်လည်း အမှားအယွင်း မရှိ ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့သည်။ အခြားပွဲတွင် အိန္ဒိယနှင့် နီပေါအသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သောကြောင့် မြန်မာအသင်းသည် ဒုတိယပွဲတွင် အနိုင်ရပါက ခြေစစ်ပွဲအောင်မြင်ရန် သေချာသလောက် ရှိသွားမည်ဖြစ်သည်။ 

 

လူငယ်ကစားသမားအများစုဖြင့် သွေးသစ်လောင်းထားသည့် မြန်မာအမျိုးသမီးအသင်း၏ ပွဲထွက်လူစာရင်းတွင် စီနီယာကစားသမားများနှင့် လူငယ်ကစားသမားများကို တွဲဖက်အသုံးပြုခဲ့သည်။ ဘင်္ဂလားဒေ့ရှ်အသင်းမှာလည်း ယခင်ကထက် ခြေစွမ်းရော ကစားပုံပါ သိသိသာသာ တိုးတက်လာသောကြောင့် မြန်မာအသင်းအနေဖြင့် နိုင်ပွဲရရန် ပုံမှန်ထက် အားပိုထုတ်ခဲ့ရသည်။ 

 

မြန်မာအသင်းသည် ပွဲစကတည်းက တိုက်စစ်ကစားသော်လည်း ဘင်္ဂလားဒေ့ရှ်အသင်း ကစားပုံကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရပြီး မိနစ် ၃၀ ကျော်မှသာ ဂိုးရခဲ့သည်။ မြန်မာအသင်းအတွက် ပထမဂိုးကို ၃၆ မိနစ်တွင် ထောင့်ကန်ဘောကို ခင်မိုးေ၀ တိုက်ရိုက်ကန်သွင်းရာ ဝင်းသိင်္ဂီထွန်းက ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးပေးလိုက်ရပြီးနောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်အသင်း ပြိုဆင်းသွားပြီး ၄၃ မိနစ်တွင် ဝင်းသိင်္ဂီထွန်းကပင် ဒုတိယဂိုးထပ်သွင်းခဲ့သည်။ 

 

ဒုတိယပိုင်းတွင် မြန်မာအသင်းက ကစားသမားများအပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြင့်ခဲ့ပြီး တတိယဂိုးကို မိနစ် ၆၀ တွင် ခင်မိုးဝေက သွင်းယူခဲ့သည်။ တတိယဂိုး ပေးလိုက်ရပြီးနောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်အသင်းသည် ခံစစ်သက်သက်ဖြစ်သွားပြီး မြန်မာအသင်း စိတ်ကြိုက်ကစားနိုင်ခဲ့သည်။ မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ၈၃ မိနစ်တွင် လဲ့လဲ့လှိုင်၊ ၈၉ မိနစ်တွင် ရီရီဦးတို့က သွင်းယူခဲ့သည်။  မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် နိုဝင်ဘာ ၁၁ ရက်တွင် နီပေါအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်    

Share this on Social Media