မြန်မာ-ဂျပန် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲသတင်းစာရှင်းလင်း

နေပြည်တော် ၁၂ ဇန်နဝါရီ

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Taro KONO တို့သည်  ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌    နှစ်နိုင်ငံ  ပူးတွဲ သတင်းစာရှင်းလင်းပွဲ တစ်ရပ်  ပြုလုပ်ခဲ့သည်။

 

နှစ်နိုင်ငံ ပူးတွဲသတင်းစာရှင်းလင်းပွဲ၌  ဂျပန်နိုင်ငံခြားရေးဝန်ကြီးက နှုတ်ခွန်းဆက် စကားပြောကြားရာတွင် ``ဒီနေ့မှာ  နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ ဒေသတွင်းဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး  အင်မတန်အကျိုးကျေးဇူးရှိတဲ့ အမြင်ချင်းဖလှယ်မှုကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။

 

ကျွန်တော်က မြန်မာပြည်သူပြည်သားတွေရဲ့ ဘဝအဆင့်မြှင့်တင်ရေးကို လက်တွေ့ခံစားနိုင်စေဖို့ ရည်ရွယ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ ကူညီထောက်ပံ့မှုအစီအစဉ်ကို ဒီနေ့ ပြောကြားခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ရန်ကုန်နဲ့ တောင်ငူအကြား ၃ နာရီခွဲနဲ့ သွားရောက်နိုင်ဖို့ ရထားလမ်းအဆင့်မြှင့်တင်မှုကို အပြီးဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မှာလည်း ရန်ကုန်နဲ့ မန္တလေးအကြား  ၈ နာရီနဲ့ သွားနိုင်အောင် ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အတွက် ပြည်သူပြည်သားတွေ သွားလာရေးနဲ့ ကုန်သွယ်ရေးမှာ ပိုပြီးတော့ ချောမွေ့မြန်ဆန်သွားမှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ပါတယ်။  လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လမ်းကြောင်းတိုးချဲ့ဖို့၊ ပြည် တွင်းပြည်ပ မီဒီယာတွေ သွားလာခွင့်ပိုပြီးရရှိဖို့၊   လုံခြုံပြီး ဒုက္ခသည်တွေ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာနိုင်ဖို့၊ ပြန်လည်နေရာချထားရေး လုပ်နိုင်ဖို့နဲ့ မစ္စတာကိုဖီအာနန် အကြံပေးချက်ကို အကောင်အထည်ဖော်နိုင်ဖို့ တောင်းဆိုခဲ့ပါတယ်။

 

အခုအချိန်မှာ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့၊ ပြန်လည်နေရာချထားနိုင်ဖို့ ကူညီထောက်ပံ့မှုအနေနဲ့ မြန်မာအစိုးရကို   ဒုက္ခသည်တွေ နေထိုင်ဖို့ လိုအပ်တဲ့ ဒေါ်လာသုံးသန်း တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်တစ်ခုက နိုင်ငံတကာ အဖွဲ့အစည်းတွေကနေတစ်ဆင့် ရခိုင်ပြည်နယ်ရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေကို ကောင်းမွန်စေဖို့အတွက် အထူးသဖြင့် အမျိုးသမီးတွေ ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့ ရည်ရွယ်ထားတဲ့ အသက်မွေးဝမ်းကျောင်း ပညာပေးရေးအပါအဝင် ဒေါ်လာ သန်း ၂၀ တန်ဖိုးရှိတဲ့ ကူညီထောက်ပံ့မှုကို ဆောင်ရွက်သွားဖို့ စီစဉ်နေပါတယ်။ ဒါက ဂျပန်လွှတ်တော်ရဲ့ သဘောတူညီချက်ကိုရမှ တရားဝင်ပြောနိုင်မှာဖြစ်ပါတယ်။

 

