လောကနန္ဒာကျောင်းတိုက်ဆရာတော်၏ မွေးနေ့အထိမ်းအမှတ် မျက်စိအမြင်အာရုံ ချို့တဲ့သော ဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ကုသပေး

ညောင်ဦး  ၁၆  နိုဝင်ဘာ   
 
 
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့ လောကနန္ဒာ ပရိယတ္တိစာသင်တိုက်ကျောင်းမှ ဆရာတော် အရှင်မေဃိယ၏ (၄၃)နှစ်ပြည့် ဝိဇာတ မွေးနေ့အထိမ်းအမှတ် နိုဝင်ဘာ ၁၄ ရက် နံနက်က လောကနန္ဒာ ပရိယတ္တိစာသင်တိုက်ကျောင်းဆောင်တွင် ယာယီဆေးခန်းဖွင့်လှစ်ပြီး ညောင်ဦးမြို့နယ်အတွင်းရှိ မျက်စိအမြင်အာရုံ ချို့တဲ့နေသည့် ဒေသခံပြည်သူများအား မျက်စိအမြင်အာရုံ ပြန်လည်ကောင်းမွန်ရေးအတွက် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက်၊ မြန်မာ - အမေရိကန် ဆေးပညာရှင်များအသင်း(BAMA)မှ ဒေါက်တာကျော်မိုး ဦးဆောင်သော အထွေထွေနှင့် ကလေးအထူးကုသမားတော်ကြီးများအဖွဲ့မှ ဆေးဝါးများဖြင့် အခမဲ့ စမ်းသပ်ကုသမှုများ ဆောင်ရွက်ပေးနေ ကြောင်း ပုဂံညောင်ဦးမြို့ပေါ်ရှိ ဒေသခံပြည်သူများထံမှ သိရသည်။ 
 
 
ထိုသို့ မျက်စိအမြင်အာရုံချို့တဲ့သူများအား အခမဲ့ ကုသပေးရာသို့ ပုဂံညောင်ဦးမြို့ပေါ်ရှိ ဒေသခံပြည်သူများနှင့် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ စုစုပေါင်း ၉၀ဝ ခန့် လာရောက်ပြသခဲ့ကြောင်း သိရပြီး၊ အဆိုပါ လာရောက်ပြသသည့် မျက်စိရောဂါဝေဒနာရှင်များအား အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက်၊ မြန်မာ - အမေရိကန် ဆေးပညာရှင်များအသင်း(BAMA)မှ ဒေါက်တာ ကျော်မိုး ဦးဆောင်၍အထွေထွေနှင့် ကလေးအထူးကု သမားတော်ကြီးများ အဖွဲ့က မျက်စိစမ်းသပ်ကိရိယာများဖြင့် စမ်းသပ်စစ်ဆေးပြီး ဆေးဝါးများဖြင့် အခမဲ့ကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ မျက်စိကုသပေးရာတွင် လိုအပ်သည့်အခက်အခဲများကို ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးမှ ဆရာ၊ ဆရာများက ပံ့ပိုးကူညီဆောင်ရွက်ပေးနေကြောင်းနှင့် မျက်စိကုသရန်အတွက် သွားရေးလာရေးအခက်အခဲရှိသော သက်ကြီးရွယ်အို အဘိုးအဘွားများနှင့် နာမကျန်း ဝေဒနာရှင် ပြည်သူများကို သွားလာမှုအဆင်ပြေစေရေးအတွက် ခရိုင်/ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ပုဂံညောင်ဦး မြို့ပေါ်ရှိ လူမှုကူညီရေး ပရဟိတအသင်းအဖွဲ့များက ကူညီဆောင်ရွက်ပေးနေကြောင်း သိရသည်။ 
 
 
အဆိုပါ အခမဲ့ မျက်စိစမ်းသပ်ကုသပေးခြင်းနှင့် စပ်လျဉ်း၍ မွေးနေ့ရှင် လောကနန္ဒာ ပရိယတ္တိစာသင်တိုက်ကျောင်းမှ ဆရာတော် အရှင် မေဃိယ က မိန့်ကြားရာတွင် “ ဦးဇင်းရဲ့ (၄၃)နှစ်ပြည့် ဝိဇာတ မွေးနေ့အထိမ်းအမှတ် ကျန်းမာရေးအလှူတော်ပွဲကို ထည့်သွင်းပြီး ကျင်းပတာဖြစ်ပါတယ်။ ပုဂံညောင်ဦးမြို့ပေါ်နှင့် ရပ်ဝေးရပ်နီး ကျေးရွာတွေက မျက်စိအမြင်အာရုံချို့တဲ့နေသော မျက်စိရောဂါ ဝေဒနာရှင်များကို မျက်စိအမြင်အာရုံ ပြန်လည်ကောင်းမွန်ဖို့ရန်အတွက် ရည်ရွယ်ပြီး ကျင်းပတာဖြစ်ပါတယ်။ မျက်စိကုသပေးတဲ့ ဆရာဝန်တွေအဖွဲ့ကတော့ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လိစ်မြို့အခြေစိုက် ၊ မြန်မာ - အမေရိကန် ဆေးပညာ ရှင်များအသင်း(BAMA)မှ ဒေါက်တာကျော်မိုး ဦးဆောင်၍ အထွေထွေနှင့် ကလေးအထူးကု သမားတော်ကြီးများအဖွဲ့က လာရောက်ကုသပေးတာဖြစ်ပါတယ်။ အခမဲ့ စမ်းသပ်ကုသပေးရာမှာလည်း နိုဝင်ဘာ ၁၄ ရက်နဲ့ ၁၅ ရက်နေ့ကိုတော့ မျက်စိစမ်းသပ်စစ်ဆေးမှုများကို ကုသဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ခွဲစိတ်ရန် လိုအပ်သည့် ဝေဒနာရှင် များရှိပါက နိုဝင်ဘာ ၁၆ ရက်နေ့နဲ့ ၁၇ ရက်နေ့မှာ ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးမှာ အခမဲ့ ခွဲစိတ်ကုသပေးသွားမှာ ဖြစ်ပါတယ်။ ဒီနေ့ မျက်စိလာပြတဲ့ ဝေဒနာရှင် ၉၀ဝ ခန့် လာရောက်ပြသပါတယ်။ လာရောက်ပြသတဲ့ လူနာတွေကိုလည်း ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ကျန်းမာရေး ဆရာ၊ ဆရာမတွေအဖွဲ့က လိုအပ်သမျှ ကူညီဆောင်ရွက်ပေးလို့ ဦးဇင်းအနေနဲ့ ဝမ်းသာပီတိ ဖြစ်ရပါတယ်။
 
 
ဒါ့အပြင် အထွေထွေနှင့် ကလေးအထူးကု သမားတော်ကြီးများအဖွဲ့ကလည်း နိုဝင်ဘာ ၂၀ ရက်နေ့နဲ့ ၂၁ ရက်နေ့တွေမှာ အထွေထွေရောဂါများကို အခမဲ့ကုသပေးခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ဟု မွေးနေ့ရှင် လောကနန္ဒာဆရာတော် အရှင် မေဃိယ က မိန့်ကြား၍ သိရသည်။ 
 
 
 ရဲဝင်းနိုင် (ညောင်ဦး)
 

Share this on Social Media