မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်ကို သူ့နိုင်ငံပိုင် သတင်းစာက ချီးကျူး

ပြုံယမ်း ၁၂ ဇန်နဝါရီ

 

ရန်ဘက်နိုင်ငံတွေက နှစ်ပေါင်း ၁၀ဝ ကြာသည်အထိ အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ်ထားပေမယ့်လည်း အခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်နိုင်ခဲ့တယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားခဲ့ကြောင်း သတင်းဖော်ပြချက်တွေအရ သိရပါတယ်။ 

 

ကိုရီးယား နိုင်ငံအချင်းချင်း ဝန်ကြီးအဆင့် တွေ့ဆုံ ဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ခဲ့တာဟာ ကင်ရဲ့ ကြိုးစားအားထုတ်မှု ရလဒ်ပါပဲလို့လည်း နိုင်ငံပိုင် မီဒီယာက ချီးကျူးဂုဏ်ပြု ထားပါသေးတယ်။

 

ဒီနှစ်ပိုင်း အတွင်းမှာ ကင်ဟာ အစိုးရ သိပ္ပံအကယ်ဒမီကို သွားရောက်လေ့လာခဲ့ကြောင်း အာဏာရ ကိုရီးယား အလုပ်သမားပါတီ သတင်းစာ တစ်စောင်ဖြစ်တဲ့ Rodong Sinmun မှာ သောကြာနေ့က ဖော်ပြထားပါတယ်။ သိပ္ပံပညာရှင်တွေအတွက် ကင်က အထူးဆုကြေးငွေ တွေကိုလည်း ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။ သူတို့ဟာ ပစ္စည်းကိရိယာ မစုံလင်တာအပြင် အခက်အခဲ အမျိုးမျိုးကြားက ပြည်သူတွေရဲ့ ဘဝတိုးတက်မှုနဲ့ စီးပွားရေး တိုးတက်ဖို့ အကောင်းဆုံး စွမ်းဆောင်နေကြသူတွေလည်း ဖြစ်တယ်လို့ ပြောခဲ့ပါသေးတယ်။

 

သတင်းစာ ခေါင်းကြီးပိုင်းမှာ နျူကလီးယား စွမ်းအားဆိုတဲ့ နိုင်ငံရဲ့ ဂုဏ်သိက္ခာ ပုံရိပ်ဟာ  ကိုရီးယား ပြည်သူတွေကို ပေါင်းစည်းပေးဖို့အတွက် အကူအညီဖြစ်စေမှာပါလို့ ရေးသားထားပါတယ်။

 

(MDN)

 

ကိုးကား-အင်န်အိတ်ချ်ကေ

Share this on Social Media