ဒီလိုပဲ ဂျပန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်ကို တတ်နိုင်သလောက် ကူညီထောက်ပံ့သွားဖို့ ရှိပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီလဝါအထူးစီးပွားရေးဇုန်နဲ့ ဒေသတွင်းဆက်သွယ်ရေး Connectivityကို ပိုပြီးတော့ ခိုင်မာစေရေး ပိုပြီးဆောင်ရွက်သွားဖို့၊ ဆက်လက်ပြီး ဆောင်ရွက်သွားဖို့ အတည်ပြုခဲ့ပါတယ်။ ဒီနှစ် ဂျပန်နိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ မဲခေါင်-ဂျပန် ထိပ်သီးအစည်းအဝေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်   တက်ရောက်နိုင်ဖို့ ကျွန်တော်တို့ ဆွေးနွေးခဲ့ပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ ဆက်လက်ပြီးတော့  မိတ်ရင်းဆွေရင်းနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကို ပိုပြီးအဆင့်မြှင့်တင်သွားမှာ ဖြစ်ပါတယ် ´´ ဟု  ပြောကြားသည်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က  ပြောကြားရာတွင် `` နိုင်ငံခြားရေးဝန်ကြီးအသစ်ကို ကြိုဆိုနိုင်တဲ့အတွက် အများကြီး ဝမ်းသာပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေကောင်းဖြစ်တဲ့ ဂျပန်နိုင်ငံရဲ့ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ နွေးထွေးစွာ ကြိုဆိုပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးဟာ အမြဲနွေးထွေးခဲ့ပါတယ်။ ကျွန်မတို့ လိုအပ်တဲ့ အချိန်မှာလည်း ဂျပန်နိုင်ငံဟာ အကူအညီတွေ အမြဲပေးလေ့ရှိပါတယ်။ ဒီနေ့လည်း ဝန်ကြီးနဲ့ တွေ့တဲ့အခါမှာ ကျွန်မတို့နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးကို ဘယ်လိုထောက်ပံ့မယ် ဆိုတာတွေကိုလည်း အများကြီးဆွေးနွေးခဲ့ပါတယ်။ ကျွန်မတို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ စီမံကိန်းတွေ အရှိန်အဟုန်နဲ့ ပြီးမြောက်စေဖို့၊ ပိုပြီးတော့ တိုးတက်စေဖို့လည်း  ဆွေးနွေးခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေဖြစ်ဖို့ အတွက်ရယ်၊ နောက်ပြီးတော့ ဒုက္ခသည်တွေ ပြန်လာရင် သေသေချာချာ ကောင်းကောင်းမွန်မွန် လက်ခံနိုင်ဖို့ ကိစ္စတွေကို ဂျပန်နိုင်ငံကနေ ဘယ်လိုအကူအညီပေးနိုင်မလဲ ဆိုတာတွေကိုလည်း ကျွန်မတို့ ဆွေးနွေးခဲ့ပါတယ်။

 

ရေတိုလိုအပ်ချက်တွေသာ မကဘူး။ ရေရှည်လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးဖို့ ဂျပန်နိုင်ငံအနေနဲ့ စေတနာရှိတဲ့အတွက် ကျွန်မတို့ အင်မတန်မှ ကျေးဇူးတင်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဆိုတာ အချိန်ယူရတယ်ဆိုတာ ကျွန်မတို့ အားလုံးသဘောပေါက်ပါတယ်။ သို့သော်ငြားလည်း ကျွန်မတို့အနေနဲ့ အမြန်ဆုံးဖြစ်မြောက်စေချင်တဲ့ ဆန္ဒကို ဂျပန်နိုင်ငံကနေ  နားလည်မှုပေးပြီးတော့ ပံ့ပိုးမှုပေးတာကိုလည်း တန်ဖိုးထားပါတယ်။ ကျွန်မတို့ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာ ဝန်ကြီး KONO အနေနဲ့ အားလုံး ပြောပြီးပြီဆိုတော့ ကျွန်မအနေနဲ့ ထပ်ပြီးပြောစရာ မရှိတော့ပါဘူး။ ကျွန်မဖြည့်စွက်ပြီး ပြောချင်တာကတော့ ကျွန်မတို့နဲ့ ဂျပန်နိုင်ငံဟာ ဖြတ်သန်းခဲ့ရတဲ့ အခက်အခဲတွေ တူတူညီညီရှိခဲ့တာကြောင့်မို့  တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိတယ်။ ဒီလို နားလည်မှုအပေါ်မှာ အခြေခံပြီးတော့ ကျွန်မတို့  နှစ်နိုင်ငံရဲ့ မိတ်ဆွေအရင်းအချာ အဖြစ်နဲ့ ရပ်တည်ရေးဟာ ပိုမို၍ အရှိန်အဟုန် ရသွားမယ်လို့ ကျွန်မတို့ မျှော်လင့်ပါတယ်။ ဒါ့ကြောင့်လည်း မကြာခဏ ဆက်ပြီးတွေ့ဆုံဆွေးနွေးနိုင်ဖို့  မျှော်လင့်ပါတယ်။

