နယ်စပ်ဒေသ တိုင်းရင်းသားလေ့လာရေးအဖွဲ့များ နေပြည်တော်အတွင်း ဆက်လက်လေ့လာ

နေပြည်တော်  ၁၂ ဇန်နဝါရီ

 

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ နေပြည်တော်သို့ ရောက်ရှိနေသော နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသားလူငယ်များသည်  လေ့လာရေးအစီအစဉ် စတုတ္ထနေ့အဖြစ် ယနေ့ နံနက်ပိုင်းတွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ တာဝန်ရှိသူများ လိုက်ပါလျက် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ တပ်မတော် ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (MWD)၊ သူရဲကောင်းဗိမာန်၊ အမျိုးသားပြတိုက်နှင့် Ocean Shopping Centerတို့အား သွားရောက်လေ့လာသည်။

 

ရှေးဦးစွာ တိုင်းရင်းသား လေ့လာရေးအဖွဲ့များသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း အတွင်းသို့ ရောက်ရှိကြပြီး အားကစားနည်းအလိုက် လေ့ကျင့်နေမှုများ၊ အပြည်ပြည်ဆိုင်ရာ ပြိုင်ပွဲဝင်အားကစားနည်းများ၊ ပြခန်းများနှင့် လေ့ကျင့်ရေးကွင်းများ၊ အပြည်ပြည်ဆိုင်ရာ အားကစားပြိုင်ပွဲများနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင် ရွှေတံဆိပ်ဆုရရှိသူများနှင့် အားကစားနည်းအလိုက် ပြိုင်ပွဲမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှု လေ့လာရာ ဝဏ္ဏသိဒ္ဓိအားကစားကွင်း တာဝန်ခံက လိုက်လံရှင်းလင်းပြသသည်။

 

ထို့နောက် တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ် (MWD) သို့ ရောက်ရှိ လေ့လာရာ တာဝန်ရှိသူတစ်ဦးက  မြဝတီရုပ်မြင်သံကြား၏ သမိုင်းကို Video Projector ဖြင့် ပြသခဲ့ပြီးနောက် တိုင်းရင်းသား၊ တိုင်းရင်းသူများက ရိုးရာယဉ်ကျေးမှုများအား ဖလှယ်ခြင်းအစီအစဉ်အရ ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ လေ့လာရေးအဖွဲ့များသည် မြဝတီရုပ်မြင်သံကြား ထုတ်လွှင့်ရေးစက်ရုံအတွင်း ဂြိုလ်တုစလောင်းများဖြင့် ရုပ်သံထုတ်လွှင့်နေမှုများ၊ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်မှုယာဉ်များ သတင်းထုတ်လွှင့်နေမှုများ၊  သတင်းရိုက်ကူးခြင်း၊ တည်းဖြတ်ခြင်း၊ သတင်းထုတ်ပြန်ခြင်း ဆောင်ရွက်နေမှုများအား လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသသည်။

 

ဆက်လက်၍ တိုင်းရင်းသားလေ့လာရေးအဖွဲ့များသည် နေ့လယ်ပိုင်းတွင် နိုင်ငံတော်၏ လွတ်လပ်ရေးထိန်းသိမ်းမှုနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး တည်ဆောက် ကြိုးပမ်းမှုသမိုင်း၌ နိုင်ငံတော်အတွက် အသက်ကိုစွန့်လွှတ်၍ မှန်ကန်ရဲဝံ့စွာ ဆောင်ရွက်ခဲ့ကြသည့် သူရဲကောင်းတို့၏ ကွန်းခိုရာ သူရဲကောင်းဗိမာန်သို့ သွားရောက်၍ သူရဲကောင်း စစ်သည်တော်များအား အလေးပြုခြင်း၊ ဂုဏ်ပြုပန်းခြင်းချခြင်းများ ပြုလုပ်ခဲ့ပြီး ဗိမာန်တော်အတွင်း လှည့်လည်ကြည့်ရှုလေ့လာသည်။

 

ထို့နောက် ညနေပိုင်းတွင် အမျိုးသားပြတိုက်နှင့် ဥတ္တရသီရိမြို့နယ် Ocean Shopping Center သို့ သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

MDN

 

Share this on Social Media