မြေငလျင်ကြောင့် ဖြူးချောင်းရေလှောင်တမံ ထိခိုက်ပျက်စီးမှုမရှိ နွေစပါးစိုက်ပျိုးရန် ဆည်ရေပုံမှန်အတိုင်းပေးဝေ

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့၏ အနောက်တောင်ဘက် (၁၇)မိုင်ခန့်အကွာကို ဗဟိုပြု၍ ဇန်နဝါရီ ၁၂ရက် ညပိုင်းက အင်အားရစ်(ခ်)တာစကေး ၆ ဒသမ သုည အဆင့်ရှိ မြေငလျင်လှုပ်ရှားသွားမှုကြောင့် ဖြူးချောင်းရေလှောင်တမံ ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် နွေစပါးစိုက်ပျိုးရန် ဆည်ရေပုံမှန်အတိုင်း ပေးဝေလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရှိရသည်။

 

“ငလျင်လှုပ်တာ သိသိချင်း ဌာနကတာဝန်ရှိတဲ့သူတွေ ဇန်နဝါရီ ၁၂ရက် ညပိုင်းကလည်း တမံကို သွားရောက်စစ်ဆေးခဲ့တယ်။ နံနက်ပိုင်းမှာလည်း သွားရောက် စစ်ဆေးခဲ့တယ်။ ဘာမှ ထိခိုက်ပျက်စီးမှု မရှိခဲ့ပါဘူး” ဟု ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘိုဘိုကျော်က ပြောကြားခဲ့သည်။

 

ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ထိန်းသိမ်းထားသည့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဖြူးချောင်းရေလှောင်တမံအပါအဝင် ခပေါင်းရေလှောင် တမံ၊ ရဲနွယ်ရေလှောင်တမံ၊ ဘိုင်းဒါးရေလှောင်တမံ၊ ကောလိယ ရေလှောင်တမံနှင့် တခြားရေလှောင်တမံများလည်း ငလျင်လှုပ်ရှားမှုကြောင့် ထိခိုက်ပျက်စီးမှု မရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

 

ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်ဝေက “ငလျင်ဗဟိုချက်နဲ့ နီးတဲ့ဆည်တမံတွေကို အနည်းဆုံးတစ်ပတ်ခန့် စောင့်ကြည့်သွားမယ်။ ငလျင်ကြောင့် တမံတွေ ထိခိုက်ပျက်စီးမှုမရှိပါဘူး။ ဖြူးချောင်း ရေလှောင်တမံကလည်း နွေစပါးစိုက်ဖို့အတွက် ဆည်ရေပုံမှန်အတိုင်း ပေးဝေနေပါတယ်” ဟု ပြောကြားခဲ့သည်။

 

ဖြူးချောင်းရေလှောင်တမံသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နေသည့်အပြင် နွေစပါးစိုက်ပျိုးနိုင်ရန် အတွက်လည်း ဆည်ရေပေးဝေနေကြောင်း၊ လက်ရှိအချိန်တွင် စပါးစိုက်ဧက ၃၅၀ဝ အား ဆည်ရေပေးဝေလျက်ရှိပြီး ဆည်ရေသောက် စနစ်တစ်ခု လုံးပြီးစီးပါက စပါးစိုက်ဧက ၉၀ဝ၀ဝ အား ရေပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်း၊ဓာတ်ပုံ/မင်းသစ်(MNA)

Share this on Social Media