 

နိဂုံးချုပ်အနေနဲ့ ဝန်ကြီးနဲ့ ဝန်ကြီးရဲ့အဖွဲ့ ရခိုင်ပြည်နယ် သွားမယ့်ခရီးဟာ အားလုံးပြေပြစ်မယ်၊ ချောမွေ့မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီအတွက်လည်း ကျွန်မတို့အားလုံး တတ်နိုင်သမျှ သေသေချာချာ စီစဉ်ဆောင်ရွက်ထားပါတယ်´´ ဟု  ပြောကြားသည်။

 

ထို့နောက် သတင်းထောက်များ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။

 

ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် မေးမြန်းမှုကို ဂျပန်နိုင်ငံခြားရေး ဝန်ကြီးက ဖြေကြားရာတွင်  ``ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေဆိုတာက ရခိုင်ပြည်နယ် မှာနေတဲ့ လူတွေအားလုံးနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်ကို ဖြေရှင်းဖို့အတွက် အင်မတန် အရေးကြီးတယ်လို့ ယူဆပါတယ်။

 

မစ္စတာ ကိုဖီအာနန် အကြံပေးကော်မရှင်ရဲ့ အကြံပေးချက်အရ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအပါအဝင် ဒေသခံတွေရဲ့ လူနေမှုဘဝ အဆင့်မြှင့်တင်ဖို့ ဆောင်ရွက်ဖို့ဆိုတာက ဦးစားပေးပြီးတော့ လုပ်သင့်တယ်လိုထင်ပါတယ်။

 

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ရခိုင်ပြည်နယ်တွင်း လူသားချင်း အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး ဖွံ့ဖြိုးရေးစီမံကိန်း ဖွဲ့စည်းပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းကို စတင်နေပြီလို့ ပြောပါတယ်။ ဂျပန်နိုင်ငံက အရေးပေါ်ကူညီ ထောက်ပံ့မှုတွေသာမကဘဲ ကာလရှည်အတွက် နေထိုင်မှုဘဝ အဆင့်မြှင့်တင်ဖို့ ရည်ရွယ်ပြီး ရခိုင်ပြည်နယ်ထဲမှာ ကားလမ်းခင်းဖို့ အပါအဝင် လျှပ်စစ်မီးဖြန့်ဖြူးရေးလိုင်းကို တည်ဆောက်လို့ ရပါမယ်။ ဒီလို လုပ်ငန်းစဉ်များကို တည်ဆောက်ဖို့ ဆုံးဖြတ်ပေးတာ ဖြစ်ပါတယ်။ ဒါကို သေသေချာချာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

အစိုးရသာမကဘဲ ဂျပန်နိုင်ငံက NGO အဖွဲ့တွေကလည်း ရခိုင်ပြည်နယ်ထဲမှာ ကျောင်းဆောင် ၁၀ဝ တည်ဆောက်မှုကို ဆောင်ရွက်နေပါတယ်။ အဲဒီထဲက တချို့ ကျောင်းမှာတော့ ဗုဒ္ဒဘာသာဝင်တွေနဲ့ မူဆလင်တွေက အတူတူလေ့လာနေတာ ရှိပါတယ်။ ဒီလိုကျောင်းတွေ ပြန်ဖွင့်ပြီးတော့ ဆောင်ရွက်ခြင်းတွေကို တိုးချဲ့စေနိုင်ဖို့ ပြင်းပြစွာ ဆုတောင်းနေပါတယ်။

