အရွယ်မရောက်သေးသော မိန်းကလေးငယ်များ လက်ထပ်ထိမ်းမြားခြင်းက နိုင်ငံ့ဝင်ငွေကို ဘီလီယံချီ ဆုံးရှုံးတယ်လို့ ကမ္ဘာ့ဘဏ်ပြော

၆ ဒီဇင်ဘာ

 

ဇင်ဘာဘွေနိုင်ငံသူ ရက်စပတ် တိုပေါ့ဇီ အသက် ၁၅ နှစ်အရွယ်မှာ ကျောင်းကအပြန် အသက် ၂၂ နှစ်အရွယ်အမျိုးသားတစ်ဦးက သူ့ကို ချဉ်းကပ်စကားပြောနေတာကို ဖခင်ဖြစ်သူက မြင်သွားပြီးနောက် သူတို့နှစ်ဦး အတူရှိနေတယ်လို့ ထင်တဲ့အတွက် ရက်စပတ်ကို အဲဒီအမျိုးသားနဲ့ လက်ထပ်ထိမ်းမြားပေးလိုက်ပါတယ်။ 

 

ရက်စပတ် ကျောင်းကထွက်လိုက်ရပြီး မကြာခင်မှာ အဲဒီအမျိုးသားရဲ့ကိုယ်ဝန် လွယ်ထားလိုက်ရပါတယ်။ သူတို့နှစ်ဦး လက်ထပ်ထိမ်းမြားထားသည့် အချိန်အတွင်းမှာ အဲဒီအမျိုးသားရဲ့ နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ရတဲ့အတွက် မိဘအိမ်ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ 

 

ဒီလိုဖြစ်စဉ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့သော ရက်စပတ်ဟာ တခြားမိန်းကလေးငယ်တွေ သူလို အတွေ့ကြုံမျိုးမဖြစ်အောင် အစိုးရကို တရားဝင်လက်ထပ်ထိမ်းမြားခွင့် အသက် ၁၆ နှစ်ကနေ ၁၈နှစ်ကို တိုးမြှင့်ပေးဖို့ တောင်းဆိုနေပါတယ်။ 

 

ဂါနာနိုင်ငံ အက်ရာမှာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ ရက်စပတ် တိုပေါ့ဇီက “အရွယ်မရောက်သေးဘဲ လက်ထပ်ခဲ့ရတဲ့သူအနေနဲ့ရော မိခင်တစ်ဦးအနေနဲ့ပါ အရွယ်မရောက်သေးသော မိန်းကလေးငယ်တွေ လက်ထပ်ထိမ်းမြားခွင့်ကို ရပ်ဆိုင်းသွားဖို့ အလွန်အရေးကြီးပါတယ်။ အဲဒီအခြေအနေကို ကိုယ်တွေ့ကြုံခဲ့ဖူးသူအနေနဲ့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ နားလည်းပါတယ်”လို့ ပြောပါတယ်။ 

 

ဆဟာရတောင်ပိုင်းနိုင်ငံတွေမှာ အသက် ၁၈ နှစ်မပြည့်မီ လက်ထပ်ထိမ်းမြားတဲ့ မိန်းကလေးငယ် အရေအတွက်မှာ သုံးပုံတစ်ပုံကျော် ရှိနေတဲ့အတွက် အဲဒီနိုင်ငံတွေရဲ့ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ချီပြီး ဆုံးရှုံးနေတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ လေ့လာတွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။ ဆဟာရတောင်ပိုင်း ၁၂ နိုင်ငံလောက်မှာ အမေရိကန်ဒေါ်လာ ၆၃ ဘီလီယံလောက် ဆုံးရှုံးတယ်လို့ ဆိုပါတယ်။ 

 

Girls Not Brides (သတို့သမီးမဟုတ် မိန်းကလေးငယ်များ) ဆိုတဲ့ အဖွဲ့ကလည်း လူမှုအဖွဲ့အစည်းပေါင်း ၁၀ဝ၀ ကျော်နဲ့ ဆက်သွယ်ချိတ်ဆက်ပြီး အစိုးရတွေကို အရွယ်မရောက်သေးသော မိန်းကလေးငယ်များ လက်ထပ်ထိမ်းမြားခြင်းကို ၂၀၂၃ အရောက်မှာ နိုင်ငံပေါင်း ၂၄ နိုင်ငံမှာ ပယ်ဖျက်ရန် ဆောင်ရွက်နေပါတယ်။ 

 

MDN
ကိုးကား- AFP

 

 

Share this on Social Media