ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘော မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော်  ၆  ဒီဇင်ဘာ

 

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် နိုင်ငံတကာမှ ခရီးသွားဧည့်သည်များ  မြန်မာနိုင်ငံသို့ အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိရာ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော M.V Silver Discoverer မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် ခရီးစဉ်အပါအဝင် ပွင့်လင်းရာသီ၌ ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောများ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့က ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ နီလာအစည်းအဝေးခန်းမတွင် ကျင်းပသည်။

 

အစည်းအဝေးကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် ကြီးမှူးပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မွန်ပြည်နယ်အစိုးရအဖွဲ့၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များနှင့် အဆိုပါခရီးစဉ်အား တာဝန်ယူ စီစဉ်ဆောင်ရွက်မည့် ခရီးသွားကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ အစည်းအဝေးသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ခရီးလှည့်လည်ရေးလုပ်ငန်းလိုင်စင်ရယူထားသော Abercrombic & Kent Int’l Ltd ၏ အစီအစဉ်ဖြင့် ကမ္ဘာလှည့်ခရီးသည်တင်အပျော်စီးသင်္ဘော M.V Silver Discoverer ခရီးစဉ် မြန်မာနိုင်ငံကို လာမည့်ဖေဖော်ဝါရီ ၅ ရက်မှ မတ်လ ၅ ရက်အတွင်း ရန်ကုန်၊ မော်လမြိုင်၊ ငပလီကမ်းခြေတို့၌ ဆိုက်ကပ်ဝင်ထွက်ပြီး သင်္ဘောပေါ်ပါရှိလာသည့် နိုင်ငံခြားသင်္ဘောခရီးသည်များ ကမ်းခြေကို တက်ရောက်လည်ပတ်ခွင့်ရရှိနိုင်ရေးအတွက် ကျင်းပပြုလုပ်သော ညှိနှိုင်းအစည်းအဝေးဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း၌ မြန်မာနိုင်ငံသို့ ယခုလို ကမ္ဘာလှည့်ခရီးသည်တင်အပျော်စီးသင်္ဘောခရီးစဉ် ခေါက်ရေ (၂၀) တွင် နိုင်ငံခြားသား ခရီးသည် (၂၀၇၁၄) ဦးနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ ခရီးစဉ် ခေါက်ရေ (၂၃) ခေါက်တွင် နိုင်ငံခြားသားခရီးသည် (၂၁၇၅၇) ဦး ဝင်ရောက်ခွင့်ရရှိခဲ့ပြီး ထိုခရီးစဉ်များ အဆင်ပြေချောမွေ့စွာ ဝင်ရောက်ခွင့်ရရှိနိုင်ရေးအတွက် သက်ဆိုင်ရာဌာနအသီးသီးက ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊အစည်းအဝေးသို့ တက်ရောက်လာကြသော သက်ဆိုင်ရာဌာနဆိုင်ရာများနှင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ကိုယ်စားလှယ်များသည် ခရီးသွားကုမ္ပဏီများက အပျော်စီးသင်္ဘောခရီးစဉ်များ ဝင်ရောက်ခွင့် တင်ပြဆောင်ရွက်ရာတွင် သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်သည့် စည်းမျည်း၊ စည်းကမ်း၊ အမိန့်များကို ရှင်းလင်းဆွေးနွေးပေးစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက်အမြဲတမ်းအတွင်းဝန် ဦးဗရတ်ဆင်းက အစည်းအဝေးသို့တက်ရောက်လာကြသည့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ အနေဖြင့် visa ကိစ္စများ၊ သင်္ဘောကို ဆိပ်ကမ်းများတွင် ဆိုက်ကပ်ခွင့်ကို ခွင့်ပြုပေးနိုင်မှုအခြေအနေများ၊ လုံခြုံရေးအရခွင့်ပြုပေးနိုင်မှုအခြေအနေများ၊ သင်္ဘောဆိုက်ကပ်မည့် နေရာဒေသအလိုက်ပေးဆောင်ရန် သတ်မှတ်ထားသည့် အခွန်အခနှုန်းထား ကိစ္စများကို ဆွေးနွေးပေးကြပါရန်နှင့် တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့တို့မှ ကိုယ်စားလှယ်များကလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အလိုက် သဘောထားများကို ပြည့်ပြည့်စုံစုံညှိနှိုင်းဆွေးနွေးပေးကြ စေလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် ခရီးသွားကုမ္ပဏီများမှ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် သတ်မှတ်ထားသောမူဝါဒ၊ လုပ်ထုံးလုပ်နည်းများ၊ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ တာဝန်ရှိသူများက ကမ္ဘာလှည့်ခရီးသည်တင် အပျော်စီးသင်္ဘောများ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခရီးစဉ် ဆောင်ရွက်မှုများကို စနစ်တကျ စီစဉ်ကာ ကြိုတင်တင်ပြနိုင်ရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ဌာနများနှင့် ညှိနှိုင်းပေါင်းစပ်စေရေးနှင့် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)

 

Share this on Social Media