 

နောက်တစ်ခု ပုဂ္ဂလိကကုမ္ပဏီတွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မိုလ်ဘိုင်းဖုန်း ဆက်သွယ်ရေးနှင့် ပတ်သက်ပြီး တာဝါတိုင် ၂၈ ခုကို တည်ဆောက်ထားတဲ့အတွက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မိုလ်ဘိုင်းဖုန်းဆက်သွယ်ရေး အခြေအနေတွေက ပိုပြီးတော့ ကောင်းမွန်လာမယ်လို့ ယူဆပါတယ်။

 

ဂျပန်နိုင်ငံအနေဖြင့် ယခု ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာရဲ့ ရင်းမြစ်ဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှု ဖြေရှင်းနိုင်ဖို့ ကျွန်တော်တို့က တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ် ´´ ဟု ဖြေကြားသည်။

 

ဂျပန်နိုင်ငံက  မြန်မာနိုင်ငံအတွက် အကူအညီပေးနေမှုများနှင့် ပတ်သက်သည့် မေးခွန်းကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဖြေကြားရာတွင် `` ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အမြစ်တွယ်စေတဲ့ ငြိမ်းချမ်းရေးနှင့် ပြည်သူ၊ ပြည်သားတွေ ပြန်လည်သင့်မြတ်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်  ၅ နှစ်တာကာလမှာ ဂျပန်ယန်း ၈၀ဝ ဘီလီယံ ကူညီထောက်ပံ့မှုကို အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းပြီး  ကူညီဆောင်ရွက်သွားမယ်ဆိုတဲ့ မူဝါဒကို ပြီးခဲ့တဲ့ ၂ နှစ်လောက်တတည်းက ချမှတ်ခဲ့ပါတယ်။

 

အခုနောက်ပိုင်းမှာ အထူးသဖြင့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီးတွေ အမြန်ကောင်းမွန်စေဖို့၊   ရန်ကုန်-မန္တလေး ရထားလိုင်းတွေမှာ အကူအညီတွေ ပေးအပ်ဖို့၊ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေ လူနေမှုအဆင့်မြင့်မှုကို လက်တွေ့ခံစားနိုင်စေဖို့ ထောက်ပံ့မှု အစီအစဉ်တွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ကမ်းလှမ်းထားတဲ့ ပညာရေး၊ ကျန်းမာရေး၊ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ မြန်မာ အစိုးရအနေနဲ့ ရင်းရင်းနှီးနှီး ဆွေးနွေးတိုင်ပင်ပြီးတော့ ကူညီထောက်ပံ့မှု အစီအစဉ်တွေ ဆောင်ရွက်နေပါတယ်။  နှစ်ဦးနှစ်ဖက် ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်နိုင်ဖို့အတွက် လျှပ်စစ်မီးကဏ္ဍ အပါအဝင် ကျန်တဲ့ကဏ္ဍတွေမှာ လုပ်ထုံးလုပ်နည်းတွေ လျှော့ချပေးရေး  ပိုပြီးဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။ ဂျပန်နိုင်ငံကလည်း မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံ ထူထောင်နိုင်ဖို့အတွက် ပူးပေါင်းဆောင် ရွက်သွားမှာဖြစ်ပါတယ် ´´ ဟု ဖြေကြားသည်။

 

မြန်မာအစိုးရကို နိုင်ငံတကာ အသိုင်းအဝိုင်းက လူ့အခွင့်အရေးဆိုင်ရာကိစ္စနှင့် ပတ်သက်၍ ဝေဖန်နေမှုများ၊ ဒုက္ခသည်များ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်သည့် မေးခွန်းကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဖြေကြားရာတွင်  ``ရခိုင်ပြည်နယ်ရဲ့ အခြေအနေက လူ့အခွင့်အရေးတွေရယ်၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူ့အသိုင်းအဝိုင်းအကြား တင်းမာမှုတွေရှိတဲ့အတွက် အင်မတန် ရှုပ်ထွေးနက်နဲတဲ့ကိစ္စ ဖြစ်တယ်လို့လည်း နားလည်ထားပါတယ်။

