၂၀၁၈ ခုနှစ် မြန်မာ-တရုတ် နှစ်နိုင်ငံချစ်ကြည်ရေး မာရသွန်ပြိုင်ပွဲကြီး ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ကျင်းပမည်

မူဆယ်  ၆  ဒီဇင်ဘာ

 

၂၀၁၈ ခုနှစ် မြန်မာ-တရုတ်၊ မူဆယ်-ရွှေလီ နယ်စပ်ဖြတ်ကျော် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးကို "မာရသွန်တစ်ပြိုင်ပွဲ နှစ်နိုင်ငံပြေးခြင်း "ခေါင်းစဉ်ဖြင့် ကျယ်ခေါင်-မူဆယ်-ရွှေလီမြို့ ပြေးလမ်းကြောင်းအတိုင်း ဒီဇင်ဘာ ၃၁ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်မှ စတင်တာလွှတ်မည်ဖြစ်ကြောင်း သိရသည်။ 

 

 

အဆိုပါပြိုင်ပွဲတွင် အပျော်တမ်းအပြေးပြိုင်ပွဲ၊ တာလတ်မာရသွန်ပြိုင်ပွဲနှင့် မာရသွန်ပြိုင်ပွဲ စသည့်အမျိုးအစား ငါးမျိုးခွဲခြားကျင်းပမည်ဖြစ်ရာ အပျော်တမ်းပြိုင်ပွဲတွင် တစ်ဦးခြင်းနှင့် မိသားစုပြိုင်ပွဲပါဝင်မည်ဖြစ်သည်။ ၇ ဒသမ ၅ ကီလိုမီတာ အပျော်တမ်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၃၀၀၀ ၊ ၂၀ ဒသမ ၀၉၇၅ ကီလိုမီတာ တာလတ် မာရသွန်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၂၀၀၀ နှင့် ၄၂ ဒသမ ၁၉၅ ကီလိုမီတာ မာရသွန်ပြိုင်ပွဲကြီးတွင်  ပြိုင်ပွဲဝင် ၁၀၀၀ ဦး ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

 

 

သတ်မှတ်ပြေးလမ်းကြောင်းများအနေဖြင့် တရုတ်နိုင်ငံ ကျယ်ခေါင်ယဉ်ကျေးမှုကွင်းပြင်မှ စတင် တာလွှတ်မည်ဖြစ်ပြီး ပြိုင်ပွဲအမျိုးအစားအလိုက် လမ်းကြောင်းများ သတ်မှတ်ထားရာ မြန်မာနိုင်ငံ မူဆယ်မြို့သို့ ကျယ်ဂေါင်အလယ်ပေါက် (ရွှေနန်းတော်ဂိတ်) အား ဖြတ်သန်း၍ မူဆယ်မြို့တွင်း သတ်မှတ်လမ်းကြောင်း အတိုင်းပတ်ကာ တရုတ်နိုင်ငံ ရွှေလီမြို့ နှုံမော်ဟူးပန်းခြံတွင် ပြိုင်ပွဲဝင်အားလုံး ပန်းဝင်မည်ဖြစ်သည်။

 

" တစ်ပြိုင်ပွဲ နှစ်နိုင်ငံပြေးခြင်းဟာ မြန်မာ-တရုတ် နှစ်နိုင်ငံယဉ်ကျေးမှု အခြေခံတဲ့ ပွဲတော်ကြီးဖြစ်ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကြီးရဲ့ ဖွံ့ဖြိုးတိုးတက်မှု အသစ်တစ်ခုဖွင့်လှစ်နိုင်ခဲ့တယ်လို့ ပြောချင်ပါတယ်။ ဒါ့အပြင် ယဉ်ကျေးမှု၊ နှစ်နိုင်ငံကူးလူးဆက်ထံမှု ပိုမိုတိုးတက်လာမယ်။ 

 

ငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲလာမယ်။ တစ်ဇုန်တစ်လမ်းစီးပွားရေး တိုးတက်စေဖို့ တွန်းအားပေးရာ ရောက်စေမယ်။ ရှေးကတည်းက ဆွေမျိုးပေါက်ဖော် ခင်မင်ခဲ့ကြတာဖြစ်လို့ နှစ်နိုင်ငံအကြား ပိုမိုရင်းနှီးမှုကို အားကစားကတဆင့် ထပ်မံရလာမှာဖြစ်ပါတယ်" ဟု တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီ ပြန်ကြားရေးဝန်ကြီးဋ္ဌာန ဒုဝန်ကြီး ကျောက်ယွင်ဆန်က ပြောသည်။

 

မြန်မာ-မူဆယ်၊ တရုတ်-ရွှေလီ နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော် အပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီးကို ၂၀၁၇ ခုနှစ်က စတင်ကျင်းပခဲ့ရာ နိုင်ငံပေါင်း(၁၉)နိုင်ငံမှ ပြိုင်ပွဲဝင်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ယခုနှစ် ဒုတိယအကြိမ်ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ မာရသွန်ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည်ဟုဆိုသည်။

 

အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာန၊ မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့၊ တရုတ်နိုင်ငံပြေးခုန်ပစ်အဖွဲ့၊ ယူနန်ပြည်နယ်အားကစားဋ္ဌာန၊ တယ်ဟုန်တိုင်းပြည်နယ်ခွဲတို့မှ တာဝန်ရှိအဖွဲ့များက အဓိကဆောင်ရွက်ပေးပြီး မူဆယ်မြို့နယ်အစိုးရဋ္ဌာနများ၊ ရွှေလီမြို့ပြည်သူ့အစိုးရ၊ နှင့် စိန်ကျန်အားကစားကုမ္ပဏီတို့မှ အဓိကကူညီပံ့ပိုးပေးသည်။

 

ပြိုင်ပွဲတစ်ခုလုံးအတွက် ကုန်ကျစရိတ် တရုတ်ယွမ်ငွေ သိန်း ၉၀ ကို တရုတ်နိုင်ငံမှ ကျခံသုံးစွဲမည်ဖြစ်ပြီး မာရသွန်ပြိုင်ပွဲအတွက် ပထမဆုရရှိသူကို ယွမ် နှစ်သောင်းနှင့် ကျန်ပြိုင်ပွဲများတွင်အမျိုးအစားအလိုက် ပထမရှိသူကို ယွမ် ၈၀၀၀နှင့် ၆၀၀၀ သတ်မှတ်ထားပြီး မြန်မာနိူင်ငံသားများအတွက်သီးသန့်ချီးမြှင့်မည့် ပေါက်ဖော်ဆုအား ကနဦးပန်းဝင်သူ ဦးရေ ၅၀ ကို ဆုငွေ ယွမ် ၁၀၀ စီ ချီးမြှင့်မည် ဖြစ်သည်။

 

မြန်မာ မူဆယ်-တရုတ် ရွှေလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ဒီဇင်ဘာ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်က မင်္ဂလာမူဆယ်ရှင်းလင်းဆောင်ခန်းမတွင်ကျင်းပရာ မြန်မာနိုင်ငံမူဆယ်မြို့မှ ခရိုင်ဒုတိယအထွေထွေအုပ်ချုပ်ရေးမှူး ဦးဥက္ကာနှင့် ပြိုင်ပွဲနှင့်ပတ်သက်သည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံတယ်ဟုန်ပြည်နယ်ခွဲ ပါတီကော်မတီဝင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ပြည်နယ်ခွဲပါတီ ပြည်ပပြန်ကြားရေးရုံး တာဝန်ခံ ကျောက်ယွင်ဆန်၊ တယ်ဟုန်ပြည်နယ်ခွဲပါတီကော်မတီ ပြည်ပပြန်ကြားရေးရုံး အမြဲတမ်းဒုတိယတာဝန်ခံ ဖူးရှောက်ကျုံးတို့ ဦးဆောင်သည့် ရွှေလီမြို့ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တရုတ် ယူနန်ပြည်နယ်မှ သတင်းမီဒီယာများနှင့် မြန်မာနိုင်ငံမှ သတင်းမီဒီယာများ တက်ရောက်ကြကြောင်း သိရသည်။

 

ချစ်ကို

 

Share this on Social Media