ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိဘဲ ထိခိုက်ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ဘေးအန္တရာယ်ဖြစ်သော ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်း

၁။         မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ လေဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေးစသည့် သဘာဝဘေးမျိုးစုံဖြစ်ပွားနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုဘေးအန္တရာယ်များ အနက်မှ ငလျင် ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရဘဲ ကြိုတင်သိရှိရခြင်းလည်း မရှိသဖြင့် အလွန်အန္တရာယ် ကြီးမားသည့်ဘေးအန္တရာယ်တစ်မျိုး ဖြစ်ပါသည်။

 

၂။         အင်အားပြင်းငလျင်များ ဖြစ်ပေါ်လာပါကလည်း ပျက်စီးဆုံးရှုံးမှုကြီးမားတတ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်များ(Aftershocks)လှုပ်ခြင်း၊ ရေကာတာကြီးများကျိုးပျက်၍ ရေလွှမ်းခြင်း၊ တောင်ပြိုခြင်း၊ မြေပြိုခြင်း၊ ဆူနာမီရေလှိုင်းများ ဖြစ်ပေါ်နိုင်ခြင်း၊ ရုတ်တရက် လျှပ်စစ်ကြိုးများပူးသွားခြင်းကြောင့် လျှပ်စစ်မီးပွားမှတစ်ဆင့် မီးလောင်ခြင်း၊ လောင်စာဆီ၊ ဓာတ်ငွေ့ပိုက်များပျက်စီးရာမှတစ်ဆင့် မီးလောင်ကျွမ်းခြင်း စသည့်နောက်ဆက်တွဲ ဆိုးကျိုးများကို ဖြစ်ပေါ်စေနိုင်ပါသည်။

 

၃။         ငလျင်ကြီးလှုပ်ပြီးနောက် ငလျင်လတ်နှင့် ငလျင်ငယ်များသည် နာရီပိုင်း၊ ရက်ပိုင်း၊ သီတင်းပတ်ပိုင်းမှသည် လပိုင်းအထိ ဆက်လက်ဖြစ်ပွားနိုင်ပြီး ကွဲအက်သွားသော တိုက်တာအဆောက်အအုံများ၊ လမ်း၊ တံတားများသည် နောက်ဆက်တွဲမြေငလျင်များကြောင့် ထပ်မံပျက်စီး ပြိုကျတတ်ပါသည်။ အဆောက်အအုံများတွင် အုတ်ကျိုးအုတ်ပဲ့များ ပြိုကျမှု၊ လျှပ်စစ်ဓာတ်ကြိုးများပြုတ်ကျမှုနှင့် အခြားဘေးအန္တရာယ်များ ရှိနိုင်ကြောင်းကိုလည်း သတိရှိရမည်ဖြစ်ပါသည်။

 

၄။         ၂၀၁၇ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း အင်အားအနည်းငယ်နှင့် အသင့်အတင့်ရှိ မြေငလျင်များ အကြိမ်(၇၀)ခန့် လှုပ်ခတ်ခဲ့ပြီး နိုဝင်ဘာလ၊ ဒီဇင်ဘာလနှင့် ယခု ၂၀၁၈ခုနှစ် ဇန်နဝါရီလတို့တွင် မကြာခဏ လှုပ်ခတ်လျက်ရှိသဖြင့် ငလျင်ဘေးအန္တရာယ်နှင့် ပတ်သက်၍ သတိပြုနေထိုင်ရန် လိုအပ်ပါသည်။ သို့ဖြစ်ပါ၍ ပြည်သူလူထုအနေဖြင့် အောက်ပါအချက်များကို လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

 

-           မိမိအိမ်တွင် ပြိုကျ၊ ပြုတ်ကျ၊ ကွဲရှနိုင်သောပစ္စည်းများ၊ တွဲလောင်းကျနေသော အရာများကို အန္တရာယ်မဖြစ်စေရန် မြဲမြံအောင်ပြုလုပ်ထားပါ။

 

-           မိသားစုသုံးအရေးပေါ်ပစ္စည်းများ၊ အရေးကြီးစာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင် ထားပါ။

 

-           မိမိအိမ်၏ခိုင်ခံ့မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာအောင်ပြုလုပ်ထားပါ။

 

-           ငလျင်လှုပ်ပါက (၅)စက္ကန့်အတွင်း အဆောက်အအုံအပြင်သို့ ရောက်နိုင်ပါက ပြေးထွက်ပါ။ မပြေးထွက်နိုင်ပါက ခိုင်ခံ့သည့် စားပွဲ၊ ခုတင်အောက်တွင်လည်းကောင်း၊ အခန်း၏ထောင့်နေရာ များတွင်လည်းကောင်း အကာအကွယ်ယူ၍နေပါ။

 

-           မြင့်မားသောအဆောက်အအုံ၊ လျှပ်စစ်မီးကြိုး၊ ဓာတ်တိုင်များ၊ သစ်ပင်များ၊ ပြိုကျ နိုင်သောအရာများနှင့်‌ဝေးရာသို့ပြေးပါ။ ကွင်းပြင်များတွင် ခေတ္တခိုလှုံပါ။

 

-           မီးအသုံးပြုနေစဉ် ငလျင်လှုပ်ပါက မီးတောက်ငြှိမ်းပါ။ မီးခလုတ်များပိတ်ပါ။

 

-           ဆိုင်ကယ်၊ ကား စသည်တို့ မောင်းနှင်နေချိန်ဖြစ်ပါက အရှိန်လျှော့ပြီး ဘေးကင်းရာ နေရာတွင် ရပ်ထားပါ။

 

-           ငလျင်လှုပ်နေချိန်တွင် အဆောက်အအုံထဲသို့ ပြေးမဝင်ပါနှင့်၊ ဓာတ်လှေကားများ အသုံးမပြုပါနှင့်၊ အထပ်မြင့်တိုက်များမှ ခုန်ချခြင်းမပြုပါနှင့်။

 

-           ငလျင်လှုပ်ပြီးနောက် အဆောက်အအုံ၏ ခိုင်ခံ့မှုကို စစ်ဆေးခြင်းမပြုဘဲ မဝင်ပါနှင့်၊ မြစ်ကမ်းပါး၊ တောင်စောင်းများသို့ မသွားပါနှင်‌့၊ မြေပြိုနိုင်ပါသည်။ ဆည်၊ ရေလှောင် ကန်များအနီးတွင် မနေပါနှင့်။ ဆည်ကျိုးပေါက်ပြီးရေကြီးနိုင်သည်။ တာဝါတိုင်များ၊ မျှော်စင်များ၊ အထပ်မြင့်အဆောက်အအုံများ ပြိုကျနိုင်သဖြင့် အနီးသို့မသွားပါနှင့်။

 

-           အသိပညာပေး ဆွေးနွေးဟောပြောပွဲများသို့ တက်ရောက်ပါ။ သတင်းထုတ်ပြန်ချက်များ၊ ပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ်နားထောင်ပါ။ ကြည့်ရှုပါ။ မျှဝေပါ။

 

၅။         ပြည်သူလူထုအနေဖြင့် ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ သတိပြုနေထိုင်ရန်နှင့် တာဝန်ရှိ အဖွဲ့အစည်းများ၊ ပညာရှင်များ၏ အသိပညာပေးဆောင်ရွက်မှုများအပေါ် လေ့လာမှတ်သား၍ အကြံပြုချက်များကိုလည်း လိုက်နာခြင်းဖြင့် ပူးပေါင်းဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။         

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန

Share this on Social Media