သီတဂူအာရှတော်ဝင် မျက်စိအထူးကုသရေးအဖွဲ့မှ မောင်တောခရိုင် အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် ကွင်းဆင်းကုသပေးမည်

မောင်တော ၁၂ ဇန်နဝါရီ

 

သီတဂူအာရှတော်ဝင် မျက်စိအထူးကုသရေးအဖွဲ့သည် မောင်တောခရိုင် အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် ဇန်နဝါရီလ ၂၃ ရက်မှ ၂၆ ရက်အထိ မောင်တောမြို့ ပြည်သူ့ဆေးရုံတွင် လာရောက်ကွင်းဆင်း ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အဖွဲ့သည် မျက်စိဝေဒနာရှင်များအတွက် ခွဲစိတ်ကိရိယာ အစုံအလင်ဖြင့် ကုသပေးသွားမည်ဖြစ်ပြီး မျက်စိတိမ်စွဲခြင်း၊ မျက်စိခွဲစိတ်ခြင်း၊ မျက်မှန်ပြုလုပ်ပေးခြင်း စသည်တို့ကို ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မောင်တောမြို့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်မောင်မောင်သိန်းက ပြောကြားသည်။

 

“မျက်စိကုသချင်တဲ့ လူနာတွေအနေနဲ့ အချိန်မီ စာရင်းပေးသွင်းဖို့ လိုအပ်ပြီး ယခုလို ကုသပေးမယ်ဆိုတာကို မောင်တောမြို့နယ်အတွင်းမှာလည်း ဗီနိုင်းကြော်ငြာတွေ ကပ်ပေးသွားမှာပါ။ ၂၄ရက်နေ့မှာ မျက်စိစမ်းသပ်၊ ခွဲစိတ်မှုတွေ စတင်လုပ်ဆောင်ပါမယ်။  မောင်တောမြို့ နယ်ဝန်းကျင်က မျက်စိဝေဒနာရှင်တွေ လာရောက် ကုသမှုခံယူကြမှာပါ” ဟု ၄င်းကပြောကြားခဲ့သည်။

 

ယခုကဲ့သို့ မောင်တောမြို့နယ်အတွင်းရှိ မျက်စိဝေဒနာရှင်များအတွက် လာရောက်ကုသပေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ကုသမှုခံယူလိုသူများအနေဖြင့် မောင်တောမြို့ ပြည်သူ့ဆေးရုံကြီးတွင် လာရောက် စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

သတင်း-အောင်ရဲသွင်၊ ကိုမင်း၊ ဓာတ်ပုံ-အောင်မင်း

Share this on Social Media