အာဖဂန်နစ္စတန်တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် စစ်သွေးကြွ ၁၂ ဦးသေဆုံးပြီး ၁၈ ဦး ဖမ်းဆီးရမိ

၅ ဒီဇင်ဘာ

 

အာဖဂန်တပ်ဖွဲ့များက တာလီဘန်တို့ ပုန်းအောင်းရာ ပြည်နယ်များကို တိုက်ခိုက်ခဲ့ရာ တာလီဘန်စစ်သွေးကြွ ၁၂ ဦးသေဆုံးပြီး ၁၈ ဦး အသက်ရှင်လျက် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ အာရတ် နူရီ က ယနေ့ ပြောကြားခဲ့သည်။

 

ယမန်နေ့က တာလီဘန်တို့ ပုန်းအောင်းရာ ခိုဂျီအာနီ ခရိုင်ရှိ ကျေးရွာအများအပြားကို ပစ်မှတ်ထားပြီး ဝေဟင်၊ မြေပြင်စစ်ဆင်ရေး ပြုလုပ်ခဲ့ရာ တာလီဘန်စစ်သွေးကြွ ၁၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အစိုးရတပ်ဖွဲ့ တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။

 

အဆိုပါ ဖမ်းဆီးရမိသူ စစ်သွေးကြွ ၁၈ ဦးကို စုံစမ်းစစ်ဆေးရန်  ကဘူးလ်မြို့တော်သို့ ခေါ်ဆောင်သွားကြောင်း အစိုးရတပ်ဖွဲ့တာဝန်ရှိသူ က ပြောကြားခဲ့သည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး တာလီဘန် စစ်သွေးကြွများက တစ်စုံတစ်ရာ ထုတ်ဖော်ပြောကြားခြင်း မရှိကြောင်း သိရသည်။

 

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို

 

Share this on Social Media