ငဖဲမြို့နယ်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ငဖဲ   ၁၃   နိုဝင်ဘာ 

မင်းဘူးခရိုင် ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ငဖဲမြို့နယ် ကျန်းမာရေးမှူးအသင်းနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်အသင်းတို့ ပူးပေါင်းဆောင်ရွက်သော ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို  နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက မာန်အောင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် ဇင်ပြွန်းကျေးရွာ ကျန်းမာရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဝန်ထမ်းများအဖွဲ့က ကျေးရွာတွင်းရှိ ယင်လုံအိမ်သာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ကွင်းဆင်းစစ်ဆေးပြီး နံနက် ၁၀ နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထင်ကျော်က သက်ရှည်ကျန်းမာစွာနေထိုင်နိုင်ရေး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဇင်ပြွန်းကျေးရွာ  ကျန်းမာရေးမှူး ဦးသက်နိုင်ဝင်းက ဆီးချို၊ သွေးတိုး၊ နှလုံးနှင့် ကင်ဆာ ရောဂါများ မဖြစ်ပွားစေရန် ကျန်းမာရေး အသိပညာပေးဟောပြောခြင်း၊ ငဖဲမြို့နယ် ကျန်းမာရေးမှူး ဒေါ်သန္တာစိုးက မျက်စိနှင့်ပတ်သက်၍ အတွင်းတိမ်၊ ရေတိမ်ရောဂါ ရှောင်ရန်၊ ဆောင်ရန်အချက်များကို ဟောပြောကာ  ကျေးရွာပြည်သူများမှ အထွေထွေရောဂါရှိသူများကို စမ်းသပ်ကုသပေးခဲ့သည်။

အဆိုပါ လုပ်ငန်းအား လစဉ်ပုံမှန် တစ်လလျှင်တစ်ရွာနှုန်း  ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရသည်။

(မြို့နယ် ပြန်/ဆက်) 

 

Share this on Social Media