 

ဦးစားပေးရမယ့် ကိစ္စကတော့ လူအသိုင်းအဝိုင်းတွေရဲ့ကြားမှာ ပြန်လည်သင့်မြတ်မှုကို ဘယ်လို အကောင်အထည်ဖော်နိုင်မလဲဆိုတာ ဖြစ်ပါတယ်။  ဒုက္ခသည်တွေ ပြန်လာဖို့ ကိစ္စကတော့ အထူးဂရုစိုက်ပြီး လူ့အသိုင်းအဝိုင်းအကြား ခွဲခြားဖို့မဟုတ်ဘဲ လူ့အသိုက်အဝန်းအကြား ပြန်လည်သင့်မြတ်ရေးကို  အကောင်အထည်ဖော် ဖန်တီးနိုင်ရေး  ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။

 

ဂျပန်နိုင်ငံအနေဖြင့် ဒီလိုမျိုး ထင်မြင်ယူဆချက်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရကို ကူညီဆောင်ရွက်ဖို့ တတ်နိုင်သလောက် ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ ဒုက္ခသည်တွေ ပြန်လည်နေရာချထားနိုင်ရေးအတွက် ကူညီထောက်ပံ့ရေး၊ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုင်းအဝိုင်း၊  လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အခြေအနေ ကောင်းမွန်စေဖို့အတွက် ကူညီထောက်ပံ့သွားမှာ ဖြစ်ပါတယ်။

 

ဒီလိုလုပ်တဲ့အခါမှာ ဂျပန်နိုင်ငံအနေနဲ့ ပိုပြီးအကူအညီ ပေးအပ်နိုင်တဲ့ကဏ္ဍ  ရှိတယ်ဆိုရင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ ကျွန်တော်တို့ ရှာဖွေသုံးသပ်သွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ လူ့အသိုင်းအဝိုင်းတွေ အားလုံးရဲ့ကြားမှာ သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို အကောင်အထည်ဖော်နိုင်အောင် ပြင်းပြစွာ မျှော်လင့်ပါတယ်´´ ဟု ဖြေကြားသည်။

 

နိုင်ငံတကာ အသိုင်းအဝိုင်းမှ ဝေဖန်နေမှုများ၊ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် အင်းဒင်ကျေးရွာ၌ ဘင်္ဂါလီများ သတ်ဖြတ်ခံရသည့်ကိစ္စ၊   ဒုက္ခသည်များပြန်လာရေး ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ မေးမြန်းမှုကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြေကြားရာတွင်   ``ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာက  အင်မတန်မှ အလေးထား၊  စိတ်ဝင်စားနေတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကျွန်မတို့ လုပ်ရတာက အင်မတန်မှ ကျယ်ပြန့်ပါတယ်။ ကျွန်မတို့ နိုင်ငံရဲ့ကိစ္စကို ကြည့်တဲ့အခါ ရခိုင်ပြည်နယ် တစ်ခုတည်းကို ကွက်ပြီးကြည့်လို့မရပါဘူး။ ရခိုင်ပြည်နယ်ဆိုတာဟာ ကျွန်မတို့ ပြည်ထောင်စုရဲ့ တစ်စိတ် တစ်ပိုင်းဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်မတို့ဟာ ပစ္စုပ္ပန်မှာဖြစ်နေတဲ့ ပြဿနာတွေတင်မကဘဲ  ကျွန်မတို့ရဲ့ ရေရှည်ပန်းတိုင်ကိုလည်း မျက်ခြည်ပြတ်လို့ မဖြစ်ပါဘူး။ ဒါ့ကြောင့် စောစောတုန်းက ဝန်ကြီး KONO ပြောသွားတဲ့ အတိုင်းပါပဲ။

