နိုင်ငံတော်အလံ ဖုံးအုပ်ထားသည့် ဘုရှ်၏ ခေါင်းတလားအား ဟူစတန်သို့ ပြန်လည် ပို့ဆောင်

ဝါရှင်တန် ၆ ဒီဇင်ဘာ 

 

သမ္မတဟောင်း ဘုရှ်၏ ရုပ်အလောင်းအား တက္ကဆက်ပြည်နယ်နှင့် ဝါရှင်တန်တွင် ဂါရဝပြုထားရှိပြီးနောက် မြေမြှုပ် သင်္ဂြိုဟ်တော့မည်ဖြစ်သည်။ ဗုဒ္ဓဟူးနေ့က ဝါရှင်တန်တွင် နိုင်ငံတော်အဆင့် ဈာပနအခမ်းအနားကို ကျင်းပခဲ့ပြီး နိုင်ငံတော်အလံ ဖုံးအုပ်ထားသည့် ဘုရှ်၏ ခေါင်းတလားအား ဟူစတန်သို့ ပြန်လည် ပို့ဆောင်ခဲ့ပြီဖြစ်သည်။

 

 

မြှုပ်နှံသင်္ဂြိုဟ်မှုမပြုခင် ရုပ်အလောင်းအား ၎င်းဆယ်စုနှစ်များစွာ ဝတ်ပြုဆုတောင်းမှုပြုခဲ့သည့် စိန့် မာတင် အပစ်စကိုပယ်လ် ချာ့ချ်ကျောင်းတွင် ခေတ္တထားရှိသွားမည်ဖြစ်သည်။ 

 

ရုပ်အလောင်းကို ဧပြီလတွင်သေဆုံးသွားခဲ့သည့် ၎င်း၏ဇနီးဖြစ်သူနှင့် အသက် ၃ နှစ်အရွယ်မှာ လူကီးမီးယားရောဂါနှင့် သေဆုံးခဲ့သည့် သမီးဖြစ်သူတို့နှင့်အတူ သမ္မတ စာကြည့်တိုက်တွင် မြှုပ်နှံသွားမည်ဖြစ်သည်။ 

 

အောက်မေ့ဖွယ် အခမ်းအနားတွင် သမ္မတ ဒေါ်နယ်လ်ထရန့်နှင့် ဇနီး၊ သမ္မတဟောင်းများဖြစ်ကြသည့် ဘားရတ် အိုဘားမား၊ ဘီလ် ကလင်တန်၊ ဂျင်မီကာတာနှင့် ၎င်းတို့၏ ဇနီးများ တက်ရောက်ခဲ့ကြသည်။ 

 

 

“သမာဓိရှိရှိ တာဝန်ထမ်းဆောင်တဲ့ သမ္မတအဖြစ် ရှေ့ဆောင်လမ်းပြပေးခဲ့တယ်။ ရဲစွမ်းသတ္တိနဲ့ ဦးဆောင်ခဲ့တယ်။ နိုင်ငံနဲ့ ပြည်သူအတွက် သူ့နှလုံးသားထဲက မေတ္တာတရားနဲ့ ကြိုးပမ်း ဆောင်ရွက်ခဲ့တယ်။ သူက ကျွန်တော်တို့အတွက် အလင်းရောင်များစွာထဲကမှ အတောက်ပဆုံးပါပဲ” လို့ ၎င်း၏ သားဖြစ်သူ သမ္မတဟောင်း ဂျော့ဒဗလျူ ဘုရှ်က ပြောဆိုခဲ့သည်။ 

 

သမ္မတ ဒေါ်နယ်လ်ထရန့်ဟာလည်း ဘုရှ်သေဆုံးပြီးနောက် ဈာပနအခမ်းအနား မကျင်းပခင်က “ ဒီနေ့ဟာ တိုင်းပြည်ကို ဦးဆောင်ခဲ့တဲ့ ကြီးမြတ်သူတစ်ဦးအတွက် ကျင်းပတဲ့ အခမ်းအနားဖြစ်ပါတယ်။ သူ့ကို သတိရနေမှာပါ။ ” စသဖြင့် ၎င်း၏ တွစ်တာပေါ်တွင် ရေးသားခဲ့သည်။ 

 

 

ဈာပန အခမ်းအနားကိုလည်း တက်ရောက်ခဲ့ပြီး ထရန့်က သမ္မတဟောင်း အိုဘားမားနှင့် ဇနီးဖြစ်သူတို့ကို လက်ဆွဲနှုတ်ဆက်ခဲ့သည်။ သို့သော် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ ကာလက ၎င်း၏ ပြိုင်ဘက်ဖြစ်သူ ဟီလာရီ ကလင်တန်ကို လစ်လျူရှုထားခဲ့ပါသည်။ ဟီလာရီ ကလင်တန် ကိုယ်တိုင်ကလည်း သမ္မတ ဒေါ်နယ်လ် ထရန့်အား မျက်နှာလွှဲနေခဲ့ကြောင်း  သိရသည်။ ဈာပန အခမ်းအနားကို ဗြိတိန် တော်ဝင်မင်းသား ချားလ်စ်၊ ဂျာမန် ဝန်ကြီးချုပ် အင်ဂျလာမာကယ်လ်၊ ပိုလန် သမ္မတဟောင်း  လက်ချ် ဝလ်ဆာ၊ အမေရိကန် ဒုတိယသမ္မတများနှင့် အစိုးရအဖွဲ့ ရာထူးဂုဏ်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

ကွယ်လွန်သွားခဲ့သည့် သမ္မတဟောင်း ဂျော့ ဒဗလျူ ဘုရှ်သည် ဒုတိယကမ္ဘာစစ်အတွင်းက လေယာဉ်မှူးတစ်ဦးဖြစ်ပြီး ဗုံးကြဲ စစ်ဆင်ရေးတစ်ခုတွင် ၎င်းအား ပစ်ချခံခဲ့ရကာ သေလုနီးပါး ဖြစ်ခဲ့သည်။ ယင်းနောက် လွှတ်တော် အမတ်အဖြစ်လည်းကောင်း၊ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ်လည်းကောင်း၊  စုံးစမ်းထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲအဖြစ်လည်းကောင်း၊  သမ္မတ ရော်နယ်လ် ရီဂင်  လက်ထက်တွင် ဒုတိယ သမ္မတအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

 

SMZaw( MDN )
Source> AFP

 

 

Share this on Social Media