တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ-၁၂ ပြိုင်ပွဲတွင် ရှမ်း(တောင်)၊ စစ်ကိုင်း၊ မကွေးနှင့် တနင်္သာရီအသင်း ကွာတားတက်

၆ ဒီဇင်ဘာ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် MFF Cup တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၂ ဘောလုံးပြိုင်ပွဲ အုပ်စုဆဌမနေ့ကို ယနေ့နံနက်နှင့် ညနေပိုင်းက သုဝဏ္ဏမြက်ခင်းတု ကွင်း၌ ဆက်လက်ကျင်းပရာ အုပ်စု (ခ) မှ ရှမ်း (တောင်) နှင့် စစ်ကိုင်း၊ အုပ်စု (ဃ) မှ မကွေးနှင့် တနင်္သာရီအသင်း ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။

 

နံနက်ပိုင်းက ကျင်းပသည့် အုပ်စု (ခ) နောက်ဆုံးနေ့ ပွဲစဉ်များတွင် ရှမ်း(တောင်) အသင်းက စစ်ကိုင်းအသင်းကို လေးဂိုး-ဂိုးမရှိ၊ ရှမ်း (မြောက်) အသင်းက ရခိုင်အသင်းကို ၁၃ ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အုပ်စုပထမနေရာအတွက် အဆုံးအဖြတ်ပွဲတွင် ရှမ်း(တောင်) အသင်းက စစ်ကိုင်းကို ဂိုးပြတ်အနိုင်ရခဲ့သည်။ အုပ်စု (ခ) ပွဲစဉ်များအပြီးတွင် ရှမ်း (တောင်) အသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ စစ်ကိုင်းအသင်းက ခြောက်မှတ်ဖြင့် အုပ်စုဒုတိယရကာ ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။ ညနေပိုင်းက ကျင်းပသည့် အုပ်စု (ဃ) နောက်ဆုံးနေ့ ပွဲစဉ်များတွင် မကွေးအသင်းက တနင်္သာရီအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး နေပြည်တော်နှင့် မွန်အသင်း ဂိုးမရှိသရေကျခဲ့သည်။ အုပ်စု (ဃ) ပွဲစဉ်များအပြီးတွင် မကွေးအသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ တနင်္သာရီအသင်းက လေးမှတ်ဖြင့် အုပ်စုဒုတိယ ရခဲ့သည်။

 

ဒီဇင်ဘာ ၇ ရက် (ယနေ့) တွင် အုပ်စု (က) ပွဲစဉ်များ ဆက်လက်ကျင်းပမည်ဖြစ်ပြီး နံနက် ၈ နာရီတွင် ရှမ်း (အရှေ့) နှင့် ပဲခူး၊ ကယားနှင့် ကရင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

သတင်း-ရဲရင့်ရှိုင်း

Share this on Social Media