 

အဓိကအရေးကြီးတာက ရေရှည်မှာ ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ ကျွန်မတို့ရဲ့ ပြည်သူပြည်သားတွေ အားလုံးကြားထဲမှာ သင့်မြတ်မှုရှိဖို့၊ ခင်မင်မှုရှိဖို့၊ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိဖို့ပါ၊ အဲဒါကို ကျွန်မတို့ အလေးထားပြီး လုပ်ရမှာဖြစ်ပါတယ်။ ပြီးတော့ ဝေဖန်မှုတွေကတော့ ရှိမှာပဲ။ ဝေဖန်နေတာက အပြုသဘောဆောင်တဲ့ ဝေဖန်မှုလည်းရှိတယ်၊ အပြုသဘောမဆောင်တဲ့ ဝေဖန်မှုလည်းရှိတယ်။ ဒါတွေကို ကျွန်မတို့က သေသေချာချာလေ့လာပြီး ဘယ်လို ကျွန်မတို့အနေနဲ့ လုပ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ရမှာပါ။ နောက်ဆုံး ဆုံးဖြတ်ချက်တွေရဲ့ အဓိကရလဒ်ကို ခံစားရမှာက ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေပဲ ဖြစ်ပါတယ်၊ နောက် အင်းဒင်ရွာကိစ္စပါ၊ အင်းဒင်ရွာ ကိစ္စမှာ သတ်ဖြတ်မှုတွေ ဖြစ်ခဲ့တယ်။  သတ်ဖြတ်မှုတွေဖြစ်ခဲ့လို့ အခု တပ်မတော်ကနေပြီးတော့ စိစစ်ပြီး အရေးယူမယ်ဆိုတာ ကျွန်မတို့ရဲ့ နိုင်ငံအတွက်က ခြေလှမ်းအသစ်တစ်ခုကို ရှေ့လှမ်းတာလို့ပဲ  ဒီလိုပဲမြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ဆုံးကျရင် နိုင်ငံတစ်နိုင်ငံဟာ ကိုယ့်နိုင်ငံအတွင်းမှာရှိတဲ့ တရားဥပဒေစိုးမိုးရေးကို ကိုယ့်ဘာသာ တာဝန်ယူရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီဟာက ကိုယ့်ဟာကိုယ် တာဝန်ယူတဲ့ နေရာမှာ၊ တာဝန်ယူတဲ့ လမ်းကြောင်းပေါ်မှာ စပြီးလှမ်းတယ်ဆိုတာ  အပေါင်းလက္ခဏာနဲ့ မြင်ဖို့ဖြစ်ပါတယ်။ ဒါဟာလည်း ကြောက်သွား မလားဆိုတော့ ကြောက်တဲ့လူတွေကလည်း ကြောက်သွားနိုင်ပါတယ်။ ဒါပေမယ့် အခုဖြစ်တဲ့ ကိစ္စမဟုတ်ပါဘူး။ အရင်တုန်းကဖြစ်တဲ့ကိစ္စကို ပြန်ပြီးတော့စုံစမ်းတာပါ။ ဒါကြောင့် ကျွန်မတို့က စုံစမ်းခြင်းအားဖြင့် နောင်ဒီလိုကိစ္စမျိုးတွေ  မဖြစ်အောင် အဟန့်အတား တစ်ခုအနေနဲ့ ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။ ဒုက္ခသည်တွေကို ပြန်လည်ပြီးတော့ လက်ခံရေးနဲ့ ပတ်သက်ပြီးတော့   ဝန်ကြီး KONO က အင်မတန်မှ ပြည့်ပြည့်စုံစုံ ပြောသွားပြီးပြီဖြစ်ပါတယ်။  အားလုံးကို ပြင်ဆင်ပေးထားသင့်တဲ့ ကိစ္စတွေကို ပြင်ဆင်မှာဖြစ်ပါတယ်´´ ဟု ဖြေကြားသည်။

 

MDN

Share this on Social Media