ဆွာချောင်းသဲသောင်ပြင်များတွင် တစ်ပိုင်တစ်နိုင် ကြက်သွန်နီစိုက်ပျိုးသူ များပြား

ရေတာရှည်   ၂၁  နိုဝင်ဘာ 

 

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်အတွင် အနောက်မှအရှေ့သို့ စီးဆင်း သည့် ဆွာချောင်းတစ်လျှောက် ရေနည်းပါးချိန်ဖြစ်သည့် ယခုအချိန်၌ သဲသောင်များ ဖြစ်ထွန်းလျက်ရှိရာ ချောင်းရိုးတစ်လျောက်နေ ဒေသခံများအနေဖြင့် တစ်ပိုင်တစ်နိုင် ကြက်သွန်နီများ စတင်စိုက်ပျိုးလျက်ရှိကြ သည်ကိုတွေ့ရှိရသည်။ 

 

မိုးစပါးရိတ်သိမ်းပြီးသည့် တောင်သူများသည်လည်းကောင်း၊ လယ်ယာလုပ်ကိုင်ခြင်း မရှိ ကြသည့် ဒေသခံများအနေဖြင့်လည်း မိမိတို့တတ်နိုင်သလောက် ကြက်သွန်နီမျိုးများ ဝယ်ယူ ပျိုးထောင်ကာ စိုက်ပျိုးကြခြင်း ဖြစ်သည်။

 

“အချိန်တွေ အလဟဿဖြစ်မယ့်အတူတူ တစ်ပိုင်တစ်နိုင် ကြက်သွန်နီစိုက်တော့ ကိုယ့်မိသားစုလည်း စားလို့ရတယ် ပိုလျှံရင် ဈေးမှာသွားရောင်းမယ်”ဟု  ဆွာမင်းလမ်းကျေးရွာအုပ်စု ရေနီးကျေးရွာနေ ကြက် သွန်နီစိုက်ပျိုးသူတစ်ဦးက ပြောသည်။ 

 

ကြက်သွန်နီစိုက်ပျိုးရာတွင် အပင်များ ရေလောင်းသည့်အခါ ချောင်းရေမှာ နီးကပ်စွာ ရှိနေသည့်အတွက် များစွာ အဆင်ပြေကြပြီး အများအပြား စိုက်ပျိုးကြသူများအနေ ဖြင့် ထွက်ရှိလာမည့် ကြက်သွန်နီကို တန်ခူးလဆန်းပိုင်း၌ ကျင်းပမည့် မယ်ဒက်ကယ် ဘုရား ပွဲတော်ကြီးတွင် သွားရောက်ရောင်းချလေ့ရှိကြကာ မိသားစုအတွက် အပိုဝင်ငွေ ရရှိနိုင်မည်ဖြစ်သည်။ 

 

ကိုလွင်(ဆွာ)

Share this on Social Media