ကချင်ပြည်နယ် မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်အား နိုင်ငံတော်သမ္မတ ဦးထင်ကျော် နှင့်ဇနီး ဒေါ်စုစုလွင်တို့ ဖူးမြော်ကြည်ညို

ပူတာအို ၁၂ ဇန်နဝါရီ

 

နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်တို့သည် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသော ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးဝင်းခိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တပ်မတော်အထူးလေယာဉ်ဖြင့် ကချင်ပြည်နယ် ပူတာအိုမြို့သို့ ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ပြည်နယ် တရားသူကြီးချုပ် ဦးတူးဂျာ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညီညီဆွေ၊ ပြည်နယ်ဝန်ကြီးများနှင့် ဂျိမ်းဖော့၊ ရဝမ်၊ လီဆူ၊ ရှမ်း တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံ ပြည်သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် မချမ်းဘောမြို့နယ် သို့ရောက်ရှိပြီး မလိခမြစ်ကမ်းနဖူးရှိ ဂူဘားဧည့်ရိပ်သာအား ကြည့်ရှုကာ ကောင်းမှုလုံကျေးရွာ အနီးရှိ ကောင်းမှုလုံစေတီတော်သို့ သွားရောက် ဖူးမြော်ကြည်ညိုကြရာ ခရိုင်သာသနာရေးမှူး ဦးဝင်းရွှေက စေတီတော်၏ သမိုင်းကြောင်းနှင့် စပ်လျဉ်း၍ လိုက်လံရှင်းလင်းပြသသည်။

 

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးသည် စေတီတော် ဧည့်သည်တော် မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးပြီး စေတီတော်ဂေါပကအဖွဲ့ထံ အလှူငွေများ ပေးအပ်လှူဒါန်းသည်။

 

ကောင်းမှုလုံ(ရွှေဆတ်မင်း)စေတီတော်သည် မြန်မာနိုင်ငံမြောက်ဖျား ခမ်းတီးလုန်ဒေသ ပူတာအိုခရိုင် မချမ်းဘောမြို့နယ်တွင် တည်ရှိပြီး ပူတာအိုမြို့နှင့် ၉ မိုင်ခန့်ကွာဝေး၍ မလိခမြစ် အရှေ့ဘက်ကမ်းနဘေးတွင် တည်ထားသည်။ ကောင်းမှုလုံ(ရွှေဆတ်မင်း) စေတီတော်ကို သာသနာသက္ကရာဇ် ၂၄၄ ခုနှစ်တွင် သီရိဓမ္မာသောကမင်း စေလွှတ်သည့် သာသနာပြုရဟန်း သုံးပါးက မြတ်စွာဘုရား၏ ဓာတ်တော် သုံးဆူကို ဌာပနာသွင်း၍ ဉာဏ်တော်အမြင့် (၇)တောင်ဖြင့် စတင် တည်ထားခဲ့ပြီး နှစ်ပေါင်း ၂၃၀ဝ ကျော် သက်တမ်းရှိကြောင်းသိရှိရသည်။

 

MDN

Share this on Social Media